Female Hero အသစ်ကို 7.28 Patch နဲ့အတူထုတ်ပေးသွားမယ်လို့ကြေညာလိုက်တဲ့ Dota2

 

Dota2 နဲ့ပတ်သတ်ပြီး အချိန်အတော်အကြာရေငုံနှုတ်ပိတ်နေခဲ့တဲ့ Valve ကတော့ ဒီနေ့မှာပဲ Dota Plus Update, 7.28 Patch နဲ့ DPC Season အသစ်ကျင်းပမယ့်ရက်တွေကို တစ်စုတစ်စည်းတည်း ကြေညာလိုက်ပါတယ်။ အဲဒီလို ကြေညာတဲ့အထဲမှာ နိုဝင်ဘာလကုန် မှာထုတ်ပေးဖို့လျာထားခဲ့တဲ့ Hero အသစ် အကြောင်းလည်း ပါဝင် ခဲ့တာကြောင့် Dota2 ကစားသမားတွေအတွက်တော့ သတင်းကောင်းတစ်ခုလို့ဆိုရမှာပါပဲ။

ပထမဦးဆုံးကြေညာခဲ့တဲ့ Dota Plus Update ကို ဒီဇင်ဘာ ၁ ရက်နေ့မှာထုတ်ပေးသွားမှာဖြစ်ပြီး Quest အသစ်တွေအပြင် Seasonal Treasure အသစ်ပါ ပါဝင်လာမှာဖြစ်ပါတယ်။ ခရစ္စမတ်စ်ရာသီဖြစ်တာကြောင့် အသစ်ထွက်လာမယ့် Treasure အသစ်ဟာ ခရစ္စမတ်စ် Theme ဖြစ်ဖို့ကတော့ သေချာသလောက်နီးနီးရှိတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် Dota Plus Subscriber တွေအနေနဲ့ မိမိမသင်္ကာတဲ့ကစားပွဲတွေကို စိစစ်ပေးပြီး Performance မကောင်းတဲ့ကစားသမားတွေကို ဖော်ထုတ်ပေးနိုင်မယ့် tool အသစ်ကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Valve ဟာ အရင်လတွေကတည်းက ကြေညာထားခဲ့တဲ့ Hero အသစ်ကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပေးဖို့ လျာထားခဲ့ပေမယ့်လည်း လက်စသတ်ဖို့အနည်းငယ်လိုနေသေးတာကြောင့် 7.28 Gameplay Update နဲ့အတူ ဒီဇင်ဘာလလယ်လောက်မှ ထုတ်ပေးသွားတော့မှာပါ။ သူတို့ရဲ့ထုတ်ပြန်ချက်မှာ Hero အသစ်ကို “she” လို့ သုံးစွဲခဲ့တာကြောင့် Female Hero ဖြစ်ဖို့က အသေအချာပါပဲ။

နောက်ဆုံးကြေညာခဲ့တာကတော့ DPC Season အသစ်နဲ့ပတ်သတ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် ၂၀၂၀ တစ်နှစ်လုံးနီးပါး DPC ပြိုင်ပွဲတွေအပြင် ဆွီဒင်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ The International ပြိုင်ပွဲကြီးကိုပါ မကျင်းပနိုင်ခဲ့တာ အားလုံးအသိပါ။ ဒါပေမယ့် လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ Valve အနေနဲ့ DPC Season အသစ်ကို ပြန်လည် ကျင်းပသွားတော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

Original TI10 Schedule

ပထမဦးဆုံး DPC Event ကို လာမယ့်နှစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီး အရင်ကြေညာထားခဲ့တဲ့ အတိုင်း China, CIS, Europe, North America, South America, Southeast Asia ဆိုတဲ့ Region ကြီး ၆ ခုမှာ Region အလိုက် အသင်းပေါင်း ၁၆ သင်းတို့က လိဂ်ပုံစံယှဉ်ပြိုင်ဆော့ကစားသွားရမှာပါ။ လောလောဆယ် မှာတော့ Valve က Esports ပိုင်းနဲ့ပတ်သတ်တဲ့သတင်းကို ဒီလောက်သာကြေညာထားပြီး အသေးစိတ် အချက်အလက် တွေကိုတော့ မကြာခင်မှာထုတ်ပြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
Source: Dota2 Blog