သက်တမ်းတစ်လျှောက် အချိန်အကြာမြင့်ဆုံး ကစားသူဆက်တိုက်လျော့နည်းလာနေတဲ့ Dota2

 

ခေတ်ဟောင်း MOBA ဂိမ်းဝါသနာရှင်အမြောက်အများ အလွန်နှစ်ခြိုက်ခဲ့ကြတဲ့ Dota 2 ဟာ အခြားဂိမ်းများထက် ရှုပ်ထွေးဆန်းပြားတဲ့ ကစားနည်းကစားဟန်များကြောင့်ရော ကမ္ဘာ့ဆုကြေးငွေ အများဆုံး The International ပြိုင်ပွဲကြီးများကြောင့်ပါ Esports လောကအလယ်မှာ အလွန် လူသိများပြီး ထင်ရှားလှပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ Dota 2 ဟာ အချိန်ကြာမြင့်စွာ ကစားသူ ဆက်တိုက် လျော့နည်းလာနေတဲ့ ပြဿနာကို ရင်ဆိုင်ရလျက်ရှိပါတယ်။

လူအများအိမ်တွင်းအောင်းပြီး ဂိမ်းကစားနေကြတဲ့ ယခုလိုအချိန်မှာတောင် Dota 2 ကစားသူများ လျော့နည်းလာခြင်းဟာ ဂိမ်းအတွက် စိုးရိမ်ဖွယ်ကောင်းတဲ့အခြေအနေတစ်ခုပါ။ Steam Chart ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ယခုနှစ် မေလက စ လို့ Dota 2 ကစားသူ ၁.၈၅ ရာခိုင်နှုန်း စတင် လျော့ကျလာခဲ့တာ ဖြစ်ပြီး ဇွန်လမှာ ၅.၅၈ ရာခိုင်နှုန်း၊ ဇူလိုင်လမှာ ၁.၅၂ ရာခိုင်နှုန်း၊ သြဂုတ်လမှာ ၄.၅၅ ရာခိုင်နှုန်းနဲ့ စက်တင်ဘာလမှာ ၄.၉၁ ရာခိုင်နှုန်းစီ ဆက်လက်လျော့ကျလာခဲ့ပါတယ်။

ယခုအချိန်ထိလည်း Dota 2 ကစားသူများ ဆက်လက်လျော့ကျနေဆဲဖြစ်ပြီး လက်ရှိမှာ ပျမ်းမျှ ကစားသူအရေအတွက် ၄ သိန်းခန့်သာ ကျန်ရှိပါတယ်။ Dota 2 ဟာ Covid-19 ရဲ့ ရိုက်ခတ်မှုများ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ယခုနှစ် ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဧပြီလများမှာ ကစားသူ အရေအတွက် မြင့်တက်ခဲ့သေးပေမယ့် ဧပြီလအကုန်က စလို့ ၅ လဆက်တိုက် လျော့ကျလာခဲ့ဖြစ်ပြီး ဂိမ်းရဲ့ သက်တမ်းတစ်လျှောက် ယခုလောက် အချိန်ကြာမြင့်စွာ ကစားသူလျော့နည်းလာတာမျိုး ယခင်က မရှိခဲ့ဖူးပါဘူး။

The International 2020 (TI10) ကို ယခုနှစ်အတွင်း မကျင်းပနိုင်ခဲ့ခြင်းက Dota 2 ကစားသူ လျော့နည်းလာရခြင်းရဲ့ အဓိကပြဿနာဖြစ်တယ်လို့ လူအများက ယူဆကြပါတယ်။ Valve ဟာ LAN ပြိုင်ပွဲများပိတ်ပင်ခံထားရတဲ့ လက်ရှိအခြေအနေကြောင့် မူလက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှ ကျင်းပဖို့ စီစဉ်ထားတဲ့ TI10 ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပြီး ယခုအချိန်အထိလည်း ပြန်လည်ကျင်းပမယ့် အချိန်စာရင်းအတိအကျကိုကြေညာထားခြင်း မရှိသေးပါဘူး။

Original TI10 Schedule

DPC season သစ် စတင်ဖို့ ခက်ခဲနေမှုနဲ့ မသေချာမရေရာတဲ့ကြေညာချက်များကလည်း Dota 2 ကစားသူလျော့နည်းလာရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။ Valve က ပြုလုပ်ခဲ့တဲ့ နောက်ဆုံး ကြေညာချက်အတွင်းမှာ ယင်းတို့အနေနဲ့ နိုင်ငံတကာကစားသမားစုံလင်စွာ မပါဝင်တဲ့ DPC season သစ်ကို မ စတင်လိုသေးပဲ နောက်နှစ်အစောပိုင်းလောက်အထိ စောင့်ဆိုင်းဦးမှာဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။

MMR နဲ့ medal စနစ်ကလွဲလို့ ကစားသူများအတွက် အခြားစိန်ခေါ်မှုကြီးကြီးမားမား မရှိတဲ့ Dota 2 ရဲ့ သဘောသဘာဝ ကလည်း ကစားသူများကို အခြားဂိမ်းဆီ ရွှေ့ပြောင်းသွားစေပါတယ်။ ဂိမ်းတွင်း toxic ဖြစ်သူများပြားမှု၊ အခမဲ့ရရှိနိုင်မယ့် item မရှိသလောက်နည်းပါးမှု၊ အခြားဂိမ်းများနဲ့ နှိုင်းယှဉ်ရင် event နည်းပါးမှု စ တာတွေကလည်း Dota 2 မှာ ကစားသူလျော့နည်းလာစေတဲ့အချက်များဖြစ်ကြပါတယ်။

ယခင်ကတော့ Dota 2 မှာ ကစားသူ လျော့နည်းသွားရင် Valve ရဲ့ အခြားဂိမ်းတစ်ခုဖြစ်တဲ့ CS:GO မှာ ကစားသူ များပြားလာလေ့ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ CS:GO ဟာလည်း ယခုနှစ် မေလက စလို့ Dota 2 နည်းတူ ကစားသူဆက်တိုက်လျော့ကျလျက်ရှိပြီး သြဂုတ်လအတွင်းမှာ ကစားသူ ၂.၂၅ ရာခိုင်နှုန်း ပြန်လည်ရရှိခဲ့တာလွဲရင် ယခုအချိန်အထိလည်း ဆက်လက်လျော့ကျလျက်ရှိနေပါတယ်။

ယခုနှစ်အတွင်း TI10 ကျင်းပတော့မှာ မဟုတ်သလို DPC season သစ်လည်း စတင်ဦးမှာ မဟုတ်လို့ နှစ်ကုန်ဆုံးချိန်အထိတောင် Dota 2 ကစားသူများ ဆက်လက်လျော့နည်းလာနိုင်ပါတယ်။ Dota 2 ချစ်သူ ပရိသတ်များ ကတော့ ဒီပြဿနာကို Valve က ကိုင်တွယ်ဖြေရှင်းလာစေဖို့ မျှော်လင့် စောင့်စားလျက် ရှိကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: steamchart