Dota2 အပေါ် Valve ရဲ့ လက်ဝါးကြီး အုပ်ထားမှုများကို ဝေဖန်ထောက်ပြခဲ့တဲ့ Kyle

 

နာမည်ကျော် Dota 2 caster တစ်ဦးနဲ့ pro ကစားသမားဟောင်းတစ်ဦးဖြစ်သူ Kyle “Kyle” Freedman ဟာ Valve ရဲ့ Dota 2 လောကအပေါ် ကိုင်တွယ်မှုများနဲ့ ပတ်သက်တဲ့အမှားများ၊ အားနည်းချက်များ၊ ဂရုမစိုက်မှုများ စတာကို ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Medium ပေါ်မှာ မကြာသေးမီက ဝေဖန်ရေးသားသွားခဲ့ပါတယ်။ စာလုံးရေ ၂၇၀၀ ကျော် ပါဝင်တဲ့ ယင်း Medium ပို့စ်အတွင်းမှာ Valve ရဲ့ TI ဆုကြေးငွေခွဲဝေမှုအကြောင်းများ၊ လက်ရှိအချိန် Dota 2 လောကအပေါ် ဂရုမစိုက်မှုများ၊ Covid-19 ကာလအတွင်း နှေးကွေးပြီး မတိကျမသေချာစွာပြုလုပ်ခဲ့တဲ့ကြေညာချက်များ စ တာတွေ ပါဝင်လာခဲ့ပါတယ်။

Kyle ရဲ့ အဆိုအရ Valve ဟာ Dota 2 လောကကို The International (TI) ကျင်းပတဲ့ သြဂုတ်တစ်လတည်းမှာသာ ဂရုစိုက်ပြီး ကျန်တဲ့အချိန်များမှာ လျစ်လျူရှုထားလျက်ရှိပါတယ်။ Dota 2 ရဲ့ TI ပြိုင်ပွဲကြီးများကျင်းပချိန်ဟာ အခြားဂိမ်းများမှာလိုပဲ developer များက ကစားသူများကို အဆွဲဆောင်ဆုံး ကာလဖြစ်ကြောင်း၊ နှစ်တစ်နှစ်ရဲ့ သြဂုတ်လတိုင်းမှာ Valve ဟာ အခြားပြိုင်ဘက်ဂိမ်းများအားလုံးထက် ကြီးမားသာလွန်နေလေ့ရှိကြောင်း၊ ဒါပေမယ့် သြဂုတ်လကုန်ဆုံးသွားတာနဲ့ Valve ရဲ့ Dota 2 လောကအပေါ် ဂရုစိုက်မှုများလည်း ပျောက်ဆုံးကုန်ကြောင်းတို့ကို Kyle က ပြောသွားခဲ့ပါတယ်။

Kyle ဟာ ဒီအကြောင်းကို TI ပွဲကြီးများအတွက် Valve ရဲ့ ဆုကြေးငွေခွဲဝေမှုများနဲ့ ပတ်သက်ပြီးလည်း ပြောသွားခဲ့တာပါ။ Valve ဟာ ၂၀၁၈ ခုနှစ်မှာ ကျင်းပခဲ့တဲ့ TI8 မှာ ချန်ပီယံအသင်းကို ဆုကြေးငွေစုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းသာ ချီးမြှင့်ခဲ့ပေမယ့် ၂၀၁၉ TI9 မှာတော့ ဆုကြေးငွေစုစုပေါင်းရဲ့ ၄၅.၅ ရာခိုင်နှုန်းအထိ ၁.၅ ရာခိုင်နှုန်းတိုးပြီးချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ TI9 ချန်ပီယံအသင်းသားတစ်ယောက်ချင်းစီရရှိတဲ့ဆုကြေးငွေကို ဒေါ်လာ ၃ သန်းကျော်သွားစေကာ 2019 Fortnite World Cup မှာ ဆုကြေးငွေ ဒေါ်လာ ၃ သန်းရရှိခဲ့တဲ့ Bugha ထက် အနည်းငယ်သာလွန်ပြီး စံချိန်တင်အောင် တမင်ဖန်တီးခဲ့တာသာဖြစ်တယ်လို့ Kyle က ဆိုပါတယ်။

The International Prize Pool
Fortnite World Cup Prize Pool

Valve ဟာ TI ဆုကြေးငွေများ တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး ကမ္ဘာ့စံချိန် တင်အောင် ပြုလုပ်နေတာက လွဲရင် TI ရဲ့ အရေးပါမှုအပေါ် ဂရုမစိုက်ပဲ ပျက်ကွက်နေကြောင်း၊ တစ်နှစ်တာအတွင်း TI မရှိတဲ့အချိန်များမှာ Valve ရဲ့ Dota 2 လောကအပေါ် အလေးပေးမှုဟာ ဆိုးရွားစွာ နည်းပါးလှကြောင်းတို့ကိုလည်း Kyle က ပြောသွားခဲ့ပါတယ်။

Kyle ဟာ Boston Major မတိုင်မီတည်းက Dota 2 ဂိမ်းတွင်းထည့်သွင်းထားတဲ့ fantasy စနစ်နဲ့ Team Pennant များရောင်းချခဲ့မှုအကြောင်းကိုလည်း ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ Kyle ရဲ့ အဆိုအရ TI5 အတွင်း သူကိုယ်တိုင် ဝင်ရောက်ကစားခဲ့တဲ့ CompLexity အသင်းအပါအဝင် အခြားအသင်းများရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်များ၊ ပုံရိပ်များ၊ ကစားသမားဓာတ်ပုံများ စတာတွေကို Valve က အသုံးချပြီး Team Pennant လိုမျိုး Dota 2 ဂိမ်းတွင်း ပစ္စည်းတွေ ရောင်းချခဲ့ပေမယ့် အသင်းများကိုတော့ အကျိုးအမြတ် ခွဲဝေပေးခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။

Dota2 Team Pennants

တကယ်လို့သာ Valve ဟာ ဒီအကျိုးအမြတ်ရောင်းရငွေများထဲက တစ်ဝက်လောက်ပဲ ပြန်လည် ခွဲဝေပေးခဲ့ရင်တောင် နာမည်ကြီးအသင်းတစ်သင်းအနေနဲ့ ဒေါ်လာသိန်းဂဏန်းလောက်အထိ ရရှိ သွားနိုင်တယ်လို့ ဆိုပါတယ်။ အသင်းများဟာ ရပိုင်ခွင့်အကျိုးအမြတ်ငွေအတွက် Valve ကို တောင်းဆိုခဲ့ကြပေမယ့် အသင်းတစ်သင်းအနေနဲ့ ကျေနပ်မှုမရှိရင် ယင်းတို့နဲ့သက်ဆိုင်တဲ့အရာများကို Dota 2 ဂိမ်းတွင်းကဖြုတ်ပေးနိုင်ကြောင်း Valve ရဲ့ ကြေညာချက်ကိုသာ ရရှိခဲ့ကြတယ်လို့လည်းဆိုပါတယ်။

နောက်ဆုံးမှာတော့ အသင်းများဟာ ဒီအကြောင်းနဲ့ပတ်သက်လို့ လူသိရှင်ကြား ကြေညာပြီး ဖြေရှင်းနေမယ့်အစား ဘာမှမပြောတော့ပဲ နှုတ်ဆိတ်ဖို့ကိုသာ ရွေးချယ်ခဲ့ကြရကြောင်း၊ “အစာကျွေးတဲ့ လက်ကို ရူးနေတဲ့သူသာ ပြန်ကိုက်မှာမို့” အသင်းများအနေနဲ့ Valve ကို တုံ့ပြန်မနေတော့ပဲ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြရတာဖြစ်ကြောင်းတို့ကိုလည်း Kyle က ပြောသွားခဲ့ပါတယ်။

Kyle ဟာ Valve ရဲ့ TI ပွဲတွင်းသာမက အခြားနေရာများမှာပါ လက်ဝါးကြီးအုပ်နေမှုများအကြောင်းကိုလည်း ပြောခဲ့ပါတယ်။ Valve အနေနဲ့ ၂၀၁၄ ခုနှစ်မှာ third-party ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများက ပြုလုပ်တဲ့ ပွဲများအတွက် ကိုယ်ပိုင် Compendium ရောင်းချခွင့်ပြုခဲ့ကြောင်း၊ ဒီလိုရောင်းချနိုင်ခဲ့လို့ Summit 2 ပြိုင်ပွဲရဲ့ ဆုကြေးငွေဟာ ဒေါ်လာ ၁ သိန်းကနေ ၃ သိန်းကျော်အထိ မြင့်တက်သွားခဲ့ဖူးကြောင်း၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ Valve ဟာ ယင်းစနစ်ကို ပြန်လည်ဖျက်သိမ်းသွားခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် Summit 5 ပြိုင်ပွဲမှာ ချီးမြှင့်မယ့်ဆုကြေးငွေ ပိုမိုများပြားလာစေနိုင်ဖို့အတွက် BTS ဟာ ယင်းတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ကုန်ပစ္စည်းအချို့ရောင်းချပြီးကြိုးပမ်းခဲ့ရပေမယ့် မူလဆုကြေးငွေ ဒေါ်လာ ၁ သိန်းမှာ ဒေါ်လာတစ်ထောင်ခန့်သာ ထပ်မံ ပေါင်းပေးနိုင်တော့တဲ့ အခြေအနေများ ဖြစ်ပေါ်လာကြောင်း၊ Valve ဟာ တစ်ဦးတည်းသော ကုန်သည်ကြီးအဖြစ် လက်ဝါးကြီးအုပ်ထားပြီး Dota 2 လောကတွင်းက အဖွဲ့အစည်းများကို ဂရုမစိုက်ကြောင်း စတာတွေကို Kyle က ပြောသွားခဲ့ပါတယ်။

Summit 4 Tournament Ticket & Compendium

Kyle ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ TI နဲ့ DPC season ပြဿနာများအတွက် သူတွေးတောမိတဲ့ ဖြေရှင်းချက်များကိုလည်း ချပြသွားခဲ့ပါတယ်။ Kyle ရဲ့ ဖြေရှင်းချက်များထဲမှာတော့ TI ရဲ့ ဆုကြေးငွေကို ဒေါ်လာ ၂၅ သန်းအထိသာ သတ်မှတ်ပြီး ချန်ပီယံအသင်းကို ဒေါ်လာ ၁၀ သန်းခန့် ချီးမြှင့်သင့်ကြောင်း၊ လက်ရှိ DPC စနစ်ကြီးကို ဖျက်သိမ်းပြီး thrid-party အဖွဲ့အစည်းတိုင်း ပြိုင်ပွဲများလွတ်လပ်စွာ ကျင်းပနိုင်မယ့် စနစ်တစ်ခုကို ဖွင့်လှစ်ပေးသင့်ကြောင်း၊ Valve အနေနဲ့ ယင်းပြိုင်ပွဲများရဲ့ အရွယ်အစား၊ အဆင့်သတ်မှတ်ချက်၊ ဆုကြေးငွေ စတာတွေအပေါ် မူတည်ပြီး ပါဝင်ယှဉ်ပြိုင်တဲ့အသင်းများကို TI ဝင်ခွင့် point များပေးသင့်ကြောင်း၊ ၂၀၁၄ က စလို့ TI ပွဲကြီးများ ခန်းနားသထက်ခန်းနားလာအောင် Dota 2 ပရိသတ်အသိုင်းအဝိုင်းကပဲ အားပေးလာခဲ့တာဖြစ်လို့ ယခုလို လွတ်လပ်တဲ့စနစ်တစ်ခုဖန်တီးပေးလိုက်ရင် ဂိမ်းကို အနာဂတ်မှာ ဆက်လက်ရှင်သန်အောင် အသိုင်းအဝိုင်းထဲက လူအမြောက်အများက ကြိုးပမ်းလာကြမှာဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Current TI10 Prize Pool

အချုပ်အားဖြင့် Kyle က Valve ဟာ Dota 2 ဂိမ်းတွင်းရောင်းချမှုများအားလုံးကို လက်ဝါးကြီးအုပ်ထားပြီး TI ချိန် ရောက်မှသာ ပရိသတ်များက ယင်းတို့ကို အားပေးလာအောင် ပြုလုပ်ကြောင်း၊ ၇ လကြာ Covid-19 ကာလအတွင်း Dota 2 အသိုင်းအဝိုင်းက ပေးတဲ့ ဒေါ်လာ သန်း ၁၆၀ (လက်ရှိ TI10 ဆုကြေးငွေစုစုပေါင်း ဒေါ်လာ သန်း ၄၀ ရဲ့ ၄ ဆ) ကို ရရှိထားပေမယ့် TI10 နဲ့ ပတ်သက်တဲ့ Valve ရဲ့ ကြေညာချက်ကတော့ တိတိကျကျထွက်ပေါ်မလာကြောင်း၊ ယခုအချိန်မှာ thrid-party ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများက ပြုလုပ်ပေးနေတဲ့ ပွဲများသာရှိပြီး ၂၀၂၀ Dota 2 pro လောကဟာ Valve မပါဘဲ ဆက်လက် ရှင်သန်နေရတာ ဖြစ်ကြောင်းတို့ကို ပြောသွားခဲ့တာဖြစ်ပါတယ်။ Kyle ရဲ့ ဝေဖန်ထောက်ပြမှုများဟာ စိတ်ဝင်စားစရာ ကောင်းတာမို့ Dota 2 ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: hotspawn, medium.com/@keepingitKyle