M2 World Championship ရဲ့ ပထမဆုံးနေ့မှာ ပွဲဦးထွက် အလွန်ကောင်းခဲ့တဲ့ Burmese Ghouls

 

Mobile Legends: Bang Bang ရဲ့ အကြီးကျယ်ခမ်းနားဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ M2 World Championship ဟာ မကြာသေးမီကပဲ စတင်လာခဲ့ပါပြီ။ ဒီပြိုင်ပွဲကြီးမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဘရာဇီးနဲ့ ရုရှားနိုင်ငံတို့မှ အသင်းစုစုပေါင်း (၁၂) သင်း ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းအဖြစ် ပါဝင်လာတာကတော့ Burmese Ghouls ပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲ စတင်တဲ့ ပထမဆုံးနေ့မှာ Burmese Ghouls တို့ဟာ အုပ်စု A အတွင်း ရုရှားအသင်းဖြစ်တဲ့ Unique Devu နဲ့ အိမ်ရှင် စင်ကာပူအသင်း RSG တို့ကို တွေ့ဆုံယှဥ်ပြိုင်ကစားခဲ့ရပါတယ်။ BO3 ကစားခဲ့ကြရတဲ့ ဒီပွဲစဥ်များမှာ Burmese Ghouls တို့ဟာ Unique Devu ကို ၂ ပွဲပြတ် အနိုင်ရရှိခဲ့သလို RSG ကိုလည်း ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့တာမို့ ပွဲဦးထွက် အလွန်ကောင်းခဲ့တယ်လို့ ဆိုရမှာပါ။

အဦးဆုံးယှဥ်ပြိုင်ကစားခဲ့တဲ့ Unique Devu တို့နဲ့ ပထမပွဲ အစောပိုင်းမှာ Burmese Ghouls ဘက်က Kid ရဲ့ Lunox သေဆုံးကာ First Blood ပေးလိုက်ရသလို May Be ရဲ့ Tigreal လည်း တစ်ဆက်တည်း သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် Ace ရဲ့ Ling ရောက်လာချိန်မှာ ပြိုင်ဘက် Jawhead ပြုလုပ်ခဲ့တဲ့ အမှားများအပေါ် အမိအရ အခွင့်ကောင်းယူပြီး kill အချို့ကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Turtle ထွက်လာမယ့် အနီးဆုံး lane ပေါ်က Ruby DD ရဲ့ Benedetta ဟာ ပြိုင်ဘက် Yu Zhong ကို အသာစီး ထိန်းထားနိုင်ခဲ့လို့ Turtle ကောင်းစွာ ယူနိုင်ခဲ့သလို ယင်း battle မှာ Unique Devu ရဲ့ hyper ဖြစ်သူ Roger အပါအဝင် အသင်းသား ၃ ဦး ကျဆုံးသွားခဲ့ပါတယ်။ ဒုတိယမြောက် Turtle ကို Unique Devu တို့ ပြန်လည်ရယူနိုင်ခဲ့ပေမယ့် ဂိမ်းရဲ့ အနေအထားအရတော့ Burmese Ghouls တို့ကပဲ ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။

ယင်းနောက်မှာတော့ Burmese Ghouls တို့ဟာ Lord များ ဆက်တိုက်ရယူနိုင်ခဲ့သလို နောက်ဆုံး battle မှာ ပြိုင်ဘက်အသင်းလိုချင်နေခဲ့တဲ့ အလယ် lane ရဲ့ First tower ကိုတောင် မပေးလိုက်ရပဲ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သူကတော့ ပွဲကြေညာသူများ အံ့အားသင့်သည်အထိ တစ်ခါမှ မသေပဲ လက်စွမ်းပြ ကစားနိုင်ခဲ့တဲ့ Ace ရဲ့ Ling ပဲ ဖြစ်ပါတယ်။

Unique Devu နဲ့ ဒုတိယမြောက်ပွဲမှာ Ace ရဲ့ Lancelot ဟာ ၂ ဘက်လုံး kill မရသေးခင် အခြေအနေမှာတင် Turtle စတင်ယူနိုင်ခဲ့ပါတယ်။ First blood ကို Unique Devu ရဲ့ Yi Sun Shin က ရယူနိုင်ခဲ့ပြီး ပွဲကို ဦးဆောင်မယောင် ​ဖြစ်လာခဲ့ပေမယ့် အသင်းရဲ့ အမှားအယွင်းများကြောင့် ဒုတိယမြောက် Turtle ကို Burmese Ghouls တို့ အနှောင့်အယှက်မရှိ ယူနိုင်သည်အထိ တဖြည်းဖြည်း ပြန်လည်အရေးနိမ့်လာခဲ့ပါတယ်။

ယင်းနောက်မှာ Burmese Ghouls တို့ဟာ တတိယမြောက် Turtle ကိုပါ ထပ်မံရရှိခဲ့သလို Ruby DD ရဲ့ Harith ဟာ maniac ပါ တစ်ဆက်တည်း ရရှိသွားခဲ့ပါတယ်။ Lord ရယူပြီးချိန်မှာတော့ Burmese Ghouls တို့ဟာ စုစုပေါင်း kill အရေအတွက် ၁၆ – ၄ နဲ့ ပွဲချိန် ၁၂ မိနစ်ခန့်မှာ အနိုင်ရသွားခဲ့ပါတယ်။

RSG နဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ ပထမဆုံးပွဲမှာ Burmese Ghouls တို့ဟာ ပြိုင်ဘက် hyper ဖြစ်သူ Harley ကို kill ပြီး first blood စတင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပထမဆုံး Turtle ကို RSG တို့ ရောက်မလာနိုင်သေးခင် အမြန်ယူနိုင်ခဲ့သလို ဘေး lane ၂ ဘက်က First tower များကိုလည်း အရင်ချိုးထားနိုင်ခဲ့ပါတယ်။

ဒုတိယမြောက် Turtle ထွက်ပေါ်လာချိန်မှာတော့ Burmese Ghouls ဘက်က Ace ရဲ့ Yi Sun Shin ဟာ အချိန်ကိုက်သေဆုံးသွားတဲ့အတွက် ပြိုင်ဘက်အသင်းက Turtle ရသွားခဲ့ပါတယ်။ ဒါပေမယ့် Kid ရဲ့ Silvanna အမာခံကစားကွက် အပါအဝင် Burmese Ghouls တစ်သင်းလုံးရဲ့ များပြားလှတဲ့ crowd control များကြောင့် ပြိုင်ဘက် Harley, Claude, Natalia နဲ့ Chou တို့လို လှုပ်ရှားမှုမြန်ဆန်တဲ့ hero များကို ထိန်းထားနိုင်ခဲ့ပြီး ပွဲကို ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

ဒီပွဲအတွင်း Burmese Ghouls တို့ Lord မယူရသေးခင်မှာ Ace ရဲ့ Yi Sun Shin ဟာ maniac ရရှိခဲ့ပါတယ်။ ၁၃ မိနစ်ခန့်မှာ ပြီးဆုံးသွားခဲ့တဲ့ ဒီပွဲကို Burmese Ghouls တို့ အနိုင်ရခဲ့ရုံသာမက တစ်သင်းလုံးနီးပါး ကောင်းမွန်တဲ့ KDA များလည်း ပိုင်ဆိုင်ခဲ့ကြပါတယ်။

RSG နဲ့ ဒုတိယမြောက်ပွဲမှာတော့ Burmese Ghouls တို့ဟာ Kid ကို Lancelot ကိုင်တွယ်စေပြီး Ace ကို Brody hyper ကစားစေတဲ့ draft နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီ draft ကြောင့်ပဲ ဂိမ်းရဲ့ အစောပိုင်းတည်းက damage များပြားလှတဲ့ တစ်ဖက်အသင်းက Pharsa နဲ့ Hilda တို့ကို မနှိမ်နင်းနိုင်ဖြစ်ကာ Burmese Ghouls တို့ first blood ပေးလိုက်ရသလို ပထမဆုံး Turtle ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယမြောက် Turtle ကိုလည်း ​ပြိုင်ဘက်အသင်းကပဲ ရရှိပြီး ပွဲကိုဆက်လက်ဦးဆောင်နေခဲ့ပေမယ့် Burmese Ghouls တို့ အလွယ်တကူ လက်မလျော့ခဲ့ပါဘူး။ တတိယမြောက် Turtle အတွက် battle ဆိုင်ချိန်မှာ May Be ရဲ့ Akai နဲ့ Ace ရဲ့ Brody တို့ ပူးပေါင်းကာ ပြိုင်ဘက် hyper ဖြစ်သူ Yi Sun Shin ကို ရှင်းထုတ်လိုက်နိုင်ပေမယ့် Turtle ကိုတော့ မရရှိခဲ့ကြပြန်ပါဘူး။

ပွဲချိန်ကြာတာလာနဲ့အမျှ ပြိုင်ဘက်အသင်းက Pharsa ဟာ အလွန် damage များပြားလာတဲ့အတွက် Burmese Ghouls တို့ ပူးပေါင်းကာ ခက်ခဲစွာ ရှင်းထုတ်ပြီး အခြေအနေပြောင်းလဲစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းဟာ ယခင်တည်းက kill ၂ ဆခန့် သာနေခဲ့တဲ့အတွက် Lord များ အလွယ်တကူ ရယူသွားနိုင်လို့ ယင်းပွဲကို ရှုံးနိမ့်ခဲ့ရပါတယ်။

Burmese Ghouls တို့ ပြန်လည် အနိုင်ရရှိခဲ့တဲ့ တတိယမြောက်ပွဲမှာ ပြိုင်ဘက်အသင်းဟာ အစောပိုင်းမှာ kill ရရေးကိုသာ အဓိက ဦးစားပေးနေခဲ့တဲ့အတွက် Ace ရဲ့ Hayabusa အတွက် Turtle များ အေးဆေးစွာယူနိုင်ဖို့ အခွင့်ကောင်းဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ဘက် hyper ဖြစ်သူ Harith နဲ့ ယှဥ်လိုက်ရင် Ace ဟာ လွန်စွာအသာစီးရနေခဲ့ပြီး May Be ရဲ့ Baxia နဲ့ အတူပူးပေါင်းကာ အသင်းကို carry ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

ပြိုင်ဘက်ကို split push နဲ့ အစောပိုင်း အာရုံလွှဲပြီး ၃ ခါဆက်တိုက် သေဆုံးခဲ့တဲ့ Ruby DD ရဲ့ Benedetta ဟာလည်း နောက်ပိုင်းမှာ kill များ ပြန်လည်ရရှိလာခဲ့ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ် ယှဥ်ပြိုင် နေကြစဥ်မှာပဲ Ace ရဲ့ Haya ဟာ triple kill ရယူနိုင်ခဲ့ကာ Lord ကိုပါ ရရှိပြီးနောက် ပွဲချိန် ၁၅ မိနစ်ကျော်မှာ Burmese Ghouls တို့ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Upper Bracket ကို ရောက်ရှိသွားပြီဖြစ်တဲ့ Burmese Ghouls တို့ရဲ့ ယှဥ်ပြိုင်မှုများကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်မယ့် playoff ပွဲစဥ်များအတွင်း ထပ်မံမြင်တွေ့ကြရဦးမှာပါ။ Burmese Ghouls အသင်းအနေနဲ့ M2 World Championship မှာ အောင်ပန်းဆင်ပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်စေဖို့အတွက် ပရိသတ်များနဲ့အတူ Gaming Noodle မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

By ComBo (Htet Wai Yan)

Photos Credit to Burmese Ghouls Facebook