[Unicode]

Twitch ပေါ်ကို အထူးသီးသန့်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ Ninja

 

ကမ္ဘာ့ထိပ်တန်း streamer များထဲက တစ်ဦးဖြစ်သူ Ninja ဟာ Twitch ပေါ်မှာ ပုံမှန် stream ပြန်လွှင့်တော့မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ သူဟာ Twitch နဲ့ အထူးသီးသန့်စာချုပ်ချုပ်ဆိုကာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ Ninja ရဲ့ ပုံမှန် stream များကို Twitch ပေါ်မှာ ကြည့်ရှုနိုင်နေပါပြီ။

ရှေးယခင်နှစ်များမှာတည်းက Twitch streamer တစ်ဦးဖြစ်ခဲ့တဲ့ Ninja ကို ပြီးခဲ့တဲ့နှစ် ၂၀၁၉ သြဂုတ်လအတွင်းမှာတော့ Mixer က ခေါ်ယူသွားခဲ့ပါတယ်။ ဒါပေမယ့် Mixer ဟာ ပြီးခဲ့တဲ့လပိုင်းများအတွင်းမှာ အပြီးဖျက်သိမ်းသွားပြီဖြစ်တဲ့အတွက် Ninja ဟာ လွတ်လပ်သွားပြီး နှစ်သက်ရာ streaming ပလက်ဖောင်းပေါ်ကို ယခုလို ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။

Mixer ပေါ်ကို မပြောင်းရွှေ့စဉ်အချိန်တည်းက Ninja ဟာ Twitch ပေါ်မှာ follower အများဆုံး streamer အဖြစ်ရပ်တည်နေနိုင်ခဲ့ပြီး ပြောင်းရွှေ့သွားခဲ့စဉ်မှာတောင် သူ့ရဲ့ ချန်နယ်မှာရှိတဲ့ follower အရေအတွက်ကို ကျော်လွန်နိုင်သူ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် Ninja အနေနဲ့ သူအောင်မြင်ခဲ့ဖူးတဲ့ Twitch ပေါ်ကို ပြန်လည်ရောက်ရှိလာခြင်းဟာ မထူးဆန်းလှကြောင်း ပရိသတ်အချို့က ဝေဖန်သုံးသပ်ကြပါတယ်။

လက်ရှိအချိန် Twitch ပေါ်မှာ follower ၁၅ သန်းကျော်သွားပြီးဖြစ်တဲ့ Ninja အတွက် Twitch ရဲ့ အထူးသီးသန့်စာချုပ်အကြောင်းကိုတော့ ထုတ်ဖော်ကြေညာထားခြင်း မရှိပါဘူး။ Mixer ဆီ ခေါ်ယူခဲ့စဉ်ကတော့ Microsoft ဟာ Ninja ကို ဒေါ်လာ သန်း ၂၀ နဲ့ သန်း ၃၀ ကြား ပမာဏနဲ့ ကမ်းလှမ်းခဲ့ရတာဖြစ်ကြောင်း Forbes က ခန့်မှန်းခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်အတွင်း Ninja ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၇ သန်းကျော်ခန့်ရှိခဲ့ကြောင်းကိုလည်း Forbes က ခန့်မှန်းခဲ့ဖူးပါသေးတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ninja ကို လက်ရှိမှာတော့ Adidas နဲ့ Red Bull တို့က အဓိက စပွန်ဆာပေးထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခန့်က Ninja ဟာ နာမည်ကျော်ရက်ပ်အဆိုတော် Drake နဲ့အတူ Fortnite ကစားပြခဲ့ဖူးပြီး ယင်း stream ဟာ ကြည့်ရှုသူပေါင်း ၆၃၅,၀၀၀ ကျော် ရရှိခဲ့ဖူးပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Twitch ရဲ့ content ပိုင်းဆိုင်ရာ စီနီယာဒုဥက္ကဌဖြစ်သူ Michael Aragon က “Twitch ပေါ်ကို Ninja ပြန်ရောက်လာလို့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ Ninja ဟာ ဂိမ်းလောကထဲမှာ အလွန်ထင်ရှားစွာ အားကောင်းပြီး ဂိမ်းဈေးကွက်နဲ့ ရေစီးကြောင်းတစ်ခုလုံးကိုပါ တိုးတက်လာစေအောင် သက်ရောက်မှုရှိတဲ့ သူတစ်ယောက်ပါ။ ဂိမ်းနဲ့ မရင်းနှီးတဲ့သူများတောင် ဂိမ်းလောကအသိုင်းအဝိုင်းအကြောင်းကို Ninja ကြောင့် သိရှိလာတတ်ကြပါတယ်။ ယခုအချိန်မှာ Ninja ပြန်လည် စတင်နေပါပြီ” လို့ ပြောသွားခဲ့ပါတယ်။

Ninja ကတော့ Twitch ပေါ်ကို ပြန်လည်ရောက်ရှိလာခြင်းနဲ့ ပတ်သက်လို့ “ကျွန်တော်ကို အမြဲအားပေးလာကြတဲ့ ပရိသတ်တွေဆီကို အချိန်ပြည့် streamer တစ်ဦးအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာနိုင်လို့ ဝမ်းသာပါတယ်။ အကောင်းဆုံး streaming ပလက်ဖောင်းကို ရှာဖွေဖို့အတွက် ကျွန်တော်အချိန်အများကြီးယူခဲ့ပါတယ်။ ဒီအတောအတွင်းမှာ Twitch ဟာ ကျွန်တော့်ကို အမြဲဖေးမပေးခဲ့ပြီး ကျွန်တော်လိုချင်တဲ့ အရာများ အကြောင်းကို လည်း နားလည်ပေးခဲ့ပါတယ်။

NEW YORK, NEW YORK – FEBRUARY 05: Tyler Blevins poses for a photo outside after the unveiling of the MLS/Adidas 2020 Club Jersey’s Penn Plaza Pavilion on February 05, 2020 in New York City. (Photo by Michael Owens/Getty Images)

“နောင်အနာဂတ်မှာတော့ ကျွန်တော်ဟာ လူသိနည်းနေသေးတဲ့ creator တွေကို မြေတောင်မြှောက်ပေးပြီး ကြည့်ရှုသူပိုများလာအောင် လုပ်ပေးချင်ပါတယ်။ Twitch နဲ့အတူတကွ ပူးပေါင်းလုပ်ကိုင်ရင်း ဒီဂိမ်းလောအသိုင်းအဝိုင်းကြီးဟာ အလွန်အဓိပ္ပာယ်ရှိပြီး ကောင်းမွန်လှကြောင်းကို ပြသသွားမှာပါ” လို့ ပြောသွားခဲ့ပါတယ်။ ပရိသတ်များအနေနဲ့ Ninja ရဲ့ stream များကို Twitch ပေါ်မှာ ရှေးယခင်ကလိုပဲ အားပေးကြည့်ရှုနေနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။