Intel Extreme Masters (IEM) Sydney CS:GO ပြိုင်ပွဲအကြိုသုံးသပ်ချက်

ကျင်းပရက် – April 30th to May 5th
ဆုကြေး – 250,000 US Dollar
တည်နေရာ – ဆစ်ဒနီ၊ သြစတြေးလျ
ပါဝင်သည့်အသင်း – ၁၆သင်း (FaZe, Fnatic, Team Liquid, MIBR, mousesports, NIP, NRG esports, Renegades, Heroic, BIG, eUnited, Vici Gaming, MVP PK, BOOT-ds, Graygound, Chiefs)
Live ကြည့်ရှုရန် – Twitch, eGG Network(Only Main Event)

သြစတြေးလျ၊ ဆစ်ဒနီမြို့ မှာကျင်းမယ့် IEM Sydney ပွဲကတော့ Sydney မှာကျင်းပတဲ့ ၃ ကြိမ်မြောက် CS:GO Major ပြိုင်ပွဲဖြစ်ပြီး မြန်မာစံတော်ချိန်နဲ့ သိပ်မကွာတဲ့အတွက် အိပ်ရေးမပျက်ဘဲ ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။ Group Stage ပွဲစဉ်များကိုတော့ ယနေ့ ဧပြီ ၃၀ ရက်ကစပြီး ယှဉ်ပြိုင်နေပြီပဲဖြစ်ပြီး Twitch ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ May 3rd ကနေ 5th အထိ ကျင်းပမယ့် Main Event ကိုတော့ Skynet က eGG Network ကနေပါ Live ပြသသွားမှာပါ။
အသင်း ၁၆ သင်းပါဝင်ပြီး အသင်းကြီးထဲမှာက နောက်ဆုံး Major တွေဆက်တိုက် နိုင်ပွဲဆင်နေတဲ့ Astralis နဲ့ StarSeries မှာ လတ်လတ်ဆတ်ဆတ် အနိုင်ရရှိထားတဲ့ Na’Vi နှစ်သင်းကလွဲလို့ ပါသင့်ပါထိုက်တဲ့ အသင်းအကုန်ပါဝင်လာကြမှာဖြစ်တာကြောင့် ပွဲကြီးပွဲကောင်းဖြစ်မှာ အသေချာပါပဲ။

ပြိုင်ပွဲတွေကိုသုံးသပ်တဲ့အခါမှာ ကျွန်တော်က အသင်းတွေကို Champion ဆုစိန်ခေါ်မည့် အသင်းများ၊ ဖျက်မြင်းအသင်းများ၊ အိမ်ဖြည့်အသင်းများဆိုပြီး ၃ မျိုးခွဲခြားပြီး သုံးသပ်သွားမှာပဲဖြစ်ပါတယ်။ ပြီးရင်လည်း Admin အကြိုက် ချန်ပီယံအသင်းတွေကိုလည်း ဖော်ပြသွားမှာဖြစ်ပြီး မြန်မာ CSGO ပရိတ်သတ်များကိုလည်း ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

1. Champion ဆုစိန်ခေါ်မည့် အသင်းများ (Title Contenders)

အသင်းကောင်းတွေပါဝင်နေတယ်ဆိုပေမယ့် ကျွန်တော့်အမြင်အရဆိုရင် တကယ် Champion ဖြစ်နိုင်ခြေရှိတာက FaZe, Team Liquid, MIBR စတဲ့ သုံးလေးသင်းထက် မပိုပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့ရဲ့ တစ်ဦးတည်းအမြင်အရ ဒီပြိုင်ပွဲမှာ Renegades ကိုပါထည့်ချင်တယ်။ သူတို့မှာ လက်တက်နေတဲ့အပြင် Australian Player တွေများတော့ အိမ်ကွင်းလိုမျိုး ဖြစ်နေမှာမလို့ပါ။
Champion အသင်းဆိုတာ လတ်တလော လက်မှန်နေရမယ်။ Semi Final, Final လောက်ရောက်မှ ခြေချော်လေ့ရှိတဲ့ အသင်းမျိုး မဖြစ်ရဘူး။ တည်ငြိမ်တဲ့ လူစာရင်း Roster ရှိရမယ်။ FaZe, Team Liquid, MIBR, Renegades တို့ဟာ အပေါ်က ၃ ချက်ထဲက အနည်းဆုံး ၂ ချက်နဲ့ ပြည့်စုံနေတဲ့ အသင်းတွေဆိုတာ ငြင်းမယ့်သူရှိမယ် မထင်ပါဘူး။

2. ဖျက်မြင်း အသင်းများ (Dark Horses)

ဖျက်မြင်းအသင်းဆိုတာတွေက Champion စိန်ခေါ်မယ့်အသင်းတွေကို အနိုင်ယူနိုင်စွမ်းရှိတယ်။ ဒါပေမယ့် Champion ဖြစ်ဖို့ တစ်ခုခုလိုနေတာမျိုး ဖြစ်နေတတ်တယ်။ ဒီ IEM Sydney ရဲ့ ဖျက်မြင်းတွေကိုတော့ Fnatic ရယ် NIP ရယ် BIG ရယ် Mousesports ရယ်လို့ပဲ သတ်မှတ်ချင်တယ်။
Fnatic နဲ့ NIP ကို Champion ဆုစိန်ခေါ်နိုင်တဲ့အထိ ထည့်လို့ရပါပေမယ့် လက်မငြိမ်တာရယ်၊ ခြေချော်လေ့ ရှိတာရယ်ကြောင့် ဖျက်မြင်းအဆင့်မှာသာ နေနေရတာပါ။ Karrigan ကိုခေါ်ထားတဲ့ Mousesports ကို ဖျက်မြင်းလို့ ယူဆထားပေမယ့် မတည်ငြိမ်တဲ့ Roster ကြောင့် ဆိုးဆိုးရွားရွားလည်း ဖြစ်သွားနိုင်ပါတယ်။ BIG ကတော့ရှင်းပါတယ်။ Europe Qualifier မှာ G2 ရော North ကိုပါ ကျော်ဖြတ်နိုင်ခဲ့လို့ သူလည်း ဖျက်မြင်း အသင်းတစ်သင်းလို့ သတ်မှတ်ထားတာပါ။

3. အိမ်ဖြည့်အသင်းများ (No Hopes)

ကျန်အသင်းတွေဖြစ်တဲ့ eUnited, Vici Gaming, MVP PK, BOOT-ds, Heroic, NRG, Grayhound, Chiefs တို့က အိမ်ဖြည့်အသင်းတွေဆိုပေမယ့် NRG နဲ့ Heroic ကိုတော့ နည်းနည်းအားနာဖို့ ကောင်းပါတယ်။ NRG နဲ့ Heroic တို့နဲ့တူတူ Cobx Master မှာလတ်တလော ပထမရထားတဲ့ MVP PK တို့ဟာ Champion စိန်ခေါ်မယ့်အသင်းတွေကို ပွဲစဉ်တစ်ခုခုမှာ ကြွေထပြီး အနိုင်ရသွားမယ်ဆိုလျှင်လည်း ဒါဟာ အသင်းကြီးတွေ အထင်သေးလွန်းလို့ပဲဟု ယူဆပေးကြပါခင်ဗျာ။

Admins’ picks for Champion
Jerry – FaZe Clan
KoBoo – Fnatic
Kyitha – Team Liquid