M2 World Championship မှာ အံ့မခန်း လက်စွမ်းပြနိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့ရတဲ့ Burmese Ghouls

 

မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တဲ့ M2 World Championship ပြိုင်ပွဲကြီးအတွင်း မြန်မာကိုယ်စားပြုအသင်းအဖြစ် ယှဥ်ပြိုင်နေခဲ့တာကတော့ Burmese Ghouls ပါ။ ပြိုင်ပွဲရဲ့ ဂရင်းဖိုင်နယ်ကို upper bracket ကနေ တက်ရောက်သွားနိုင်ခဲ့တဲ့ Burmese Ghouls ဟာ ယင်းနောက်ဆုံး BO7 ပွဲစဥ်များမှာတော့ Bren Esports ကို ၃ – ၄ ရလဒ်နဲ့ ကပ်ပြီး ရှုံးနိမ့်ကာ 1st Runner-Up အဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ကြတဲ့ ဒီပွဲစဥ်များအတွင်း ၂ ဘက်လုံးရဲ့ လက်ရည်ကွာခြားမှုက လွန်စွာနည်းပါးနေခဲ့တာတော့ အမှန်ပါ။ ပထမဆုံးပွဲနဲ့ ဒုတိယပွဲများမှာ Bren Esports က စတင်အနိုင်ရခဲ့တာဖြစ်ပေမယ့် ယင်းနောက်မှာ Burmese Ghouls တို့ဟာ ၃ ပွဲဆက် အနိုင်ရအောင် ပြန်လည်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၂ ပွဲမှာတော့ အနည်းငယ် ချွတ်ချော်မှုလေးများရှိပြီး ရှုံးနိမ့်သွားခဲ့တဲ့အတွက် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Game-1

ပထမဆုံးပွဲမှာ Burmese Ghouls တို့ဘက်က Ace ရဲ့ Yi Sun Shin, Kid ရဲ့ Silvana, May Be ရဲ့ Jawhead, Ruby DD ရဲ့ Harith နဲ့ Dee ရဲ့ Yu Zhong တို့ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် Dee ရဲ့ Yu Zhong ဟာ ယခင်ပွဲစဥ်များအတွင်း Bren Esports ကို ရင်ဆိုင်ခဲ့ရာမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ဖူးပြီး ကျန် hero များဟာလည်း ယခင်ပွဲများမှာ Burmese Ghouls တို့ pick တာ များခဲ့တဲ့ hero များ ဖြစ်ကြပါတယ်။

ပွဲရဲ့ အစောပိုင်းမှာ Ruby DD ရဲ့ Harith ဟာ ပြိုင်ဘက် hyper ဖြစ်သူ Claude ကို first blood စတင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပထမဆုံး Turtle ကိုလည်း ရယူနိုင်ခဲ့တာမို့ ဒီပွဲမှာ Burmese Ghouls တို့ အသာစီးရမ​ယောင် အခြေအနေဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယမြောက် Turtle battle မှာတော့ Yi Sun Shin သေဆုံးသွားခဲ့လို့ Turtle ပေးလိုက်ရသလို killing spree ဖြစ်နေတဲ့ Harith ကို ပြိုင်ဘက် Claude က shut down လုပ်လိုက်နိုင်လို့ ၂ သင်းလုံးဟာ တူညီတဲ့အနေအထားကို ပြန်လည်ရောက်ရှိခဲ့ရပါတယ်။ Burmese Ghouls တို့ဟာ အလျော့မပေးပဲ Claude ကို လိုက်လံရှင်းလင်းခဲ့သလို တတိယမြောက် Turtle ကိုလည်း အရယူနိုင်ခဲ့ပါတယ်။

ယင်းနောက်မှာ Burmese Ghouls တို့ဟာ ပွဲကို split push ပုံစံနဲ့ ကစားခဲ့လို့ ၈ မိနစ်ခန့်မှာ tower များ အလွန်သာနေခဲ့ပါတယ်။ ဒါပေမယ့် ဒီ split push ကြောင့်ပဲ Lord ပေါ်လာချိန်မှာ ရင်ဆိုင်ရတဲ့ battle များကို ရှုံးနိမ့်ခဲ့သွားရပြီး ပထမဆုံး Lord ကိုပါ ပေးလိုက်ရသည်အထိ ဖြစ်လာခဲ့ပြန်ပါတယ်။

ယင်း Lord ရောက်ရှိလာချိန်မှာ Burmese Ghouls တို့ဟာ mega မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ၁၅ မိနစ်ခန့်မှာ ပြိုင်ဘက် Claude နဲ့ Alice တို့ကတော့ mega kill ကိုယ်စီရသည်အထိ လက်ကုန်ထုတ် ကစားနေခဲ့ပါတယ်။ နောက်ဆုံးမှာ Claude ကို ရှင်းလင်းနိုင်ခဲ့ပေမယ့် Burmese Ghouls အသင်းသားအမြောက်အများလည်း ကျဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ပြိုင်ဘက် ၄ ယောက်ကို ရင်ဆိုင်ဖို့ လွန်စွာခက်ခဲခဲ့တာမို့ ဒီပွဲကို ရှုံးနိမ့်သွားခဲ့ရပါတယ်။

Game-2

ဒုတိယမြောက်ပွဲမှာ Burmese Ghouls တို့ဟာ Dee ကို Yu Zhong ထပ်မံကစားစေခဲ့ပြီး Ace ရဲ့ Roger, Kid ရဲ့ Vale, May Be ရဲ့ Atlas နဲ့ Ruby DD ရဲ့ Benedetta တို့နဲ့အတူ တွဲဖက်ခဲ့ပါတယ်။ တစ်ဖက်အသင်းကတော့ Yi Sun Shin, Selena, Baxia, Chou နဲ့ Pharsa တို့လို အစောပိုင်း damage များပြားလှတဲ့ hero များကို ထုတ်ပြီး ဂိမ်းကို အစောပိုင်းတည်းက ဖိ ကစားနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။
ဒီပွဲမှာ May Be ရဲ့ Atlas ဟာ ပြိုင်ဘက် Selena ကို first blood ပေးလိုက်ရပြီး ယင်းမတိုင်မီတည်းက Yi Sun Shin ကိုလည်း ပထမဆုံး Turtle ​ပေးထားရပါတယ်။ Chou အပါအဝင် ပြိုင်ဘက်အသင်းသားများဟာ Burmese Ghouls အသင်းသားများကို ဖမ်းရာမှာ အလွန်ကောင်းနေခဲ့လို့ Burmese Ghouls တို့အတွက် ရင်ဆိုင်ရ ခက်ခဲနေခဲ့ပြီး ဒုတိယမြောက် Turtle ထပ်မပေးရခင်တည်းက kill လည်း အပြတ်အသတ် ကွာဟနေခဲ့ရပါတယ်။

အထူးသဖြင့် ဒီပွဲမှာ Ace ရဲ့ Roger အပါအဝင် Burmese Ghouls အသင်းသားများဟာ ပြိုင်ဘက်အသင်းရဲ့ magic damage နဲ့ လျှပ်တစ်ပြက် လှုပ်ရှားမှုများကို မခံနိုင်ဖြစ်နေခဲ့ရတာပါ။ ပထမဆုံး Lord ပေးလိုက်ရချိန်မှာ ပြိုင်ဘက်အသင်းရဲ့ Chou က လွဲရင် ကျန်အသင်းသားများအနေနဲ့ တစ်ခါမှ သေဆုံးထားခြင်း မရှိသလို Lord ရောက်လာချိန်မှာလည်း Roger သေဆုံးသွားခဲ့လို့ ဒုတိယမြောက်ပွဲကိုလည်း Burmese Ghouls တို့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။

Game – 3

ဒီပွဲမှာ Burmese Ghouls တို့ဟာ Ace ကို Yi Sun Shin ပြန်ပေးကာ မကျေပွဲနွဲစေခဲ့ပြီး Kid ရဲ့ Mathilda, May Be ရဲ့ Silvana, Dee ရဲ့ Lapu Lapu နဲ့ ထူးခြားတဲ့ pick တစ်ခုအဖြစ် Ruby DD ရဲ့ Chou ကို ပွဲထုတ်လာခဲ့ပါတယ်။ ပြိုင်ဘက်အသင်းဟာ hyper အဖြစ် Claude ကို ပြန် pick ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Burmese Ghouls ဘက်က Chou နဲ့ Silvana တို့ရဲ့ ဖမ်းဆီးမှုများကို အလူးအလဲခံခဲ့ရတဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။

ဒီပွဲအတွင်း Ace ရဲ့ Yi Sun Shin ဟာ Turtle ၃ ကောင်လုံးကို ဆက်တိုက်ရရှိခဲ့သလို Lord ကိုလည်း အလွယ်တကူပဲ ရယူနိုင်ခဲ့ပါတယ်။ Burmese Ghouls တို့ဟာ တစ်ပွဲလုံးမှာ map ကို ပိုင်နိုင်စွာ ထိန်းချုပ်ကစားနေခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းအနေနဲ့ Atlas + Kagura တွဲလုံးကို ထုတ်သုံးကာ အခြေအနေပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ပထမဆုံး Lord ကို ခေါ်ဆောင်လာချိန်မှာတော့ Burmese Ghouls တို့ဟာ mega အကုန်လုံးရအောင် တစ်ဆက်တည်း ယူနိုင်ခဲ့သလို မကြာခင်မှာပဲ ဂိမ်းကိုလည်း ချောမွေ့စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ယခင်ပွဲပေါင်းများစွာမှာ အောင်မြင်လာတဲ့ ပြိုင်ဘက်ရဲ့ Claude အတွက်တော့ farming နည်းပါးစွာနဲ့ ကံဆိုးလွန်းတဲ့ ပွဲတစ်ပွဲဖြစ်သွားခဲ့ရပါတယ်။

Game – 4

ဒီ စတုတ္ထမြောက်ပွဲမှာ Burmese Ghouls တို့ဟာ လွန်စွာအောင်မြင်ခဲ့ဖူးတဲ့ Dee ရဲ့ Claude ကို ထုတ်သုံးလာခဲ့ပါတယ်။ Ace ကတော့ ယခင်ပွဲများအတိုင်း Yi Sun Shin ကစားသွားခဲ့သလို Kid က Lunox, May Be က Jawhead နဲ့ Ruby DD က Grock တို့ကို အသီးသီးကိုင်တွယ်ကစားခဲ့ကြပါတယ်။

ပွဲရဲ့ အစောပိုင်း အခြေအနေကတော့ ပြိုင်ဘက်အသင်းရဲ့ Lancelot ကို triple kill ပေးလိုက်ရခြင်းနဲ့ စတင်လာခဲ့ပါတယ်။ ဒါကြောင့် Burmese Ghouls တို့အတွက် လွန်စွာ နိမ့်ပါးတဲ့ အနေအထားကို ဆိုက်ရောက်လာခဲ့ပြီး Turtle များကို ဆက်တိုက် ဆုံးရှုံးခဲ့ရသလို ၇ မိနစ်ခန့်မှာ Lancelot ဟာ legendary ရသည်အထိ kill များလည်း အပြတ်အသတ် ကွာဟလာခဲ့ပါတယ်။

Dee ရဲ့ Claude ဟာ ဒီအခြေအနေမှာ မသေအောင် အဓိကထား ရှောင်တိမ်း ဆော့ကစားနေခဲ့ရပါတယ်။ ပွဲချိန် ၉ မိနစ်ကျော်မှာတော့ ပြိုင်ဘက် Lancelot ဟာ အမှားတစ်ခုကို ပြုလုပ်မိကာ shut down ပေးလိုက်ရပြီး Burmese Ghouls တို့ရဲ့ comeback ပွဲအဖြစ် စတင်လာခဲ့ပါတယ်။

ယင်းအချိန်က စ လို့ Burmese Ghouls တို့ဟာ သေရာက ပြန်ထွက်လာတဲ့ Lancelot ကို ချက်ချင်းအိမ်ပြန်ပို့သည်အထိ ပွဲကို ဆက်တိုက် ပြန်လည်ဖိနှိပ်ကစားလာခဲ့ပါတယ်။ ထိုအချိန်ဟာ Lord ပေါ်ထွက်လာချိန်နဲ့လည်း တိုက်နေတဲ့အတွက် Lord ကို ချောမွေ့စွာ ရယူနိုင်ခဲ့သလို all mega ကိုပါ ထပ်မံရရှိခဲ့ပြီး Burmese Ghouls တို့ ပွဲကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။

Game – 5

Ace ရဲ့ Claude ကို hyper အဖြစ် ပွဲထုတ်လာခဲ့တဲ့ ဒီပွဲဟာ Burmese Ghouls တို့အတွက် စတုတ္ထ​မြောက်ပွဲ နဲ့ ပုံစံတူလှတဲ့ comeback ပွဲတစ်ပွဲပါ။ ဒီပွဲအတွင်းမှာ Dee ရဲ့ Yu Zhong ကိုလည်း ပြန်လည် တွေ့မြင်ခဲ့ရပြီး Kid ရဲ့ Selena, Ruby DD ရဲ့ Harith နဲ့ May Be ရဲ့ Akai တို့ ပါဝင်လာခဲ့ပါတယ်။

Burmese Ghouls ဘက်က Kid ရဲ့ Selena ဟာ first blood ကို အရင်ဆုံး ရရှိခဲ့တာ​ဖြစ်ပေမယ့် ပထမဆုံး Turtle battle က စ လို့ အရေးနိမ့်သွားခဲ့ရပြီး Yi Sun Shin ပါဝင်တဲ့ ပြိုင်ဘက်အသင်းကို Turtle များ ဆက်တိုက်ပေးခဲ့ရပါတယ်။ Dee ရဲ့ Yu Zhong ရှိတဲ့ လမ်းကိုလည်း ပြိုင်ဘက်အသင်းက အတင်းဖိအားပေးနေခဲ့တဲ့အတွက် အတော်လေး ခက်ခဲတဲ့အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် Burmese Ghouls ဘက်က အဓိက သေထားသူများဟာ Selena နဲ့ Akai တို့သာဖြစ်ပြီး တကယ်အရေးကြီးတဲ့ Ace ရဲ့ Claude နဲ့ Ruby DD ရဲ့ Harith တို့ လွတ်နေခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်ကျော်မှာတော့ Burmese Ghouls တို့ဟာ ပြိုင်ဘက်အသင်းကို wipe out နီးပါး ရှင်းလင်းနိုင်ခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပါတယ်။

ယင်းနောက်မှာတော့ Burmese Ghouls တို့ဟာ Lord ကို အေးဆေးစွာ ယူနိုင်ခဲ့သလို ပွဲကိုလည်း အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ထူးခြားတာကတော့ ပွဲပြီးဆုံးသည်အထိ တစ်ခါမှ မ​သေသွားခဲ့တဲ့ Ace ရဲ့ Claude ပဲ ဖြစ်ပါတယ်။

Game – 6

Burmese Ghouls တို့ဟာ ဒီပွဲမှာ နောက်ဆုံး pick အနေနဲ့ Ace ကို Hayabusa ပေးခဲ့ပြီး Kid ရဲ့ Natalia, May Be ရဲ့ Baxia, Dee ရဲ့ Yu Zhong နဲ့ Ruby DD ရဲ့ Pharsa တို့ကို တွေ့​မြင်ခဲ့ရပါတယ်။ ပြိုင်ဘက်အသင်းရဲ့ Brody first pick ဟာ အတော်မှန်သွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး Burmese Ghouls တို့အတွက် ယင်းကို ဖြေရှင်းဖို့ ခက်ခဲလှတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ပြိုင်ဘက် Brody ဟာ အစောပိုင်းမှာတည်းက first blood ရရှိသွားခဲ့တာဖြစ်ပေမယ့် Burmese Ghouls တို့ဟာ Turtle ကို ပြန်ယူနိုင်ခဲ့သလို kill များကိုလည်း အသာစီးရအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယမြောက် Turtle ကို ပြိုင်ဘက်က ရရှိသွားပြီး ပွဲချိန် ၅ မိနစ်ကျော်မှာ Brody ဟာ ပွဲကို ပြန်လည်ဦးဆောင်လာခဲ့ပါတယ်။

အပြင်းအထန် ယှဥ်ပြိုင်နေခဲ့ကြစဥ်မှာပဲ ပြိုင်ဘက်အသင်းဟာ Lord ကို အရယူသွားခဲ့ပြီး mega ၂ လမ်း ရရှိသွားခဲ့ပါတယ်။ အထူးသဖြင့် ဒီပွဲမှာ Ace ရဲ့ Hayabusa အနေနဲ့ Brody ကို သတ်ဖို့ ခက်ခဲနေခဲ့သလို Chou နဲ့ Alice တို့ ပါဝင်တဲ့ ပြိုင်ဘက်တစ်သင်းလုံးရဲ့ လိုက်လံဖမ်းဆီးနေမှုကြောင့် Burmese Ghouls တို့ ရှုံးနိမ့်ခဲ့ရပါတယ်။

Game – 7

ပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ ဒီနောက်ဆုံးပွဲမှာ Burmese Ghouls တို့ဟာ Ace အတွက် Brody ကို ပထမဆုံး pick အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ Dee အတွက် Lapu Lapu, Kid အတွက် Lunox, May Be အတွက် Minsitthar နဲ့ Ruby DD အတွက် Grock တို့ကို ဆက်လက်ရွေးချယ်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းကတော့ Claude နဲ့ Baxia ကို အရင်ဆုံးယူသွားခဲ့ပြီး Chou, Harith နဲ့ Luo Yi တို့လို သန်မာလှတဲ့ hero များကို ထပ်မံရယူခဲ့ပါတယ်။

First blood ကို Burmese Ghouls ဘက်က Dee ရဲ့ Lapu Lapu က Luo Yi ကို သတ်ကာ စတင်ရရှိခဲ့ပေမယ့် ပထမဆုံး Turtle battle မှာ ယင်း Luo Yi ကပဲ double kill ​ပြန်လည် ရရှိသွားလို့ Turtle ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ပွဲချိန် ၆ မိနစ်ခန့်မှာ Burmese Ghouls ဘက်က kill ပြန် သာလာခဲ့ပေမယ့် free farm နေတဲ့ Claude ရောက်ရှိလာချိန်မှာတော့ ပြိုင်ဘက်အသင်းကပဲ ထပ်မံဦးဆောင်လာခဲ့ပါတယ်။

Burmese Ghouls တို့ဟာ Claude, Harith နဲ့ Chou တို့ကို ထိန်းဖို့အတွက် Minsitthar ထုတ်ထားခဲ့တာဖြစ်ပေမယ့် တကယ့်လက်တွေ့မှာတော့ အလုပ်ဖြစ်ဖို့ လွန်စွာခက်ခဲနေခဲ့ပါတယ်။ အထူးသဖြင့် နောက်ဆုံး Lord battle မှာ Minsitthar ဟာ Chou ကို သတ်ဖို့ ultimate သုံးလိုက်ရတဲ့အတွက် Claude နဲ့ Harith တို့ အခွင့်ကောင်းရရှိသွားကာ Lord ကိုပါ ပေးလိုက်ရပြီး နောက်ဆုံးမှာတော့ Burmese Ghouls တို့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

မည်သို့ပင်ဖြစ်စေ Burmese Ghouls တို့ဟာ နိုင်ငံတကာက အင်အားအကောင်းဆုံး MLBB အသင်းများတောင် ရောက်ရှိဖို့ အလွန်တရာ ခက်ခဲလှတဲ့ M2 World Championship ပြိုင်ပွဲကြီးရဲ့ ဂရင်းဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး 1st Runner-Up အဖြစ် မြန်မာ့ Esports လောကအတွက် ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ။ ဒါကြောင့် မြန်မာပရိသတ်များအားလုံးကတော့ ယခုလို စွမ်း​ဆောင်ပြနိုင်ခဲ့တဲ့ Burmese Ghouls အသင်းကို အမြဲထာဝရ အမှတ်ရနေကြမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

By ComBo (Htet Wai Yan)

Photos Credit to Burmese Ghouls Facebook