မည်သည့်အဖွဲ့အစည်းကိုမှ တစ်ကမ္ဘာလုံးဆိုင်ရာ Esports အဖွဲ့ချုပ်အဖြစ် အသိအမှတ်မပြုကြောင်း အိုလံပစ်အားကစားကော်မတီ ကြေညာ

 

အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစားကော်မတီ (IOC) ကနေ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်ခုအတွင်းမှာ ယင်းတို့ဟာ မည်သည့်အသင်းအဖွဲ့အစည်းတစ်ခုကိုမှ တစ်ကမ္ဘာလုံးဆိုင်ရာ Esports အဖွဲ့ချုပ်အဖြစ် အသိအမှတ်ပြုပေးမှာ မဟုတ်ကြောင်းပါဝင်လာခဲ့ပါတယ်။ IOC ဟာ ဒီအကြောင်းကို တစ်ကမ္ဘာလုံးမှာ ဖွဲ့စည်းထားတဲ့ အင်အားကြီး Esports အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ ကြေညာခဲ့တာဖြစ်ပြီး ယင်းတို့ထဲမှာ Tencent ရဲ့ Global Esports Federation (GEF) လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

GEF ဟာ လွန်ခဲ့တဲ့နှစ်အတွင်းက စင်ကာပူ စတင်ဖွဲ့စည်းထားခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Tencent က အဓိကပံ့ပိုးကူညီပေးနေတာပါ။ GEF ဟာ စတင်ဖွဲ့စည်းစဉ်တည်းက တစ်ကမ္ဘာလုံးက Esports ကိစ္စရပ်များ အားလုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ ခွင့်ပြုချက်များကို ကိုင်တွယ်မှာဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာလည်း အလားတူရည်ရွယ်ချက်နဲ့ တည်ထောင်လိုက်တဲ့အဖွဲ့အစည်းမြောက်များစွာ ပေါ်ပေါက်ခဲ့ပြီး ပါပြီ။

IOC ဟာ သမားရိုးကျအားကစားသမားများနဲ့ အဖွဲ့အစည်းများကို GEF နဲ့ ပူးပေါင်းမှု မပြုလုပ်ဖို့လည်း ကြေညာထားခဲ့ဖူးပါတယ်။ စင်ကာပူအမျိုးသားအိုလံပစ်ကောင်စီရဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပြီး GEF ရဲ့ အဖွဲ့အစည်းလည်ပတ်ရေးအဓိကအရာရှိဖြစ်သူ Chris Chan ကတော့ GEF ဟာ Esports ဂိမ်းများအနေနဲ့ အိုလံပစ်ပြိုင်ပွဲအတွင်း ဝင်ရောက်ခွင့်ရရှိရေးအတွက် အဓိကဖွဲ့စည်းထားတာဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်များအတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ Esports အဖွဲ့ချုပ်အဖြစ် သတ်မှတ်ခံရအောင် ကြိုးပမ်းမှုများ ယခင်ကထက် ပိုမိုပြင်းထန်လာကြပါတယ်။ ယင်းတို့ထဲကတစ်ခုဖြစ်တဲ့ GEF ဟာ တောင်ကိုရီးယား အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ International eSports Federation (IeSF) ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်းထားခဲ့တဲ့ IeSF ဟာ နိုင်ငံတကာ Esports ပြိုင်ပွဲများ တိုးတက်လာရေး အတွက်သာ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ ယခင်ကထွက်ပေါ်လာခဲ့ဖူးတဲ့ IOC ရဲ့ ကြေညာချက် တစ်ခုအတွင်းမှာတော့ ယင်းတို့ဟာ သေနတ်ပစ်သတ်ဖြတ်ခြင်းအပါအဝင် ကြမ်းတမ်းမှုများပြားတဲ့ Esports ဂိမ်းများကို အိုလံပစ်ပြိုင်ပွဲအတွင်း လုံးဝ ဝင်ရောက်ခွင့်ပြုမှာမဟုတ်ကြောင်း ပြောခဲ့ဖူးပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: esportsobserver