အသစ်ပေါ်ထွက်လာတဲ့ CS:GO Hardware Cheat နည်းကို လက်ရှိဂိမ်းတွင်း anti-cheat စနစ်များနဲ့ မဖမ်းနိုင်သေး

 

CS:GO ဟာ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အများဆုံးအပစ်အခတ်ဂိမ်းများထဲက တစ်ခုဖြစ်သလို ယခုနှစ်ပိုင်းများ အတွင်း software ပေါင်းစုံနဲ့ cheat နည်းများကို အသုံးပြုကာ ဂိမ်းကို မသမာတဲ့နည်းလမ်းနဲ့ ကစားသူများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် Valve ဟာ ယင်းတို့ကို ဖမ်းမိပြီး ban နိုင်ဖို့အတွက် anti-cheat စနစ်များကို ခက်ခက်ခဲခဲဖန်တီးခဲ့ရပြီး ယခုအချိန်မှာတော့ ယင်းစနစ်များနဲ့ပါ သိရှိဖို့ မလွယ်ကူတဲ့ cheat နည်းတစ်ခုပေါ်ပေါက်နေပြန်ပါပြီ။

ယခုပေါ်ထွက်လာခဲ့တဲ့ cheat နည်းကတော့ ဂိမ်းကစားနေတဲ့ PC ထဲကို software လုံးဝ ထည့်သွင်းစရာ မလိုတဲ့ hardware cheat နည်းပါ။ ဒီအကြောင်းကို CS:GO YouTuber တစ်ဦးဖြစ်တဲ့ Sparkles က ယင်းရဲ့ ချန်နယ်ပေါ်မှာ မကြာသေးမီက တင်ထားခဲ့တာဖြစ်ပြီး hardware cheat နည်းများကို ESEA နဲ့ FACEIT league ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ semi-pro ကစားသမားများ သိုသိပ်စွာ အသုံးပြုနေကြတယ်ဆိုတဲ့ ကောလဟလများ ယခင်ကထွက်ပေါ်ခဲ့ဖူးပါတယ်။

Sparkles က လွဲရင် CS:GO hardware cheat အကြောင်း ဖော်ထုတ်ပြသခဲ့သူမျိုး ယခင်က မရှိသလောက်ရှားပါးခဲ့ပါတယ်။ ယင်းဗီဒီယိုအတွင်း Sparkles အသုံးပြုသွားခဲ့တဲ့ hardware cheat နည်းဟာ အသုံးပြုနေတဲ့ PC ရဲ့ CPU ထဲက CS:GO အချက်အလက်များကို တိုက်ရိုက်ရယူတာဖြစ်ပြီး PC ထဲမှာ မသင်္ကာစရာ software ဘာမှထည့်သွင်းစရာမလိုတဲ့အတွက် anti-cheat စနစ်များက ဖမ်းမိသွားဖို့အတွက် ခက်ခဲလှတယ်လို့ ဆိုပါတယ်။

ဒီ hardware cheat ကို အသုံးပြုဖို့အတွက် အထူးပြုလုပ်ထားတဲ့ hardware စနစ်တစ်ခုကို CS:GO ကစားမယ့် PC နဲ့ mouse တို့မှာ တပ်ဆင်ဖို့ လိုအပ်မှာပါ။ ယင်း hardware ရဲ့ ပထမအပိုင်းဟာ CPU ထဲက CS:GO အချက်အလက်များကို တိုက်ရိုက်ရယူမှာဖြစ်ပြီး hardware ရဲ့ ဒုတိယအပိုင်းကို ပို့ဆောင်ကာ ယင်းတို့ကို လိုအပ်သလိုပြုပြင်ပေးမှာပါ။ ဒီ hardware cheat နည်းဟာ ရန်သူများကိုပစ်တိုင်း headshot ထိမှန်သည်အထိ စွမ်းဆောင်နိုင်ပါတယ်။

ယင်း hardware အတွင်း AimBot cheat နည်းများဖြစ်ကြတဲ့ Aim assist, Force Hit, TriggerBot, Recoil Control စတာတွေ ပါဝင်ပြီး CS:GO မကစားနေတဲ့ အခြားကွန်ပြူတာတစ်လုံးကနေ setting များ ရွေးချယ်နိုင်ပါတယ်။ Sparkles ဟာ ဒီ hardware ကို LoHouse လို့အမည်ရသူတစ်ဦးဆီကနေ အသုံးပြုနည်းအသေးစိတ်နဲ့အတူ ဝယ်ယူလာခဲ့တယ်လို့ ဆိုပါတယ်။

Cheat ဖို့အတွက် ကောင်းစွာ program ရေးဆွဲထားတဲ့ hardware တစ်ခုဟာ PC တစ်လုံးကို graphic card သို့မဟုတ် ethernet adapter လို hardware အစိတ်အပိုင်းအနေနဲ့သာ ဆက်သွယ်နေမှာဖြစ်ပြီး မသင်္ကာစရာမရှိလို့ ဖမ်းမိဖို့မလွယ်ကြောင်းကိုလည်း LoHouse က ရှင်းပြသွားခဲ့ပါတယ်။ CS:GO လောကအတွင်းက ထူးခြားတဲ့ cheat နည်းတစ်ခုကို အပစ်အခတ်ဂိမ်းပရိသတ်များအတွက် ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming