The International 9 (TI9) ပြိုင်ပွဲကြီး ကျင်းပမည့်အချိန် နီးကပ်လာတာနဲ့ အမျှ 2018-2019 Dota Season ရဲ့ Major Tournament ကြီးတွေကတော့ ပြီးဆုံးဖို့အချိန်ကလည်း နီးသည်ထက်နီးကပ်လာပါပြီ။ ဒီနှစ်ရာသီအတွက် Major Tournament ကြီး (၅) ခု ကျင်းပရမှာဖြစ်ပြီး ဒီအချိန်မှာတော့ Major Tournament (၂) ခု သာ ကျန်ရှိပါတော့မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရှိ Disney Event Arena မှာ ကျင်းပမည့် လာမည့် MDL Disneyland @ Paris Major နှင့် ရုရှားနိုင်ငံ CSKA Arena မှာ ကျင်းပမည့် EPICENTER Major Tournament ကတော့ ဒီနှစ် DPC ရဲ့ နောက်ဆုံး Major ပွဲများဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ မေလ (၄) ရက်နေ့ စတင်ကျင်းပတော့မယ့် MDL Disneyland @ Paris Major ပြိုင်ပွဲကြီးကတော့ Prizepool အနေနဲ့ စုစုပေါင်း 1 Million Dollars အထိ ချီးမြှင့်သွားမယ့် Major Tournament ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

Dota Pro Circuit စနစ်အရ Dota Season တစ်ခုရဲ့ ရရှိထားတဲ့ DPC points ဇယားရပ်တည်မှု အပေါ်မူတည်ပြီး The International ပြိုင်ပွဲကြီးအတွက် Direct Invite ရရှိမှာဖြစ်လို့ Tier 1 အသင်းကြီးတွေအနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေကြတာ အားလုံး သိပြီး ဖြစ်ပါတယ်။ ဒီ DPC points system အရ DPC ranking ရဲ့ ထိပ်ဆုံး (၁၂) သင်းဟာ TI9 ကို Direct Invite ဝင်ခွင့်ရရှိမှာဖြစ်ပြီး နောက်ထပ် (၆) သင်းကတော့ Qualifier အဆင့်ဆင့်ကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ TI9 ကို Direct Invite ရရှိထားသည့်အသင်းမှာ (၄) သင်းသာ ရှိပြီး ထိုအခွင့်အရေးအတွက် နောက်ထပ် (၈) သင်းစာ မျှော်လင့်ချက်ရှိပါသေးတယ်။ ဒါကြောင့် Major ပြိုင်ပွဲဖြစ်သည့်အလျောက် ဒီတစ်ခေါက် MDL Disney Major ပွဲကတော့ ထင်ထားတာထက် ပိုပြီး အကြိတ်အနယ်ရှိမယ့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာမှာ သေချာပါတယ်။

ဒီနှစ် MDL Paris Major မှာ Qualifier တွေ အားလုံးအပြီး စုစုပေါင်း (၁၆) သင်း စာရင်း ထွက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ (၁၆) သင်းရဲ့ လက်ရှိ Performance အရ

1st Tier – VP, Secret, VG, EG.
2nd Tier – NIP, LGD, Fnatics, Keen.
3rd Tier – CoL, paiN, Mineski, Beastcost (TT), Chaos, Empire, OG, Liquid.
ဆိုပြီး အကြမ်းဖျဉ်း သက်မှတ်ပါမယ်။ ဒီ Tier တွေဟာ လက်ရှိ Performance အခြေအနေအပေါ်ကိုသာ မူတည်ပြီး ခွဲခြားထားပြီး အသင်းစွဲထားခြင်း၊ ချစ်ခြင်းမုန်းခြင်း အလျဉ်းမရှိဘဲ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ဦးစွာပြောလိုပါတယ်။

MDL Major ရဲ့ ရပ်တည်မှုအရ အောက်ပါအတိုင်း DPC Points တွေ ပိုင်ဆိုင်ရရှိသွားမှာဖြစ်ပါတယ်။

1st = 4950 Points
2nd = 3000 Points
3rd = 2100 Points
4th = 1350 Points
5th ~ 6th = 900 Points
7th ~ 8th = 450 Points
9th ~ 12th = 150 Points
13th ~ 16th = 75 Points ဆိုပြီး ခွဲ ဝေ ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီ MDL Major ပြိုင်ပွဲမှာ ရရှိတဲ့ Ranking အပေါ် မူတည်ပြီး အသင်းကြီးတွေထဲက နောက်ထပ် (၃) သင်းလောက်က TI9 Direct Invite ကို စိတ်ချလက်ချ ရရှိဖို့ သေချာသလောက် ရှိပါတယ်။ အဆိုပါ မျှော်လင့်ချက် ရှိတဲ့အသင်းတွေကတော့ လက်ရှိ Performance အရ 2nd Tier အဖြစ် သတ်မှတ်ထားတဲ့ LGD, Fnatics နဲ့ NIP တို့ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူအကြိုက် 2nd Tier က အသင်းတွေကို ဦးစွာ သုံးသပ်ပါမယ်။

>> 2nd Tier <<

========================
PSG.LGD (2865 Points)
========================

2018-2019 Dota Season မှာ အမြင့်ဆုံး 4th Place အထိ သာ ယူထားနိုင်တဲ့ LGD ဟာ အနည်းဆုံး 4th ဝင်အောင် ကစားနိုင်တာနဲ့ +1350 Points ရရှိမှာဖြစ်လို့ နောက်ထပ် ကျန်ရှိနေတဲ့ Minor နဲ့ Major ကို ဝင်မပြိုင်တော့ရင်တောင် TI9 ကို ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Mars Media က ကြီးမှုးကျင်းပပေးတဲ့ ပြိုင်ပွဲမှာတော့ လိုတာထက် ပိုတဲ့ လက်စွမ်းကို ထုတ်ပြနိုင်မှသာ မနှစ်က TI8 Finalist တုန်းက ရှိခဲ့တဲ့ လူစာရင်းအတိုင်း ဆက်လက်ဖွဲ့စည်းထားတဲ့ LGD အနေနဲ့ ၄င်းတို့ရဲ့ Fan အတွက် Performance ထုတ်ပြရမယ့် အချိန်ဖြစ်လို့ ဘောလုံးမှာ အိမ်ကွင်းဆော့ရတဲ့ အသင်းတစ်ခုကဲ့သို့ ကောင်းမွန်နေဖို့ မျှော်လင့်မိပါတယ်။ တကယ်လို့ 1st to 4th မဝင်ခဲ့ရင်တောင် လာမယ့် Epicenter Major မှာ China Slot 3 ခုကနေ ဝင်ပြီး Qualify ဖြစ်အောင် ဆော့နိုင်ရုံနဲ့ TI9 Direct Invite ရမယ့် အသင်းတစ်သင်း ဖြစ်တာကြောင့် DPC point ဆိုတာထက် China Top Team တစ်ခု ဖြစ်ကြောင့် သက်သေပြရမယ့် အချိန်မှာ သူတို့ရဲ့ Maximum Performance ကို ပြသရမယ့် အချိန်လည်းဖြစ်လို့ လိုတာထက် ပိုပြီး မျှော်လင့်မိတဲ့ အသင်းအဖြစ် သက်မှတ်ထားပါတယ်။

========================
Fnatics (3525 Points)
========================

ဖြေးဖြေးနဲ့ပုံမှန်အရှိန်အတိုင်း သွားနေတဲ့ Fnatics ကတော့ 1 to 8 ဝင်တာနဲ့ကို Direct Invite သေချာပြီ ဖြစ်လို့ တော်တော်လေး ပေါ့ပေါ့ပါးပါး အနေအထားမှာ ရှိပါတယ်။ ဒါ့အပြင် Fnatics ဟာ လူစာရင်း အငြိမ်ဆုံးအသင်းတွေထဲမှာ Performance အတက်အကျ ကွာဟာမှု သိပ်မများဘဲ ပုံမှန် Performance အတိုင်း သွားနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ လက်ရှိ 2018-2019 Dota Season ရဲ့ Chongqing Major, Kuala Lumpur Major, ESL, Dream League 11 တို့မှာ 6th, 5th, 4th, 3rd ဆိုတဲ့ Standing အတိုင်း အသီးသီးရပ်တည်နိုင်တဲ့ အသင်းတစ်သင်းဖြစ်လို့ ဒီ Major မှာလည်း Performance မှန်မှန်နဲ့ မြင်ရမယ့် အသင်းတစ်သင်းဖြစ်နိုင်ပါတယ်။

========================
Ninja in Pyjamas (1690 Points)
========================

ပူပူနွေးနွေး Minor Champion ဖြစ်ထားတဲ့ Ninja in Pyjamas ကတော့ DPC Ranking ရဲ့ လက်ရှိ အဆင့် (၇) နေရာမှာ ရပ်တည်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Major Tournament တွေမှာသာ DPC points များများ ရနိုင်တဲ့အတွက် NIP ဟာလည်း မသေချာသေးတဲ့ နောက်လာမယ့် Minor, Major တွေထက် ဒီ Major မှာ အခွင့်အရေး ရသမျှ ယူထားဖို့ ရှိပါတယ်။ PPD (aka) Pjsalt ရဲ့ ဦးဆောင်မှုနဲ့ 2018 ကတည်းက ရှိခဲ့တဲ့ Ace, Fata, 33, Saksa ဆိုတဲ့ ဒီလက်ရှိ လူစာရင်းဟာ ဘုရင့်နောင် ဖောင်ဖျက် ပြီး အမှတ်ရသလောက် ယူမယ့် အသင်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

>> Tier 1 <<

========================
VP (11025 Points)
Team Secret (9375 Points)
VG (5925 Points)
EG (4725 Points)
========================

Late Season ရောက်လေ Performance ကောင်းလေဖြစ်လေ့ရှိတဲ့ VP, Draft Master “Puppey” ရဲ့ မောင်းနှင်အားနဲ့ နောက်ဆုံးကစားထားတဲ့ (၁ဝ) ပွဲမှာ Win Rate 80% အထိ ရရံမကဘဲ အဆိုပါ နိုင်ပွဲ (၈) ပွဲစလုံးမှာ 2:0 ဆိုတဲ့ အပြတ်အသက် ရလာဒ်တွေနဲ့ အနိုင်ကစားပြထားတဲ့ Secret, Dream League 11 Major Champion VG နဲ့ Top 3 ထဲကို အမြဲလိုလို ဝင်လေ့ရှိတဲ့ Evil Geniuses တို့ကတော့ ထွေထွေထူးထူး ခေါင်းစဉ်တပ် သုံးသပ်နေစရာ မလိုဘဲ Fan တွေ စိတ်တိုင်းကျမယ့် Performance အတိုင်းအတာမျိုး ရောက်လာဖို့ သေချာပါတယ်။ Direct Invite ရပြီးသား အသင်းတွေ ဖြစ်ပေမယ့် Premier Tournament တစ်ခုရဲ့ မတ်လောက်စရာ ဆုကြေးကိုတော့ လျှော်မပစ်မှာ သေချာတဲ့အတွက် Group Stage ကနေ စပြီး လက်ကုန်ထုတ်ကစားတာမျိုးကို ဒီအသင်း (၄) သင်းစလုံးစီကနေ တွေ့ရပါလိမ့်မယ်။

>> Tier 3 <<

Performance Tier 3 မှာ သတ်မှတ်ထားတဲ့ အသင်းတွေရဲ့ DPC points တွေကတော့

Liquid (600)
Chaos (450)
Mineski (171)
OG (123)
CoL (91)
Beastcost (91)
paiN (75)
Empire (75) ဆိုပြီး အသီးသီးဖြစ်ပါတယ်။

=============
Underdogs
=============

TI9 မှာ DPC Point 3691 ရတဲ့ အသင်းက Direct Invite ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Top 12 အသင်းတွေကလည်း Direct Invite ရဖို့ အရေးကြီးပါတယ်။ Major ၂ ခု၊ Minor တစ်ခု သာ ကျန်တော့တဲ့ ဒီနှစ် DPC မှာ လက်ရှိ Top 8 Teams ကတော့ Direct Invite ရဖို့ သေချာသလောက်ရှိတဲ့ Points 1065 ရဲ့ အထက်ကို ရောက်နေပြီ ဖြစ်ပြီး အဆိုပါ Top 8 စလုံးဟာလည်း လက်ရှိ MDL Major မှာ Qualify ဖြစ်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Top 12 ထဲဝင်နေပြီး MDL Major မှာ ပါမလာတဲ့ TNC, J.Storm, E.home တို့ရဲ့ နေရာကို Chaos, Mineski, CoL, Beastcoast, paiN, Empire တို့ အားလုံးက ချိန်းခြောက်လုယူဖို့ အလားအလာ ရှိနေတာ ဖြစ်ပါတယ်။

======================
Team Liquid (600 Points)
======================

ဒါပေမယ့် Performance Tier 3 မှာ သတ်မှတ်ပေးထားရတဲ့ TI Champion အသင်းကြီးတွေ ဖြစ်တဲ့ Liquid နဲ့ OG ကတော့ DPC ပြီးခါနီးအထိ Point 600 နဲ့ Point 123 သာ ရှိနေသေးပါတယ်။ Liquid ဟာ မနှစ်က November မှာ Coach Heen နဲ့ လမ်းခွဲခဲ့ပြီးနောက် DPC Tournament တွေထဲက Chongqing Major နဲ့ Dream League 11 စသည့် Tournament ၂ ခု တည်းကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် (၁၆) နဲ့ အဆင့် (၈) သာ ရရှိခဲ့ပါတယ်။ အဆိုးရွားဆုံးကတော့ ပြီးခဲ့တဲ့ Dream League မှာ Secret ကို ၂ ပွဲပြတ်၊ Keen Gaming ကို (၂) ပွဲပြတ်၊ Chaos Gaming ကို Lower Bracket မှာ ရှုံးပြီး အဆိုးရွားဆုံးရလာဒ် အဆင့် (၁၆) ဖြင့် ရှုံးထွက်ထားရတာပါ။ အခု MDL Qualifier မှာလည်း OG, NiP နဲ့ Alliance တို့ကို ခက်ခက်ခဲခဲ ကစားပြီးမှ Qualify ဖြစ်ခဲ့ရတဲ့အတွက် Liquid ရဲ့ Performance ဟာ မေးခွန်းထုတ်စရာတွေ ရှိနေပြီး အခုထိ စိတ်ချရတဲ့ အခြေအနေကို ပြန်မရောက်သေးပါဘူး။ ဒါကြောင့် Liquid ဟာ Dark Horse ဖြစ်မလား၊ Dark GoD ဖြစ်မလားဆိုတာကတော့ တော်တော်လေး မသေချာတဲ့ အခြေအနေပါ။

===========
OG (123 Points)
===========
လက်ရှိ TI Champion “OG” ဟာလည်း Champion ဖြစ်ပြီး သိပ်မကြာခင် November လ ထဲမှာ Ana ခေတ္တ အနားယူသွားတဲ့နောက်ပိုင်း ပထမဆုံးယှဉ်ပြိုင်တဲ့ Chongqing Major ကို Qualify တောင် မဖြစ်တဲ့ အခြေအနေကနေ စပြီး အသင်းရဲ့ ရလာဒ်ဆိုးများ ဆက်တိုက်ဆိုသလို ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ Major ၃ ခု စလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့သလို Minor ၂ ခုမှာတောင် အဆင့် ၅-၆ သာ ဝင်ခဲ့ပြီး 80 Points သာ ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Fan တွေကိုယ်တိုင် လက်ခံထားတဲ့ OG ရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ Ana ဟာ March လ ၁၃ ရက်နေ့မှာ ပြန်ရောက်လာပြီဖြစ်တဲ့အတွက် MDL ရဲ့ Champion Title အထိ စိန်ခေါ်နိုင်မယ့် အခြေအနေကို မရောက်နိုင်သေးတာ သေချာပေမယ့် 5th-6th place အတွက် နေရာတစ်ကွက်စာထိကိုတော့ ချိန်းခြောက်နိုင်မယ့် အလားအလာ ရှိနေပါတယ်။

========================
Dark Horse : Keen Gaming, Liquid, OG.
========================

Ehome အသင်းကနေ old chicken နဲ့ old eleven တို့ နှစ်ဦး အငှားနဲ့ ရောက်လာပြီးတဲ့ အချိန်တို (၇) လောက်တွင်းမှာ ပြည်တွင်းက The China Hope Series, The Bucharest Minor, WESG, Dream League နဲ့ ESL One Mumbai 2019 တွေအားလုံးမှာ 1st (၃) ခါ၊ 2nd (၁) ခါ၊ 3rd (၁) ခါ၊ 6th (၁) ခါ ရထားပြီး DPC Points 1065 ကို အရယူထားနိုင်တဲ့ Performance ကောင်းတွေ ဆက်တိုက် ပြထားခဲ့တဲ့ Keen Gaming ကတော့ အသင်းကြီးတွေ အတွက် ဖျက်မြင်းဖြစ်လာမှာပါ။

ဒါ့အပြင် လူစာရင်းအပြည့်ရှိနေပြီး လက်တလော Performance ကျနေလို့သာ ရလာဒ်ကောင်းတွေ ထုတ်မပြနိုင်သေးတဲ့ Liquid နဲ့ OG ကတော့ Top 3 စိန်ခေါ်ဖို့ ခက်ခဲ့သည့်တိုင်အောင် Top Tier အသင်းတွေ ဖျက်မြင်းဖြစ်လာပြီး သူတို့အနေနဲ့ ဒီအခက်အခဲကို စတင်ရင်ဆိုင်ရမှာပါ။ ဒါကြောင့် Group B နဲ့ C ကတော့ အိမ်ဖြည့်အသင်းတွေ နဲ့ လောလောဆယ်ပြည့်နေလို့ တစ်ဖက်သက် ရလာဒ်တွေ စောစောစီးစီး ထွက်လာနိုင်ပြီး Group A က VP ကတော့ Keen, Liquid ဆိုတဲ့ ဖျက်မြင်းအသင်း (၂) သင်းနဲ့ အစောဆုံးတွေ့ရမှာဖြစ်ပါတယ်။ Group D က EG နဲ့ Fnatics ဟာလည်း OG ပါနေတဲ့အတွက် ပွဲတော့ ချောင်မှာ မဟုတ်ပါဘူး။

မည်သို့ပင်ဆိုစေကာမူ ဒီ MDL Disneyland ® Paris Major ဟာ China Mars Media အနေနဲ့ ပထမဆုံးအကြိမ် ပြည်ပမှာ ထွက်လုပ်တဲ့ Premier Tournament ဖြစ်ပြီး Total Prize Pool 1 million dollar နှင့် 15000 DPC ကို ခွဲယူရမယ့် ပြိုင်ပွဲ ဖြစ်တာနဲ့ အညီ Top 3 နေရာအတွက် VP, Secret, VG. Bot 3 နေရာအတွက် CoL, Mineski, paiN, ကြားထဲက ၁ဝ သင်းကိုတော့ LGD, Fnatics, Keen, EG, OG, Chaos, Liquid, Beastcost, Nip, Empire တို့ကို အကြမ်းဖျဉ်း သတ်မှတ်ထားပြီး ရင်ခုန်စွာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

========================

~~~~~~~~~~~~~~~~~~~~~~~
~~~~~~Noodle Choice~~~~~~~
~~~~~~~~~~~~~~~~~~~~~~~

Kyitha : Virtus Pro
Jerry : Fnatics
KoBoo : PSG.LGD