လေ့လာမှုအရ စိတ်ဖိအားအများဆုံးဖြစ်စေနိုင်တဲ့ ဗီဒီယိုဂိမ်းများ

 

လူအများဟာ ဗီဒီယိုဂိမ်းများကို စိတ်ပျော်ရွှင်မှုရရှိစေဖို့အတွက် ကစားလေ့ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မှာတော့ ဂိမ်းအတွင်းမှာ ပါဝင်တဲ့ အခက်အခဲများနဲ့ စိန်ခေါ်မှုများဟာ ကစားသူကို စိတ်လှုပ်ရှားမှုမြင့်တက်စေပြီး ဖိအားများလာစေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် လောင်းကစား ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ BonusFinder ဟာ ဒီအကြောင်းနဲ့ ပတ်သက်လို့ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီး စိတ်ဖိအား အများဆုံးဖြစ်စေနိုင်တဲ့ ဗီဒီယိုဂိမ်းများစာရင်းကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလေ့လာမှုအတွင်းမှာတော့ လက်ရှိဂိမ်းလောကမှာ နာမည်ကျော်ကြားလူသိများနေတဲ့ ဂိမ်းစုစုပေါင်း ၁၆ ခု ပါဝင်ခဲ့ပါတယ်။ ယင်းဂိမ်းများကို PC, console နဲ့ မိုဘိုင်းလ်ပလက်ဖောင်းများပေါ်က ရွေးချယ်ထားတာဖြစ်ပြီး Call of Duty (Modern Warfare), The Sims, Fall Guys, Among Us တို့လို လူကြိုက်များတဲ့ ဂိမ်းများ ပါဝင်လာခဲ့ပါတယ်။

ဒီလေ့လာမှုအရ စိတ်ဖိအားအများဆုံးဖြစ်စေနိုင်တဲ့ဂိမ်းအဖြစ် သတ်မှတ်ခံလိုက်ရတာကတော့ Nintendo ရဲ့ Mario Kart ပါ။ လေ့လာမှုအတွင်းက ဂိမ်းကစားသူများဟာ Mario Kart ကို ကစားချိန်မှာ မိနစ် ၃၀ အတွင်း ပျမ်းမျှ ၃၂.၈၁ ရာခိုင်နှုန်းအထိ ပုံမှန်ထက်နှလုံးခုန်ပိုမိုမြန်ဆန်လာကြပြီး adrenaline ဟော်မုန်းလည်း များပြားလာတာကို တွေ့ရှိခဲ့ရလို့ဖြစ်ပါတယ်။

Mario Kart ပြီးရင် ဒုတိယမြောက်စိတ်ဖိအားအများဆုံးဖြစ်စေနိုင်တဲ့ဂိမ်းကတော့ ၃၁.၂၅ ရာခိုင်နှုန်းရရှိထားတဲ့ FIFA 20 ပါ။ ဒီစာရင်းအတွင်းမှာ Call of Duty: Modern Warfare နဲ့ Fortnite တို့လို Esports ဂိမ်းကြီးများသာမက ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ Among Us ဂိမ်းလည်း ပါဝင်လာတာကိုတွေ့ရပါတယ်။

နှလုံးခုန်နှုန်း မြင့်တက်မှုအရ စိတ်ဖိအားအများဆုံးဖြစ်စေနိုင်တဲ့ဂိမ်းများကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

1. Mario Kart

2. FIFA 20

3. Call of Duty: Modern Warfare

4. Dark Souls III

5. Fortnite

6. DOOM Eternal

7. Fall Guys

8. Battlefield V

9. Street Fighter

10. Among Us

BonusFinder ဟာ သွေးခုန်နှုန်းအကြိမ်ရေအမြင့်ဆုံးဖြစ်စေခဲ့တဲ့ ဂိမ်းများစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီစာရင်းအတွင်းမှာတော့ FromSoftware ရဲ့ Dark Soul ဂိမ်းက မိနစ် ၃၀ အတွင်း ၉၈.၄၄ ရာခိုင်နှုန်းအထိ သွေးခုန်နှုန်းအမြင့်ဆုံးဖြစ်စေကာ ထိပ်ဆုံးမှာနေရာယူသွားခဲ့ပြီး Fall Guys ကတော့ ၉၅.၁၁ ရာခိုင်နှုန်းနဲ့ ဒုတိယရရှိသွားခဲ့ပါတယ်။

ဒီလေ့လာမှုဟာ ဂိမ်မာ ၁၄ ယောက်ကို တစ်ပတ်အတွင်း ၁၅ နာရီခန့် ဂိမ်းကစားစေကာ တွေ့ရှိချက်များကိုသာ မှတ်တမ်းတင်ထားတာမို့ တိကျစွာပြုလုပ်ထားတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် စာရင်းအတွင်း ပါဝင်လာတဲ့ ဂိမ်းများဟာ စိတ်လှုပ်ရှားမှုမြင့်တက်စေပြီး စိတ်ဖိအားများလာစေတာကတော့ အမှန်ဖြစ်တာမို့ ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg