League of Legends ရဲ့ Season 2021 အဖွင့် Livestream မှာ ကြေညာခဲ့တဲ့ Wild Rift အနာဂတ်အစီအစဥ်များ

 

Riot Games ဟာ League of Legends YouTube ချန်နယ်ပေါ်မှာ Season 2021 အဖွင့် livestream တစ်ခုကို မကြာသေးမီက လွှင့်တင်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်အတွင်း PC ပေါ်က League of Legends, Wild Rift, Legends of Runeterra နဲ့ Teamfight Tactics တို့အတွက် ပြုလုပ်သွားမယ့် အနာဂတ်အစီအစဉ်များအ​ကြောင်း ထုတ်ဖော် ကြေညာသွားခဲ့ပါတယ်။ ယင်းဗီဒီယိုအတွင်း Wild Rift အစီအစဉ်များအကြောင်း ရှင်းလင်းပြောကြား သွားခဲ့သူကတော့ ဂိမ်းဒီဇိုင်းပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ Brian “Feralpony” Feeney ဖြစ်ပြီး ၂၀၂၁ တစ်လျှောက်လုံးမှာ ချန်ပီယံသစ်များရော event သစ်များပါ မြောက်များစွာ ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။

Brian “Feral Pony” Feeney

Feralpony ရဲ့ အဆိုအရ မြောက်အမေရိကနဲ့ တောင်အမေရိကဒေသများဟာ Wild Rift ကို တရားဝင် ကစားခွင့်ရရှိဖို့အတွက် မတ်လအထိ စောင့်ဆိုင်းကြရဦးမှာပါ။ အိန္ဒိယဒေသဟာလည်း အလားတူစွာ ဆက်လက်စောင့်ဆိုင်းရမှာဖြစ်ပြီး ဒီ နှောင့်နှေးမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်ပေါ်နေတဲ့ Covid-19 lockdown များကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းဒေသများထံ Wild Rift ရောက်ရှိလာခဲ့ရင် ကစားသူများအနေနဲ့ ချန်ပီယံများ အမြန် unlock လုပ်နိုင်အောင် စီစဥ်ပေးသွားမှာဖြစ်ကြောင်းကိုလည်း Feralpony က ပြောသွားခဲ့ပါတယ်။

လက်ရှိအချိန် Wild Rift မှာ ချန်ပီယံ ၅၀ ကျော်သာ ရှိ​သေးပြီး ယခုနှစ်အတွင်း တစ်လလျှင် ချန်ပီယံသစ် ၂ ကောင်စီ ထည့်သွင်းသွားဖို့ ရည်ရွယ်ထားတယ်လို့ Feralpony က ဆိုပါတယ်။ ဒါ့အပြင် Wild Rift အတွက် အနီးဆုံးရောက်ရှိလာမယ့် event ဟာ Tales of Runeterra ဖြစ်ကာ ဖေဖော်ဝါရီလအတွင်းမှာ Lunar Beast event ရောက်ရှိလာမှာဖြစ်ကြောင်းနဲ့ Wild Rift ပေါ်မှာပဲ သီးသန့်မြင်တွေ့နိုင်မယ့် Miss Fortune skin ပါဝင်လာတော့မှာဖြစ်ကြောင်းတို့ကိုလည်း ပြောသွားခဲ့ပါတယ်။

Wild Rift အတွင်း ထပ်မံပါဝင်လာဦးမယ့် skin line များကတော့ High Noon, Pentakill, Head Hunter နဲ့ Star Guardian တို့ဖြစ်ပြီး ARAM (All Random, All Mid) game mode သစ်ကို ထည့်သွင်းဖို့လည်း စမ်းသပ်နေပြီလို့ Feralpony က ပြောသွားခဲ့ပါတယ်။ PC ပေါ်က League of Legends နည်းတူ Wild Rift Esports ပြိုင်ပွဲများ အနာဂတ်မှာ ပြုလုပ်ဖို့ အစီအစဉ်ရှိကြောင်းကိုလည်း Feralpony က အရိပ်အမြွတ်ပြောသွားခဲ့ပါတယ်။

Wild Rift ပရိသတ်များကြား လတ်တလောရေပန်းစားနေတဲ့ အနာဂတ် ချန်ပီယံသစ် Katarina နဲ့ Rammus တို့အကြောင်းလည်း livestream ဗီဒီယိုအတွင်း ပါဝင်လာခဲ့ပါတယ်။ ရှင်းလင်းပြသချက်များအရ Wild Rift ရဲ့ Katarina ဟာ ultimate အသုံးပြုရင်း ဖြေးညှင်းစွာ ရွေ့လျားလို့ရမှာဖြစ်ပြီး Rammus မှာတော့ အလိုလျောက်လိမ့်ကာ movement speed တိုးစေမယ့် passive ပါဝင်လာမှာပါ။ ယင်းချန်ပီယံများကို မိုဘိုင်းလ် control များနဲ့ ကိုက်ညီမှုရှိစေဖို့ ယခုလို ပြုပြင်လိုက်ရတာဖြစ်တယ်လို့ Feralpony က ဆိုပါတယ်။

Rammus

ဒါ့အပြင် ယခုနှစ်အတွင်း Dr Mundo နဲ့ ပတ်သက်လို့ ပြင်ဆင်မှုများပြုလုပ်ဦးမှာဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွက် Wild Rift အနာဂတ်အစီအစဉ်များအကြောင်းကို ဂိမ်းချစ်သူ ပရိသတ်များ သိရှိနိုင်စေဖို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, League of Legends youtube