PUBG Mobile အသင်းသစ်ကို နာမည်ကျော်ကစားသမား OldBoy နဲ့ စတင်ဖွဲ့စည်းလိုက်တဲ့ Na’Vi

 

Dota 2 နဲ့ CS:GO တို့မှာ သြဇာကြီးမားလှတဲ့ ယူကရိန်း Esports အဖွဲ့အစည်းကြီး Natus Vincere (Na’Vi) ဟာ ယင်းတို့ရဲ့ PUBG Mobile အသင်းသစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ယင်းအသင်းသစ်မှာတော့ မန်နေဂျာအဖြစ် Alexander “Glory” Manoil က တာဝန်ယူမှာဖြစ်ပြီး အသင်းရဲ့ ပထမဆုံးကစားသမားအဖြစ် Dymtro “OldBoy” Bui ကို စတင်ခေါ်ယူထားခဲ့ပါတယ်။

အသက် ၂၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ OldBoy ဟာ PUBG Mobile pro ကစားသမားအဖြစ် ၂ နှစ်ကျော်ကြာအောင် ရပ်တည်လာခဲ့သူပါ။ သူဟာ pro ကစားသမားဘဝကို Team Unique အသင်းသားတစ်ဦးအဖြစ် ၂၀၁၉ နှစ်ဦးပိုင်းမှာ စတင်လာခဲ့တာဖြစ်ပြီး ယင်းနှစ်အတွင်းမှာပဲ PUBG Mobile Star Challenge World Cup ကို အနိုင်ရသည်အထိ အောင်မြင်မှုများရရှိလာခဲ့ပါတယ်။ Team Unique အတွင်းရှိနေခဲ့စဉ်မှာပဲ OldBoy ဟာ PUBG Mobile Club Open – Spring Split: Europe 2019 မှာ MVP ဆုရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Na’Vi အသင်းကို ဝင်ရောက်ခြင်းနဲ့ ပတ်သက်လို့ OldBoy က “အခုလို နာမည်ကြီးအသင်းအဖွဲ့ကြီးကို ဝင်ရောက်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းများကို အကောင်းဆုံးပြသကာ အောင်မြင်မှုသစ်များရရှိအောင် ကြိုးပမ်းစွမ်းဆောင်သွားပါမယ်” လို့ ပြောသွားခဲ့ပါတယ်။

Na’Vi ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ PUBG Mobile ဟာ မိုဘိုင်းလ်ဂိမ်းများအားလုံးထဲမှာ ရှေ့ပြေးဦးဆောင်လျက်ရှိကြောင်း၊ ယင်းတို့အနေနဲ့ PUBG Mobile လောကကို စောင့်ကြည့်နေတာဟာလည်း အလွန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်မှာတော့ နိုင်ငံတကာကစားသမားများ စုစည်းပြီး အသင်းသစ်ဖွဲ့ကာ PUBG Mobile အသိုင်းအဝိုင်းအတွင်း ဝင်ရောက်နိုင်တော့မှာမို့ အလွန်ဝမ်းမြောက်မိကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ Counter-Strike အသင်းတစ်သင်းအနေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ Na’Vi ဟာ CS 1.6 Major ပြိုင်ပွဲများ ကျင်းပနေချိန်တည်းက အလွန်အောင်မြင်နေခဲ့တဲ့အသင်းတစ်သင်းပါ။ Dota 2 အသင်းထပ်မံဖွဲ့စည်းခဲ့ချိန်မှာလည်း ပထမဆုံးစတင်ကျင်းပတဲ့ The International 2011 မှာ ဗိုလ်စွဲသွားခဲ့ပြီး ၂၀၁၄ ခုနှစ်ကျော်ချိန်အထိ ပြိုင်ပွဲများစွာကို အနိုင်ရရှိခဲ့ကာ ပရိသတ်များရဲ့ အထူးတလည်အားပေးခြင်းကို ခံခဲ့ရဖူးပါတယ်။

TI1 Champion NaVi Dota2 Team

Na’Vi လို နာမည်ကြီး Esports အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ PUBG Mobile အသင်းထူထောင်လာခြင်းဟာ အလွန်စိတ်ဝင်စားစရာကောင်းလှပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်က စလို့ တစ်ဟုန်ထိုး တိုးတက်လာခဲ့တဲ့ မိုဘိုင်းလ် Esports လောကဟာ အသစ်ဝင်ရောက်လာသူများနဲ့အတူ ဆက်လက်ထွန်းကားဖို့ အလားအလာများလျက်ရှိပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming