လောင်းကစားပြုလုပ်ရန် Dota2 ပြိုင်ပွဲအတုများ ဖန်တီးခဲ့ကြောင်း ထုတ်ဖော်ခဲ့တဲ့ Liquipedia

 

Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် Dota 2 ပြိုင်ပွဲများအားလုံးကို အွန်လိုင်းပေါ်ကနေသာ ကျင်းပနေခဲ့ရတာ ယခုဆိုရင် ၆ လ ကျော် အချိန်ကာလထဲကိုရောက်ရှိလာခဲ့ပါပြီ။ Esports လောကအတွင်း Dota 2 ပြိုင်ပွဲများ ဆက်လက်ရှင်သန် နေစေဖို့အတွက် ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများအနေနဲ့ ခက်ခဲစွာ ကြိုးပမ်း နေခဲ့ရတာဟာလည်း ကာလအတော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

ယခုနှစ် မတ်လက စလို့ ယခုအချိန်ထိ LAN ပြိုင်ပွဲလုံးဝမရှိတဲ့အတွက် ပြိုင်ပွဲကျင်းပသူများဟာ ငွေကို နည်းနည်းချင်းစီ အသုံးပြုကာ အွန်လိုင်းပြိုင်ပွဲငယ်လေးများ စဉ်ဆက်မပြတ်ကျင်းပနိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။ Dota 2 လောကအတွင်းက အသင်းအမြောက်အများဟာလည်း ဆုကြေးငွေပမာဏနည်းပါးတဲ့ ပြိုင်ပွဲလေးများ ကြောင့် ဆက်လက်ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာသလို အချို့ဆိုရင် အသင်းဖျက်သိမ်းမှုများကိုပါ ပြုလုပ်ခဲ့ကြ ရပါတယ်။

ဒီလိုအခက်အခဲများကြုံတွေ့နေကြရတဲ့ Dota 2 လောကအတွင်း ပြိုင်ပွဲအတုများပြုလုပ်ပြီး မသမာတဲ့နည်းလမ်းနဲ့ ငွေရှာအခွင့်ကောင်းယူကြသူများလည်း ယခုနှစ်အတွင်း များပြားလာခဲ့ပါတယ်။ ယင်းတို့ဟာ Liquipedia ဝက်ဘ်ဆိုက်အတွင်း Dota 2 အသင်းအတုများနဲ့ ကစားသမားအတုများကို ထည့်သွင်းကာ ဆိုရှယ်မီဒီယာ အကောင့်တုများ၊ ဂိမ်းတွင်းလက်မှတ်အတုများ စတာတွေကို ပြုလုပ်ပြီး ပြိုင်ပွဲအတုများ ဖန်တီး လာကြတာဖြစ်ပါတယ်။

Liquipedia ဟာ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ Liquipedia ရဲ့ အဆိုအရ Dota 2 ပြိုင်ပွဲအတုပြုလုပ်သူများဟာ ယင်းဝက်ဘ်ဆိုက်ရဲ့ open API နဲ့ လောင်းကစားဝက်ဘ်ဆိုက်များ တိုက်ရိုက်ချိတ်ဆက်ထားပြီး ပြိုင်ပွဲအတုအတွက် Liquipedia စာမျက်နှာရှိရုံနဲ့ လောင်းကစားဝက်ဘ်ဆိုက်များမှာလည်း သွားပေါ်နေမှာကိုသိလို့ အခွင့်ကောင်းယူနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြိုင်ပွဲအတုပြုလုပ်သူများရဲ့ အဓိကရည်ရွယ်ချက်ဟာ ယင်းတို့ကိုအသုံးပြုပြီး လောင်းကစား ဝက်ဘ်ဆိုက်များ ထံကနေ မမျှတတဲ့နည်းလမ်းနဲ့ ငွေရှာဖို့ဆိုတာ ထင်ရှားပါတယ်။ Liquipedia ရဲ့ ပြောကြားချက်အတွင်း ယင်းတို့ရဲ့ ဝန်ထမ်းများနဲ့ အယ်ဒီတာများကို ဒီပြိုင်ပွဲအတုပြုလုပ်သူများက နှောင့်ယှက်မှုများနဲ့ ခြိမ်းခြောက်မှုများစွာပြုလုပ်ခဲ့လို့ အချို့ဆိုရင် နှုတ်ထွက်သွားသည်အထိဖြစ်ခဲ့ရကြောင်းလည်း ပါဝင်ပါတယ်။

Liquipedia ဟာ ဒီပြဿနာကို ကိုင်တွယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းသစ်များကို ထည့်သွင်းလိုက်ကြောင်း ကိုလည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်ထိ Valve ရဲ့ ပါဝင်ကူညီမှုကနည်းပါးနေသေးပြီး ဂိမ်းတွင်း လက်မှတ်များ ထုတ်ပေးခြင်းနဲ့ သက်ဆိုင်တဲ့စနစ်ဟာ ပျော့ကွက်များရှိနေသေးကြောင်း၊ ပြိုင်ပွဲကျင်းပရေး အဖွဲ့အစည်းများ၊ ပံ့ပိုးကူညီသူများနဲ့ လောင်းကစားကုမ္ပဏီများအနေနဲ့လည်း ယင်းတို့ရဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်း များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ကြစေလိုကြောင်းတို့ကိုလည်း ပြောခဲ့ပါတယ်။

Last and Upcoming Tier3 Tournaments

Liquipedia ရဲ့ ကြေညာချက်အတွင်းပါဝင်လာခဲ့တဲ့ အဓိကအချက်အလက်များကတော့

  • Valve အနေနဲ့ tier-three လက်မှတ်ထုတ်ပေးခြင်းနဲ့ သက်ဆိုင်တဲ့စနစ်ကို ပိုမိုကောင်းမွန်အောင်ပြုပြင်ပြီး သံသယဖြစ်ဖွယ် အချက်အလက်များပါဝင်တဲ့ပြိုင်ပွဲများကို လက်မှတ်မထုတ်ပေးသင့်ကြောင်း
  • Valve အနေနဲ့ ယင်းသံသယဖြစ်ဖွယ်ပြိုင်ပွဲများအကြောင်းကို ယခုထက် ပိုပြီးစုံစမ်းဖော်ထုတ်သင့်ကြောင်းနဲ့ လုပ်ပွဲပြုလုပ်ခြင်းနဲ့ ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကြပ်သင့်ကြောင်း
  • Valve က ဦးဆောင်ပြီးဖြစ်စေ၊ ယင်းတို့ကို ကောင်းစွာဆက်သွယ်နိုင်တဲ့အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ပြိုင်ပွဲအတုနဲ့ လုပ်ပွဲများကို စုံစမ်းဖော်ထုတ်မယ့်အသင်းအဖွဲ့တစ်ခုပြုလုပ်သင့်ကြောင်း
  • ပြိုင်ပွဲအတုများနဲ့ လုပ်ပွဲများလို့ သံသယရှိလာခဲ့ရင် ယင်းအသင်းအဖွဲ့ကိုဖြစ်စေ၊ Valve ကိုဖြစ်စေ တိုင်ကြားနိုင်အောင် လည်းပြုလုပ်ထားသင့်ကြောင်း
  • လောင်းကစားဝက်ဘ်ဆိုက်များအနေနဲ့ သံသယဖြစ်ဖွယ် များပြားလှတဲ့လောင်းကြေးပမာဏကြောင့် လောင်းခွင့် ပိတ်ပင်လိုက်ရတဲ့ပွဲများအကြောင်း အများသိအောင် ချပြသင့်ကြောင်း
  • ပြိုင်ပွဲများကို စပွန်ဆာပေးနေသူများအနေနဲ့ ယင်းတို့ ပံ့ပိုးကူညီနေတဲ့ပြိုင်ပွဲများအကြောင်း ကြေညာ ထားသင့်ကြောင်း
  • ပြိုင်ပွဲဝင်အသင်းများအနေနဲ့လည်း ပြိုင်ပွဲအတုများကို မဝင်ရောက်မိစေဖို့ လေ့လာစုံစမ်းမှုများကို ကိုယ်တိုင် ပြုလုပ်ကြသင့်ကြောင်း
  • အသိုင်းအဝိုင်းအနေနဲ့လည်း ပြိုင်ပွဲအတုများနဲ့ လုပ်ပွဲများအကြောင်း ဖော်ထုတ်ဖို့ ယခုထက် ပိုမိုကူညီ ကြစေကြောင်း၊ ဒီလိုပြုလုပ်နိုင်ဖို့အတွက် Liquipedia ရဲ့ Discord ကို ဝင်ရောက်နိုင်ကြောင်း

စတာတွေပဲဖြစ်ကြပါတယ်။ Dota 2 လောကနဲ့ လောင်းကစားလောကအတွင်းက ပြိုင်ပွဲအတု ပြဿနာ အကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: vpesports