ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို

 

ဗီဒီယိုဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးများရှိကြောင်း အောက်စ်ဖို့တက္ကသိုလ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုအရ တွေ့ရှိခဲ့ကြပါတယ်။ လေ့လာသူများဟာ အမှန်တကယ်ဂိမ်းကစားနေသူများနဲ့ ပတ်သက်တဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြတာဖြစ်ပြီး လူအများ မူလက ထင်မှတ်ထားခဲ့သလို ဗီဒီယိုဂိမ်းများဟာ စိတ်ကျန်းမာရေးကို မဆိုးရွားလာစေကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။

အောက်စ်ဖို့ သုတေသီများ လေ့လာခဲ့ကြသူများထဲမှာတော့ နာမည်ကျော်ဂိမ်းများဖြစ်ကြတဲ့ Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies: Battle for Neighborville တို့ကို ကစားနေသူများ ပါဝင်ခဲ့ပါတယ်။ ယင်းဂိမ်းများကို ကစားကြသူများဟာ ဂိမ်းမကစားသူများထက် စိတ်ရောကိုယ်ပါ ပိုမိုကျန်းမာနေကြောင်း တွေ့ရှိခဲ့ရပြီး ဂိမ်းကစားခြင်းဟာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများရှိကြောင်း မြင်တွေ့လာခဲ့ရတာပါ။

ဒီသုတေသနဟာ ဗီဒီယိုဂိမ်းကုမ္ပဏီများနဲ့ ပူးပေါင်းကာ ဂိမ်းအတွင်းကောက်ယူထားတဲ့ အချက်အလက် အစစ်အမှန်များနဲ့ ပြုလုပ်ထားတဲ့ အောက်စ်ဖို့ရဲ့ ပထမဆုံးသုတေသနလည်းဖြစ်ပါတယ်။ ယခင် သုတေသန များမှာတော့ လူအများကို မေးခွန်းများမေးကာသာ အချက်အလက်ကောက်ယူထားခဲ့တာမို့ ယင်းတို့ကနေ ရရှိတဲ့အဖြေ များဟာလည်း တိကျမှန်ကန်ဖို့ ခက်ခဲနေခဲ့ပါတယ်။

အောက်စ်ဖို့သုတေသီများရဲ့ အဆိုအရ ဒီသုတေသနရဲ့အစမှာ ဗီဒီယိုဂိမ်းကုမ္ပဏီများအနေနဲ့ ယင်းတို့ ထုတ်လုပ်လိုက်တဲ့ ဂိမ်းများကို ကစားနေကြသူများနဲ့ ပတ်သက်လို့ ကောက်ယူထားတဲ့အချက်အလက်များ နည်းပါးတာကို စတင်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယခင်သုတေသနများထဲမှာ ယခုထက်ပိုပြီး မတိကျ မခိုင်လုံတဲ့ အချက်အလက်များကိုသာ အသုံးပြုထားခဲ့တာမို့ ယင်းတို့အတွင်း တွေ့ရှိခဲ့ရတဲ့ ဗီဒီယိုဂိမ်းများဟာ စိတ်ကျန်းမာရေးကို ဆိုးရွားစေတယ်ဆိုတဲ့ အချက်ကိုတော့ ပယ်ချနိုင်ခဲ့ပါတယ်။

ဒီသုတေသနအရ ဂိမ်းကစားသူများရဲ့ အတွင်းစိတ်မှာ ဂိမ်းကစားခြင်းကြောင့် ပျော်ရွှင်နေကြပြီး အပြင်ပိုင်းမှာတော့ ဂိမ်းရှုံးခြင်းကြောင်း စိတ်မကျေနပ်ခြင်း၊ အခြားကစားသမားများကို စိတ်အလိုမကျခြင်း၊ ဂိမ်းဖွဲ့စည်းပြုလုပ်ထားပုံကို သဘောမကျခြင်း စ တာတွေရှိနိုင်ပါတယ်။ ဥပမာအားဖြင့် Animal Crossing ဂိမ်းကို တစ်နေ့လျှင် ၄ နာရီခန့် ဆော့ကစားသူများဟာ မကစားသူများထက် ပိုမိုပျော်ရွှင်မှုရှိကြောင်း လေ့လာချက်အတွင်း ဖော်ပြထားပြီး ဒီအချက်ကြောင့် လူငယ်များဟာ ဂိမ်းကို နှစ်သက်စွာ ပုံမှန်ကစားလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူအများက အလေးထားလက်ခံထားကြတဲ့ WHO နဲ့ NHS တို့လို အဖွဲ့အစည်းများအနေနဲ့ ဗီဒီယိုဂိမ်းများနဲ့ ပတ်သက်တဲ့ သုတေသနများ ပြုလုပ်ရာမှာ မတိကျမခိုင်လုံတဲ့အချက်အလက်များ အသုံးပြုထားခဲ့တာကို တွေ့ရှိခဲ့ရလို့ အံ့အားသင့်ရကြောင်းကိုလည်း အောက်စ်ဖို့သုတေသီများက ပြောသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: theguardian