အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် Closed Beta စတင်လာ​​ပြန်တဲ့ LoL: Wild Rift

 

စက်တင်ဘာလ ၁၆ ရက်နေ့က စ လို့ League of Legends: Wild Rift ဟာ ရက်သတ္တပါတ် အနည်းငယ်ခန့် ကြာမြင့်အောင် Closed Beta ကို ပြုလုပ်သွားမှာဖြစ်ကြောင်း မကြာသေးမီကထွက်ပေါ်လာခဲ့တဲ့ /dev diary ဗီဒီယိုတစ်ခုအတွင်းမှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ယခု Closed Beta ဟာ အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား စ တဲ့နိုင်ငံများအတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်ကြောင်းလည်း ယင်းကြေညာချက်အတွင်း ပါဝင်လာခဲ့ပါတယ်။

ဒီ Closed Beta ဟာ ဂိမ်းထွက်ပေါ်လာချိန်မှာ အဆင်သင့်ဖြစ်အောင် အဘက်ဘက်က စမ်းသပ်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် gameplay ပိုင်းနဲ့ system ပိုင်းဆိုင်ရာများ၊ ဂိမ်းကစားရင်းကြုံတွေ့ရမယ့် progress များ၊ rank စနစ်များနဲ့ ဂိမ်းတည်ဆောက်ထားပုံများ စတာတွေကိုလည်း ယင်းဗီဒီယိုအတွင်းမှာ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Closed Beta ကို ပထမဆုံး စမ်းသပ်ကစားခွင့်ရမယ့်နိုင်ငံကတော့ အင်ဒိုနီးရှားပါ။ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီ (GMT+8) က စ လို့ အင်ဒိုနီးရှားနိုင်ငံအတွင်းက ကြိုတင် pre-register လုပ်ထားသူအချို့ကို ရွေးချယ်ကာ စတင်ဝင်ရောက်ကစားခွင့်ပြုသွားမှာဖြစ်ပါတယ်။ ယင်းနောက်ပိုင်း စက်တင်ဘာလ ၁၈ ရက်နေ့အရောက်မှာတော့ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စ တဲ့နိုင်ငံများကိုပါ ကစားခွင့်ပြုသွားမှာဖြစ်ပြီး အခြားနိုင်ငံများကိုလည်း အချိန်ကြာမြင့်လာတာနဲ့အမျှ ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာအလှည့်ကျဒေသများမှာရှိတဲ့ နာမည်ကြီး content creator များ၊ media များနဲ့ အထူးရွေးချယ်ခြင်း ခံထားရသူများတော့ Wild Rift ကို လာရောက်စမ်းသပ်ကစားဖို့ တိုက်ရိုက်ဖိတ်ခေါ်မှုများကို ရရှိလာကြမှာပါ။ အောက်တိုဘာလ အစောပိုင်းမှာတော့ Closed Beta ကာလပြီးဆုံးသွားမှာဖြစ်ပြီး အကောင့်များကိုလည်း reset ပြန်လည်ပြုလုပ်သွားမှာဖြစ်ပါတယ်။

Closed Beta အတွင်းမှာ Wild Rift ရဲ့ ဂိမ်းတွင်းငွေကြေးဖြစ်တဲ့ Wild Cores ဝယ်ယူသူများအတွက်ကိုတော့ နောက်ပိုင်းဂိမ်းပြန်လည်ထွက်ပေါ်လာချိန်မှာ အပို ၂၀ ရာခိုင်နှုန်း ထပ်မံပေါင်းပေးသွားမယ်လို့ ဆိုပါတယ်။ /dev diary ဗီဒီယိုအတွင်း ပါဝင်ခဲ့တဲ့အခြားအချက်အလက်အချို့ကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

Champion သစ်များ

ယခုထွက်ပေါ်လာတဲ့ Closed Beta အတွင်းမှာ ယခင်က Alpha test ဗားရှင်းမှာ မပါဝင်ခဲ့တဲ့ champion သစ်များအနေနဲ့ Amumu, Dr. Mundo, Jarvan IV, Sona, Singed နဲ့ Varus တို့ကို ထည့်သွင်းထားပါတယ်။

ဂိမ်းတွင်းအလှဆင် cosmetic items များ

ယခု Closed Beta အတွင်းမှာ skin များအပြင် အခြားအလှဆင် cosmetic item များကိုလည်း ဝယ်ယူနိုင်ကြမှာပါ။ Wild Rift ရဲ့ ဂိမ်းတွင်းငွေကြေးကတော့ Wild Core ဖြစ်ပြီး ယင်းကိုအသုံးပြုကာ skin များ၊ emote များ၊ recall များ အစရှိသဖြင့် item ပေါင်း ၃၀၀ နီးပါးကို ဝယ်ယူနိုင်အောင် ထည့်သွင်းထားပါတယ်။ ဒါ့အပြင် champ pose အသစ်များ၊ in-game emblem များနဲ့ bauble များ စ တာတွေလည်း ပါဝင်လာပါတယ်။

Rank စနစ်

League of Legends ကစားသမားများ ယခင်ကတွေ့မြင်ခဲ့ဖူးခြင်း မရှိတဲ့ Emerald ဆိုတဲ့ rank tier သစ်ကို Wild Rift အတွင်းမှာ စတင်ထည့်သွင်းလာပါတယ်။ Wild Rift ဂိမ်းတွင်း rank အမြင့်ပိုင်း tier များမှာတော့ Victory Point များကို စုဆောင်းကာ တက်လှမ်းကြရမှာဖြစ်ပြီး PC ပေါ်က League of Legends မှာ League Points များကို စုဆောင်းခြင်းနဲ့ အလားသဏ္ဍာန်တူပါတယ်။

Camera နဲ့ control ပိုင်းဆိုင်ရာများ

ယခင် Alpha test နဲ့ စာရင် ဂိမ်းတွင်း camera နဲ့ control များကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထားပါတယ်။ Semi-locked camera စနစ်၊ minimap ပေါ် လှုပ်ရှားမှုများ၊ custom button layout များ စတာတွေကို ကစားသမားများ အဆင်ပြေသလို ပြောင်းလဲနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

iOS testing

Wild Rift ကို Android ပေါ်ကသာမက iOS ပေါ်ကပါ ကစားနိုင်ကြမှာဖြစ်ကြောင်းကိုလည်း ကြေညာထားပါသေးတယ်။ iOS အသုံးပြုသူများဟာ Wild Rift ရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာပေါ်မှာ sign up သွားရောက်ပြုလုပ်ထားဖို့ လိုအပ်မှာဖြစ်ပြီး ယင်း iOS testing ဟာ Closed Beta နဲ့ အပြိုင် အချိန်ကာလတစ်ခုကြာမြင့်အောင်ရှိနေမှာဖြစ်ပါတယ်။

​Wild Rift ထွက်ရှိမှာဖြစ်ကြောင်း စတင်ကြေညာခဲ့တာဟာ တစ်နှစ်နီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်လို့ ပရိသတ်များကတော့ ယခုလိုထပ်မံစမ်းသပ်မှုများအစား တရားဝင်ထွက်ရှိမယ့်အချိန်ကိုသာ လွန်စွာ မျှော်လင့်နေကြတာပါ။ ဒါပေမယ့် လေ့လာသူအချို့ကတော့ Riot ဟာ Wild Rift ကို ပေါ့ပေါ့တန်တန် မထုတ်လုပ်လိုပဲ Esports အနှစ်သာရပြည့်ဝတဲ့ဂိမ်းတစ်ခုဖြစ်လာအောင် ကြိုးပမ်းနေတာမို့ ယခုလို စမ်းသပ်မှုပေါင်းများစွာနဲ့ ကြာမြင့်နေတာဖြစ်ကြောင်း သုံးသပ်လျက်ရှိကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: ign