Twitch က ban ရခြင်းအကြောင်းအရင်းကို ယခုအချိန်ထိ မသိဟု Dr. Disrespect ဆို

 

နာမည်ကြီး streamer တစ်ဦးဖြစ်တဲ့ Dr. Disrespect ကို Twitch က ban သွားခဲ့တာ ယခုဆိုရင် တစ်လနီးပါးခန့်ရှိသွားခဲ့ပါပြီ။ ယင်းကိစ္စဖြစ်ပြီးချိန်တည်းက ပျောက်ကွယ်နေခဲ့တဲ့ Dr. Disrespect ဟာ မကြာသေးမီကတော့ CNN, Washington Post နဲ့ PC Gamer တို့မှာ အင်တာဗျူးများ ဖြေကြားထားခဲ့ပါတယ်။

မတူညီတဲ့ ယင်းအင်တာဗျူး ၃ ခုဟာ တစ်နေ့တစ်ရက်တည်းမှာ ထွက်ပေါ်လာခဲ့တာပါ။ ထူးခြားချက်ကတော့ Dr. Disrespect ဟာ သူ ဘာလို့ ban ခံရလဲဆိုတာမသိကြောင်းနဲ့ Twitch က ပြောကြားခြင်းလည်း မရှိကြောင်းတို့ကို တူညီစွာ ထပ်ဖန်တလဲလဲ ဖြေကြားထားခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာဗျူးများအတွင်း Dr. Disrespect က သူ့အနေနဲ့ ban ခံရမှန်း စ သိချိန်မှာ အတော်အံ့သြသွားကြောင်း၊ အလုပ်ကိုရောက်သွားတဲ့အချိန် တံခါးပိတ်ထားလို့ အထဲဝင်ခွင့်မရတဲ့ အခြေအနေမျိုးဖြစ်သွားခဲ့ကြောင်း၊ နောက်ပိုင်းမှာ အလုပ်ထုတ်ခံရမှန်း သိလိုက်ရပေမယ့် အကြောင်းအရင်းကိုတော့ မသိရတဲ့ပုံစံ ဖြစ်လာကြောင်း၊ အဆိုးရွားဆုံးခံစားချက်တစ်ခုဖြစ်ကြောင်း စ သဖြင့် ဖြေကြားသွားခဲ့ပါတယ်။

 

Twitch က သူ့ကို ban မှာဖြစ်ကြောင်း ကြိုတင် သတိပေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသလို ban ပြီးချိန်မှာလည်း အကြောင်းပြချက်ပေးခဲ့ခြင်း မရှိကြောင်းကိုလည်း Dr. Disrespect က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် သူ ban ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူအများရဲ့ ထင်မြင်ယူဆပြောကြားချက်များကို မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒါတွေကို အလေးအနက်မထားကြောင်း စ သဖြင့်လည်း ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Dr. Disrespect ဟာ stream လောကကို ပြန်လာဖို့ အာရုံစိုက်ထားကြောင်း၊ stream ပလက်ဖောင်းရွေးချယ်မှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်များကိုတော့ မပြုလုပ်ရသေးပေမယ့် Twitch ကိုတော့ ပြန်လာမှာ မဟုတ်ကြောင်း၊ Doc 3.0 အနေနဲ့ ပြန်လည်တွေ့မြင်ရဖို့ ပရိသတ်များ မျှော်လင့်ထားနိုင်ကြောင်း စ တာတွေကိုလည်း ဖြေကြားသွားခဲ့ပါတယ်။

Dr. Disrespect ဟာ အင်တာဗျူးများအတွင်းမှာ အပေါ်ယံလောက်သာ ဖြေကြားခဲ့ပြီး အရေးကြီးအချက်အလက်များကို ချန်လှပ်ထားခဲ့ကြောင်း ပရိသတ်များက ယူဆနေကြပါတယ်။ အချို့ကလည်း Mixer ပေါ်က ထွက်ခွာသွားတဲ့ နာမည်ကျော် streamer များနဲ့အတူ ပြန်လည်ပေါ်ထွက်လာမှာဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။ လျို့ဝှက်မှုများနဲ့အတူ Dr. Disrespect ကို ဘယ်လိုပုံစံပြန်လည်မြင်တွေ့ကြရမယ် ဆိုတဲ့ကိစ္စဟာ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: CNN, Washington Post, PC Gamer