[Unicode]
တရုတ် Dota2 အသင်းတွေမပါဝင်တဲ့ ပထမဆုံး မေဂျာဖြစ်လာနိုင်တဲ့ ESL Los Angeles
တရုတ်နိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပြဿနာကြောင့် နိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ အခက်အခဲပေါင်းစုံ ကြုံတွေ့နေကြရဆဲပါ။ ယင်းပြဿနာကြောင့် တရုတ် Esports လောကဟာလည်း ရိုက်ခတ်မှုများစွာကြုံတွေ့နေရပြီး ပြိုင်ပွဲကြီးများ ကျင်းပဖို့ အချိန်ရွှေ့ဆိုင်းနေရခြင်း၊ နိုင်ငံတကာ Esports ပြိုင်ပွဲများဆီကို တရုတ်ကစားသမားများသွားရောက်နိုင်ဖို့ ဗီဇာခက်ခဲနေခြင်း စသဖြင့် အဆင်မပြေမှုပေါင်းများစွာ ပေါ်ပေါက်နေပါတယ်။
မကြာသေးမီကတော့ ESL One Los Angeles 2020 Major အတွက် တရုတ် qualifier ပွဲစဉ်များကို ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့ကို သွားရောက်ယှဉ်ပြိုင်ရမယ့် တရုတ်အသင်း ၃ သင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အမေရိကန်ဟာ တရုတ်နိုင်ငံသားများ ဝင်ရောက်ခွင့်ကို တင်းကြပ်တဲ့စည်းမျဉ်းများနဲ့ ကန့်သတ်ထားတာဖြစ်လို့ တရုတ်အသင်းများ ဗီဇာရရှိရေးကိစ္စဟာ ခက်ခဲလျက်ရှိပါတယ်။
MDL: Chengdu Major 2019 ကျင်းပရေးမှာ ဦးဆောင်ခဲ့တဲ့ Mar Media ဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဒီအကြောင်းနဲ့ပတ်သက်တဲ့ပို့စ်တစ်ခုကို တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ တင်ခဲ့ပါတယ်။ ယင်းပို့စ်မှာတော့ လာမယ့် LA Major ဟာ တရုတ်အသင်းများ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတဲ့ ပထမဦးဆုံး Major အဖြစ် Dota 2 သမိုင်းမှာ စာရင်းဝင်သွားနိုင်ကြောင်း ရေးသားထားတာပါ။ ဒါကြောင့် တရုတ်အသင်းများ အမေရိကန်ဗီဇာရရှိရေးဟာ ထင်ထားတာထက်တောင် ခက်ခဲနေနိုင်ကြောင်း အများကသုံးသပ်နေကြပါတယ်။

Evil Geniuses အသင်းရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးပြီး လက်ရှိအချိန် Loaded.GG မှာ Ninja, Shroud စတဲ့ နာမည်ကြီး streamer များနဲ့ အတူတကွအလုပ်လုပ်နေသူ Charlie Yang ရဲ့ အမြင်အရတော့ တရုတ်အသင်းများဟာ LA Major ကို သွားရောက်နိုင်ကြလိမ့်မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အယူအဆအရတော့ ရွေးချယ်ခံထားရတဲ့ တရုတ်အသင်းများဟာ တရုတ်နိုင်ငံကနေ စောစီးစွာထွက်ခွာပြီး အမေရိကန်ဗီဇာရရှိနိုင်မယ့်နိုင်ငံတစ်နိုင်ငံမှာ သွားရောက်စောင့်စားနေကြဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ဒီလိုဆောင်ရွက်ပေမယ့် အမေရိကန်ဗီဇာတစ်ခါမှ မရရှိဖူးသေးတဲ့ ကစားသမားသစ်များအတွက်တော့ ဝင်ရောက်ခွင့်ရရှိဖို့ မလွယ်ကူကြောင်းကိုလည်း ဆိုခဲ့ပါသေးတယ်။ တကယ်လို့သာ တရုတ်အသင်းများ မပါဝင်နိုင်လို့ Major ကို ဝင်ရောက်မယ့်အသင်းအရေအတွက်မပြည့်ခဲ့ရင် Starladder Minor က အသင်းများကိုခေါ်ယူပြီး အစားထိုးဖြည့်ထည့်သွားနိုင်တဲ့အလားအလာရှိကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

Charlie Yang ပြောခဲ့တဲ့အခြေအနေအတိုင်း Dota 2 caster တစ်ဦးဖြစ်သူ V1lat ကလည်း ပြောခဲ့ပြီး သူ့ရဲ့အဆိုအရတော့ LA Major ဝင်ရောက်ခွင့်ကို ရရှိထားတဲ့ တရုတ်အသင်း IG, RNG နဲ့ EHOME တို့ဟာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မတိုင်မီမှာ တရုတ်နိုင်ငံအတွင်းကနေ ထွက်ခွာပြီး အခြားနိုင်ငံတစ်နိုင်ငံမှာ စောင့်စားနေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ တရုတ်အသင်းများ ၂ ပတ်ကျော် စောင့်ဆိုင်းနေကြရမယ့် ယင်းနိုင်ငံမှာ စခန်းသွင်းလေ့ကျင့်နိုင်ဖို့ လိုအပ်တဲ့အရာများလည်း အပြည့်အစုံအဆင်သင့်ရှိနေဖို့လိုအပ်တဲ့အတွက် ဒီကိစ္စဟာမလွယ်ကူလှကြောင်းကိုလည်း V1lat က ပြောခဲ့ပါသေးတယ်။
TI5 ကို အနိုင်ရရှိခဲ့ဖူးပြီး လက်ရှိမှာ LA Major ကို ဝင်ရောက်ခွင့်ရရှိထားတဲ့ NiP အသင်းရဲ့ ခေါင်းဆောင်ဖြစ်သူ PPD ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ “ကျွန်တော်တို့အားလုံး ပြဿနာအကြီးအကျယ်တက်ပြီလို့တော့ ထင်ပါတယ်။ တရုတ်အသင်းတွေ Major ကို ဝင်ခွင့်မရလို့ တခြားအသင်းတွေနဲ့ အစားထိုးမယ်ဆိုရင် ဘယ်အသင်းတွေကို ခေါ်ကြမှာလဲ။ Liquid လား၊ Nigma လား၊ မြောက်အမေရိကဒေသက ဇွန်ဘီးတွေလား။ ဘယ်သူတွေကိုပဲခေါ်ခေါ် DPC ကြီးရဲ့ သမာသမတ်ကျ မျှတမှုကတော့ ပျက်ယွင်းသွားမှာ အသေအချာပါပဲ” လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် Dota 2 ကစားသမားများရော ပရိသတ်များပါ တရုတ်အသင်းများ LA Major ကို ဝင်ရောက်ခွင့် ရရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ကျန်ရှိနေတဲ့အချိန်ပိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာသာ ပြေလည်သွားခဲ့ရင်လည်း ဒီကိစ္စဟာ ဖြေရှင်းပြီးသားဖြစ်သွားနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ စတင်ကျင်းပမယ့် LA Major ကတော့ စိတ်ဝင်စားစရာများနဲ့ ပြည့်နှက်နေခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: afkgaming
[Zawgyi]



