ဘီကီနီဝတ်ပြီး ရေစိမ်ပြတဲ့ Live Stream တွေကို အသိအမှတ်ပြုလို့ ဝေဖန်ခံနေရတဲ့ Twitch

 

လက်ရှိ ဂိမ်း streaming လောကရဲ့ လူကြိုက်အများဆုံးပလက်ဖောင်းအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေနိုင်တာကတော့ Twitch ပါ။ ဒါပေမယ့် မကြာသေးမီကတော့ Twitch ပေါ်မှာ ဂိမ်းနဲ့ သက်ဆိုင်မှု လုံးဝမရှိတဲ့ stream အမျိုးအစားသစ်တစ်ခု ခေတ်စားလာခဲ့ပြီး ယင်းကြောင့်ပဲ လူအများဟာ Twitch ကို ဝေဖန်မှုများ ပြုလုပ်လာကြပါတယ်။

ဒီ stream အမျိုးအစားသစ်ရဲ့ နာမည်ကို Pools, Hot Tubs and Beaches လို့ Twitch က အမည်ပေးသတ်မှတ်ထားပြီး ဘီကီနီဝတ် အမျိုးသမီးငယ်များရဲ့ ရေကန်ငယ်လေးများအတွင်း ရေစိမ်ပြတဲ့ stream ဗီဒီယိုအမြောက်အများ ပါဝင်ပါတယ်။ မူလက ဒီ stream များဟာ Just Chatting အမျိုးအစားမှာ အကြုံးဝင်ခဲ့ပေမယ့် အချိန်တိုအတွင်း အလွန်ခေတ်စားလာပြီးနောက် Twitch ဟာ ယင်းတို့ကို အမျိုးအစားသစ်တစ်ခုအဖြစ် မကြာသေးမီကမှ အသိအမှတ်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

Twitch ရဲ့ မူဝါဒအရ ပလက်ဖောင်းပေါ်မှာ ညစ်ညမ်းမှုနဲ့ ဖော်ချွတ်မှုများ မပြုလုပ်ဖို့ တင်းကြပ်စွာ ကန့်သတ်ထားပေမယ့် ဘီကီနီဝတ်ဆင်ခြင်းကိုတော့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် stream လွှင့်သူဟာ လိင်အင်္ဂါကိုတော့ ဖုံးကွယ်ထားရမှာဖြစ်ပြီး အမျိုးသမီးဖြစ်ရင် ရင်သားထိပ်ဖျားများ ဖော်ပြခြင်းကိုပါ ရှောင်ကြဉ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလို stream များ ခေတ်စားလာခြင်းကို hot tub meta လို့ လူအများက ခေါ်ဝေါ်ကြပါတယ်။ အမျိုးသားပရိသတ်များပြားတဲ့ ဂိမ်း streaming ပလက်ဖောင်းလို နေရာမျိုးမှာ လှပတဲ့ အမျိုးသမီးတစ်ဦး ဘီကီနီဝတ်ပြီး stream ရင် ကြည့်ရှုသူ များပြားပြီး donation တွေလည်း အများကြီးရလာနိုင်ကြောင်း တွေးတောမိသူများကြောင့် ယခုလို ခေတ်စားလာရခြင်းဖြစ်တယ်လို့ အများစုက သုံးသပ်ကြပါတယ်။

Famous Hot Tub Streamer “Amouranth”

Hot tub stream များကို အပြင်းအထန်ဝေဖန်သူတွေလည်း အမြောက်အများရှိပါတယ်။ Just Chatting နဲ့ ဂိမ်း stream များကိုသာ လွှင့်လေ့ရှိတဲ့ အချို့အမျိုးသမီး streamer များက အချို့သော ကြည့်ရှုသူများဟာ ယင်းတို့ကို hot tub stream လွှင့်ဖို့ ဖိအားပေး တောင်းဆိုနေကြပြီး ယင်းကိစ္စဟာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

အချို့သော Twitch streamer များနဲ့ ပရိသတ်များကလည်း hot tub stream များဟာ Twitch ရဲ့ မူလရည်ရွယ်ချက်နဲ့ လုံးဝသွေဖယ်နေတယ်လို့ ဆိုကြပါတယ်။ ထိပ်တန်း Twitch streamer တစ်ဦးဖြစ်သူ xQc ဆိုရင် hot tub stream များဟာ တွေ့ဖူးသမျှထဲမှာ စိတ်ပျက်ဖွယ်အကောင်းဆုံးနဲ့ အမှိုက်ဆန်လှတဲ့ Twitch stream များဖြစ်လို့ ပလက်ဖောင်းရဲ့ ရှေ့မျက်နှာစာကနေ ဖယ်ရှားပေးဖို့အထိပါ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

RayRachel

နာမည်ကြီး hot tub streamer အမျိုးသမီးတစ်ဦးဖြစ်သူ RayRachel ကတော့ ဒီ stream များဟာ ကောင်းမွန်တဲ့ အတွေးအမြင်သစ်များကနေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အချို့အမျိုးသားများရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပေါ်ပေါက်လာနိုင်တာကြောင့် Twitch အနေနဲ့ ဂရုတစိုက်စောင့်ကြည့်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။ Esports & Video Game အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Hwy

source: cnet