ဘောလုံးမှာ ကျွမ်းပြီး Dota မှာလည်း စွမ်းတဲ့ Nikobaby – Player Profile

 

Nikobaby ဟာ ဘူဂေးရီးယား နိုင်ငံသားတစ်ယောက်ဖြစ်ပြီး မေလ၂၇ရက်နေ့မှာတော့ ၂၄ နှစ်ပြည့်မှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်က Esports professional ဘဝကို သွားမယ်လို့ သူ့ကိုယ်သူမထင်ခဲ့ပါဘူး။ သူ့မှာ သာမန်ကွန်ပျူတာတစ်လုံးတောင် မရှိခဲ့ပါဘူး။ သူဟာ ငယ်စဥ်က အားလပ်ချိန်တိုင်း ဘောလုံးပဲ ကန်လေ့ရှိပါတယ်။ ဘောလုံးကစားရာမှာကောင်းမွန်ခဲ့ပြီး လူငယ်ဘောလုံးအသင်းအချို့ ခေါ်ယူခြင်းကိုတောင် ခံခဲ့ရပါတယ်။

Nikobaby ဟာ ၁၅ နှစ်ရွယ်မှာ Dota နဲ့ စတင် သိကျွမ်းလာခဲ့ပါတယ်။ Esports ကနေ ငွေရှာမယ်လို့ ပြောတုန်းက သူငယ်ချင်းတွေဆီကနေ အလှောင်ပြောင်ခံခဲ့ရပြီး မိဘတွေကလည်း နားလည်မပေးခဲ့ပါဘူး။ အခုချိန်မှာတော့ သူဟာ Total Earnings $266,415 ကို ရရှိခဲ့ပြီးပါပြီ။ သူ့ရဲ့ professional life ကို ၂၀၁၄ လောက်မှာ ဘူဂေးရီးယားအသင်းသားငါးယောက်နဲ့ စတင်ခဲ့ပါတယ်။ အဲဒီအချိန် သူ့ရဲ့အသက်ဟာ ၁၇ နှစ်သာ ရှိပါသေးတယ်။

သူ့ဘဝတစ်လျှောက်လုံး အကောင်းဆုံးကြိုးစားကစားဖို့ပဲ အာရုံစိုက်လေ့ရှိတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ စဆော့ကတည်းကနေ အခုအချိန်ထိ carry role တစ်ခုတည်းကို စွဲစွဲမြဲမြဲကစားနေတုန်းပါပဲ။ MinD ContRoL နဲ့ နိုင်ငံအတူတူဖြစ်ပြီး Basically Unknown အသင်းမှာ ခဏတာ တွဲပြီးကစားခဲ့ဖူးပါသေးတယ်။ Europe အသင်းအချို့မှာ ထပ်ကစားခဲ့ပေမယ့်လည်း အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့ပါဘူး။

Nikobaby ရဲ့ ပြောင်းလဲစွန့်စားမှုကြီးကတော့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှာ ထိုင်းအခြေစိုက်အသင်းတစ်သင်းဖြစ်တဲ့ Clutch Gamers ကို ရောက်ရှိလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့လက်စွမ်းတွေဟာ SEA မှာတော့ တော်တော်လေးကောင်းမွန်နေခဲ့ပြီး အားလုံးက စောင့်ကြည့်နေရတဲ့ ကစားသမား တစ်ယောက်ဖြစ်လာပါတယ်။

Clutch Gamers, Warriors Gaming.Unity တို့လို Tier2 အသင်းတွေမှာ ကစားခဲ့တယ်ဆိုပေမယ့် Tier1 Carry လောက် ကောင်းမွန်တယ်လို့ တော်တော်များများဟာ လက်ခံထားကြပါတယ်။ အဲဒီနောက်မှာတော့ Mineski အသင်းကို ထပ်မံပြောင်းရွေ့ခဲ့ပါတယ်။ Nikobaby ဟာ Mineski အသင်းနဲ့ ပထမဆုံး TI9 မှာ စဆော့ခဲ့ရတာပဲဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Lower Bracket Round 2 မှာ Team Secret ကို 2-1 ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ TI မှာတော့ Nikobaby ဟာ လက်စွမ်းပြခဲ့ပြီး အသင်းတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

၂၀၁၉ အောက်တိုဘာလမှာတော့ Alliance ရဲ့ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ လူစာရင်းမှာ Nikobaby ပါဝင်လာခဲ့ပါတယ်။ ဒါဟာ Nikobaby အတွက် အအောင်မြင်ဆုံး ပြောင်းလဲမှုတစ်ခုလို့ဆိုရမှာပါ။ Nikobaby ပွဲဦးထွက်ကစားခဲ့တဲ့ Dream League Season 12 မှာပဲ ပထမ ရရှိခဲ့ပါတယ်။ Starladder, ESL One, OGA Dota PIT S2 တို့လို ပွဲတွေမှာ Final အထိ တက်ရောက်နိုင်ခဲ့ပြီး ဒုတိယ သုံးကြိမ် ရရှိခဲ့ပါတယ်။

Epic Leauge Division 1 မှာတော့ ရလဒ်ဆိုးတွေနဲ့ ထွက်သွားခဲ့ရပြီး Division 2 မှာ ပထမရရှိခဲ့ပါတယ်။ Dream Leauge Season 14 DPC EU Upper Division မှာလည်း ဒုတိယရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပြီး DPC points 300 ကို ရရှိခဲ့ပါတယ်။ Singapore Major မှာတော့ Alliance ဟာ ရလဒ် ဆိုးရွားခဲ့ပြီး အစောဆုံး ထွက်ခွာသွားရတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။

 

အခု ဆော့ကစားနေတဲ့ Dream Leauge Season 15 DPC WEU မှာတော့ Alliance ဟာ လုံးဝ ထင်မထားတဲ့လက်စွမ်းတွေကို ပြသနေပါတယ်။ အထူးသဖြင့် Nikobaby ရဲ့ ကစားပုံတွေဟာ ဒီပြိုင်ပွဲမှာ ကောင်းမွန်လွန်းနေပါတယ်။ Secret, Nigma, Liquid, OG အသင်းတို့ကို 2-1 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိသေးတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်။ Nikobaby ကို ဒီပြိုင်ပွဲမှာတော့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်နေကြတာကိုလည်း တွေ့ရပါတယ်။

Nikobaby ရဲ့ ကစားပုံဟာ aggressive အရမ်းဖြစ်ပြီး အမှားနည်းနည်းနဲ့ ရဲရဲတင်းတင်း ဆော့ကစားနိုင်တဲ့ ပုံစံပါ။ အသင်းက Farming Space ပေးရတာ အရမ်းတန်တဲ့ Carry ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်ခါတရံ Late Game တွေမှာ တစ်ယောက်တည်း ရုန်းရတာတွေလည်း ရှိတတ်ပါတယ်။ Carry players တွေထဲမှာတော့ Nikobaby ဟာ အတော်လေးယုံရတဲ့ Carry တစ်ယောက်ဖြစ်ပြီး နိုင်ပွဲရဖို့ဆို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အစွမ်းကုန်ကြိုးစားပြီး ဆော့တတ်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ lifestyle ပုံစံကတော့ တက်တူးအပြည့်နဲ့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနေတတ်ပြီး Twitch မှာ Dota 2 Streaming လုပ်ရင် Rap သီချင်းတွေ ဖွင့်ထားတာလည်း တွေ့ရပါတယ်။ Nikobaby ရဲ့ Carry ကစားပုံတွေကို သင်ယူချင်တယ်ဆိုရင်လည်း GAMERZCLASS မှာ တစ်လ 10$ နဲ့သင်ယူနိုင်ပါသေးတယ်။

#ArrPu