အိပ်ခန်း (၁၇) ခန်း ပါဝင်တဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးကို N0tail ဝယ်ယူထား

 

TI ၂ နှစ်ဆက် ချန်ပီယံဟောင်းတစ်ဦး​​ဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံး Esports ကစားသမားများထဲက တစ်ဦးလည်းဖြစ်သူ N0tail ဟာ ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့မှာ အိပ်ခန်း ၁၇ ခန်း ပါဝင်တဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဝယ်ယူထားကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ BBC က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ ဒီအကြောင်း ပါဝင်လာခဲ့တာဖြစ်ပြီး N0tail အနေနဲ့ ပြိုင်ပွဲများမှာ ရရှိခဲ့တဲ့ ဆုကြေးငွေများကို ဒီအိမ်ကြီးဝယ်ယူရာမှာ အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

ဒီအိမ်ကြီးကို မွန်းမံပြင်ဆင်မှုများနဲ့ ပရိဘောဂပစ္စည်း ဝယ်ယူမှုများအတွက် ယူရို ၄ သိန်းကျော် (ဒေါ်လာ ၅ သိန်းနီးပါး) အသုံးပြုခဲ့ပြီးဖြစ်တယ်လို့ N0tail က ဆိုပါတယ်။ ဇိမ်ခံအိမ်ကြီးနဲ့ ပတ်သက်တဲ့ စုစုပေါင်း ကုန်ကျငွေဟာ ဒေါ်လာ တစ်သန်းခွဲနီးပါးခန့်ရှိခဲ့ပြီး နောက်ထပ် ဒေါ်လာ ၃ သိန်းခွဲ ထပ်သုံးဖို့ အစီအစဥ် ရှိကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ပြိုင်ပွဲ​များကနေ N0tail ဆွတ်ခူးနိုင်ခဲ့တဲ့ ဆုကြေးငွေပမာဏဟာ ဒေါ်လာ ၇.၄ သန်း​ကျော် ရှိတယ်လို့ အများက ခန့်မှန်းထားကြပါတယ်။ ဒီပမာဏဟာ ဆုကြေးငွေသက်သက်သာဖြစ်ပြီး စပွန်ဆာများ၊ OG အသင်းခေါင်းဆောင်အဖြစ် ရပိုင်ခွင့်များ စ တာတွေကနေ ရရှိတဲ့ ဝင်ငွေများကို ထည့်မတွက် ထားတာကြောင့် N0tail ဟာ ထင်ထားတာထက် ပိုပြီးချမ်းသာနိုင်ပါတယ်။

ပူနွေးတဲ့ရာသီဥတုကို နှစ်သက်တဲ့အတွက် ဒိန်းမတ်ကနေ ယခုအိမ်ကြီးရှိရာကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်လို့ N0tail က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ EPIC League အတွက် OG အသင်းရဲ့ စခန်းသွင်းပြင်ဆင်မှုများကို N0tail ရဲ့ အိမ်ကြီးအတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် N0tail ဟာ သူ့ရဲ့ ငယ်စဥ်ဘဝ ဂိမ်းကစားခဲ့တဲ့ အတွေ့အကြုံများနဲ့ Dota 2 pro ကစားသမားဘဝ အတွေ့အကြုံအချို့အကြောင်းကိုလည်း အင်တာဗျူးအတွင်း ပြောသွားခဲ့ပါတယ်။ Esports လောကအတွင်းက အချမ်းသာဆုံး Dota 2 ကစားသမားဖြစ်သူ N0tail ရဲ့ ထူးခြားတဲ့ ငွေကြေးသုံးစွဲမှု အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, BBC

https://www.bbc.com/news/av/technology-55668397