Free-to-Play ဟာ တကယ် အခမဲ့လား

 

ကျွန်တော်တို့ ငယ်ငယ်က ဂိမ်းကစားရတာဟာ ရှင်းလင်းပါတယ်။ ကိုယ်ဆော့ချင်တဲ့ ဂိမ်းတစ်ခုကို နာရီအလိုက် အခကြေးငွေပေးပြီး ဆော့၊ ဒါမှမဟုတ်ရင် ဂိမ်းစက်နဲ့ဂိမ်းအခွေကို ဝယ်ပြီး စိတ်ကြိုက်ဆော့ရုံပါပဲ။ ဒီလိုဂိမ်းတွေကို Pay-to-play လို့ အခုခေတ်မှာ သတ်မှတ်လာကြတယ်။ ဆော့ဖို့အတွက် ပိုက်ဆံအရင်ပေးရတဲ့ ဗီဒီယိုဂိမ်းတွေလို့ ဆိုရမှာပေါ့။

မိုဘိုင်းဖုန်းတွေမပေါ်လာခင်မှာ ဝက်ဆိုက်တစ်ချို့က အခမဲ့ကစားနိုင်တဲ့ Web-browser ဂိမ်းတွေကို မိတ်ဆက်လာခဲ့ကြတယ်။ အချိန်မပေးနိုင်တဲ့သူတစ်ချို့က အပြင်က တကယ့်ငွေနဲ့ အကောင့်ကိုဝယ်တာ ဒါမှမဟုတ် တခြားကစားသမားတွေ နာရီပေါင်းများစွာ Farm/Grind လုပ်မှ ရနိုင်တဲ့ Item/Level တွေကို ဘဏ်စနစ်နဲ့ ပေးချေဝယ်ယူတာတွေ ပေါ်လာခဲ့တဲ့အချိန်ပေါ့။

ဒါ့အပြင် ကွန်ပြူတာနဲ့ပဲ ကစားရတဲ့ ဗီဒီယိုဂိမ်းတွေမှာလည်း ဂိမ်းတစ်ခုရဲ့ Expansion အသစ်ကို ထပ်ဝယ်ရတာတွေ၊ MMORPG တွေမှာ အထူး Item တွေ၊ Level တွေကို ပိုက်ဆံပေးဝယ်ရင် ရတဲ့ပုံစံက ပေါ်နေခဲ့ပါပြီ။ ပြောရရင် ကစားဖို့ ပိုက်ဆံပေးထားပြီးတဲ့နောက်တောင်မှ ဒီထဲမှာအများနည်းတူ Enjoy ဖြစ်ဖို့ဆိုရင် ပိုက်ဆံထပ်ကုန်ဦးမယ့်သဘောပါ။ ဒီလိုမဟုတ်ဘဲ ကိုယ့်မှာအချိန်တွေပိုနေလို့ နာရီနဲ့ချီပြီး Grind မယ်ဆိုရင်တော့ ရနိုင်သေးတဲ့ အခြေအနေတစ်ခုလဲ ရှိပါသေးတယ်။

အခုခေတ်မှာပေါ်လာတဲ့ ဂိမ်းတွေကတော့ ဒီစနစ်ဟောင်းတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။ သူတို့က သူတို့ရဲ့ဂိမ်းကို ဆော့ဖို့ ဘာပိုက်ဆံမှပေးစရာမလိုဘဲ အခမဲ့စတင်ခွင့်ပေးထားတယ်။ ပြီးတော့မှ အထဲမှာ တကယ့်ပိုက်ဆံနဲ့ဝယ်ရမယ့် In-game Purchase တွေ အုံလိုက်ကျင်းလိုက် ပြန်ရောင်းတာပါ။ ဒီဂိမ်းတွေကို အစက Free-to-Play လို့ပဲ ကြော်ငြာခဲ့ကြပေမယ့် Free + Premium ဆိုတဲ့အဓိပ္ပါယ်နဲ့ “Freemium” လို့ စကားလုံးအသစ်ဖော်ထုတ်သတ်မှတ်လာခဲ့တယ်။

Freemium ဂိမ်းတွေ မိုဘိုင်းပေါ်စရောက်လာတာတော့ စမတ်ဖုန်းတွေ စပေါ်လာတာနဲ့ သိပ်မကြာခင် စတာပါပဲ။ မှတ်မိသလောက်ဆိုရင် Eternal Warrior, Infinity Blade, Temple Run, Railroad Rush, Candy Crush, Angry Birds တို့ ခေတ်ကောင်းစဉ် ၂၀၁၀ အလွန် ဝန်းကျင်လောက်ထဲကပါ။

ဒီထဲမှာမှ Temple Run လိုဂိမ်းမျိုးဟာ ကစားသူရဲ့ကျွမ်းကျင်မှုကို ဦးစားပေးပါတယ်။ Eternal Warrior 2 လို ဂိမ်းမျိုးက ကစားသူရဲ့ကျွမ်းကျင်မှုကို အလေးထားသေးပေမယ့် Level အမြင့်ပိုင်းမှာ အဆင်ပြေဖို့၊ Boss တွေကို အလွယ်တကူသတ်နိုင်ဖို့ Item/Gear တွေ စရောင်းနေခဲ့ပါပြီ။ Temple Run, Railroad Rush တို့မှာ ကစားသူရဲ့ ကျွမ်းကျင်မှုကိုသာ အများဆုံးအသားပေးပြီး ပိုက်ဆံနဲ့ရောင်းချတဲ့ ကာရိုက်တာတွေဟာ အထောက်အကူပြုစေမယ့် Ability တစ်ခုတလေ ပါဝင်လာတဲ့ပုံစံ ဖြစ်ပေမယ့် မဝယ်လဲ ကျွမ်းရင် အကြာကြီး ဆော့လို့ရပါတယ်။

Candy Crush နဲ့ Clash of Clans တို့လို ဂိမ်းတွေမှာတော့ ကစားသူတစ်ယောက်ဟာ ဂိမ်းမှာ သတ်မှတ်ထားတဲ့ အမြင့်ဆုံး Level Cap ရဲ့တစ်ဝက်လောက်ကနေ စပြီးတော့ ပိုက်ဆံနဲ့ ဝယ်ဆော့ဖို့ကို အရမ်း တိုက်တွန်းလာပါတယ်။ Candy Power တွေရောင်းပေးတာ၊ အသက်တွေရောင်းပေးတာနဲ့ Upgrade တင်ဖို့ Gem မဝယ်ချင်ရင် ရက်နဲ့ချီပြီး ငုတ်တုတ်ထိုင်စောင့်ခိုင်းတာတွေပေါ့။ ဒီဟာတွေက နောက်ပိုင်းထွက်လာတဲ့ ပိုက်ဆံငတ်နေတဲ့ မိုဘိုင်းဂိမ်းတွေအတွက် စံသတ်မှတ်ချက်တွေ ဖြစ်လာခဲ့ပါတယ်။

Freemium ဂိမ်းတွေဟာ တူညီတဲ့အလုပ်ကိစ္စတစ်ခုကို ထပ်ခါတလဲလဲလုပ်ခိုင်းတယ်။ ဥပမာ Farm Ville လိုမျိုးပေါ့။ ပြီးတော့ Level တိုးပေးတယ်။ အဆောက်အဦ၊ ဟီးရိုးအသစ်တွေ ပေးပြီး ကိုယ်ဟာ Virtual ပိုင်ဆိုင်မှုတစ်ခုရှိထားတယ် ဆိုတဲ့ သိစိတ်ကို မသိမသာထည့်ပေးတယ်။ နောက်ဂိမ်းထဲမှာ ငွေကြေးစနစ် (Currency) အတုအယောင်တစ်ခုကို ထားတယ်။ အဲ့ဒီ In-game currency နဲ့ resources တွေကိုမှ အပြင်က ငွေကြေးအစစ်နဲ့ ပြန်ဝယ်ခိုင်းတာဖြစ်ပါတယ်။ ဒီအခါမှာ အပြင်ကငွေ တကယ်ကုန်သွားပေမယ့် ဂိမ်းထဲမှာကျ ကိုယ်က သူဌေးဖြစ်သွားသလို ထင်ရတဲ့အတွက် “တန်တယ်” လို့ပဲမှတ်သွားကြတယ်။ Level မြင့်လာရင် ဂိမ်းကို ပိုခက်လာအောင်လုပ်ထားတယ်၊ နိုင်ဖို့အတွက် ပိုက်ဆံပေးပြီးဝယ်သင့်တာကို ဝယ်မှသာ နိုင်တော့အောင် ပြုလုပ်လာတယ်။ ရှိသလောက်လေးနဲ့ အရမ်းပျော်ဖို့ကောင်းနေရင်လဲ ဘယ်သူမှ In-game Purchase ဝယ်မှာမဟုတ်ပါဘူး။ ဒါကို Pay-to-win နိုင်ဖို့ ပိုက်ဆံပေးရတဲ့စနစ်လို့ ခေါ်လာကြတယ်။

Farmville

ဗီဒီယိုဂိမ်းဆိုတာ ဖျော်ဖြေရေးပုံစံတစ်ခုပါ။ ကိုယ်က ရုပ်ရှင်ကြည့်မယ်ဆိုရင် တစ်ကားလုံးကြည့်ဖို့ ဘယ်လောက်ဆိုပြီး လက်မှတ်ဖြတ်ရတယ်၊ အခွေဝယ်ရတယ်။ ဒါပေမယ့် ကြည့်နေရင်း နောက်တစ်ခန်းကို ကြည့်ချင်ရင် အခု ဆယ်ဒေါ်လာပေးပါ၊ မဟုတ်ရင် သုံးရက်စောင့်ပြီးမှ နောက်အခန်းကို ဆက်ကြည့်ပါလို့ ပြောကြည့်၊ ဘယ်သူမှ အဲ့ကားကိုကြည့်မှာမဟုတ်ဘူး။ ဒါပေမယ့် မိုဘိုင်းဂိမ်းတွေမှာတော့ မသိမသာ ထည့်သွင်းလာတဲ့ Pay-to-win စနစ်ကို လူတွေက စောဒကမတက်ဘဲ လက်ခံလာကြတယ်။

ဗီဒီယိုဂိမ်းခေတ်အစက Arcade Center တွေမှာ Pac-man စက်ကြီးတွေနဲ့ ဆော့ခဲ့တယ်၊ Pac-man ကို သင်နဲ့ အခြားကစားသူငါးယောက်က မြေပုံတစ်ခုထဲမှာ မာလ်တီပလေယာဆော့နေရတယ်လို့ တွေးကြည့်လိုက်ပါ။ ဒီအချိန်မှာ ဆယ်ဒေါ်လာပေးတဲ့လူကို သူ့ Pac-man ရဲ့ Speed 20% တိုးပေးကြည့်လိုက်။ အဲ့ဒီ ပေးဝယ်ထားတဲ့ ကောင်ဟာ အမှတ်အများဆုံးရဖို့ လွယ်သွားပါပြီ။ တကယ်လို့သာ ဒေါ်လာတစ်ရာယူပြီး Speed 100% တိုးပေးလိုက်မယ် ဆိုရင်ရော? ကျန်တဲ့လူတွေ ရှုံးဖို့က သေချာသလောက်ဖြစ်သွားပြီ မဟုတ်လား။

Freemium ဂိမ်းတွေကို အနောက်တိုင်းအန်နီမေးရှင်းစီးရီးတစ်ခုဖြစ်တဲ့ South Park ရဲ့ Season 18 မှာ “Freemium isn’t free” ဆိုတဲ့ Episode နဲ့ကောင်းကောင်းဆော်ထားပါတယ်။ အဲ့ဒီထဲမှာ Freemium ဂိမ်းတွေကို အရက်စွဲတာ၊ လောင်းကစားစွဲတာတို့နဲ့ နှိုင်းယှဉ်ဖော်ပြထားတယ်။ သူ့ထုံးစံအတိုင်း ကနေဒါကို ဖဲ့တာလေးနဲ့ ဖောက်တာတွေ ဖယ်ကြည့်ရင် တော်တော်ကိုပညာအတုံးလိုက်အတစ်လိုက်ရတဲ့ Episode တစ်ခုပါ။

ဗီဒီယိုဂိမ်းကစားသူတွေကို မိုဘိုင်းဂိမ်းတွေက လေဗလာနဲ့ မြှောက်လုံးတွေပေးကြတယ်။ “Congratulations မင်းရဲတိုက်အသစ်ကြီးရသွားပြီ” “အရမ်းတော်တယ် နောက်တစ်ခန်းဆက်သွားကြစို့” ဆိုတာမျိုးတွေကို အရွယ်မရောက်သေးတဲ့သူတွေနဲ့ မကြုံဖူးတဲ့သူတွေ မြင်ရတဲ့အခါ ဒီဂိမ်းအပေါ် ငြိတွယ်စိတ် ဖြစ်ကြပါတယ်။ ဒါ့အပြင် ကစားသမားတွေကို နှိုင်းယှဉ်ထားတဲ့ Highscore Board တွေကိုလည်း ပြထားတာကြောင့် တကယ်လို့ကိုယ်က အဆင့် ၁၀၀၁ ဖြစ်နေတယ်၊ အဆင့် ၉၉၉ ဖြစ်တာနဲ့ အကောင်းဆုံး ကစားသမား တစ်ထောင်စာရင်းထဲ ဖော်ပြခံရမယ်၊ ဆုတွေရမယ်ဆိုရင် ဒီလူဟာ အဆင့်တက်ဖို့ ဘာမဆိုလုပ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီကနေ အဆင့် ၅၀၀ အတွင်း၊ ၁၀၀ အတွင်း နဲ့ ထိပ်ဆုံး ဆယ်ယောက်အတွင်း ဝင်ချင်စိတ်က အဆင့်ဆင့်ဖြစ်လာတာပါ။

ဒီစိတ်နဲ့ပဲ ဂိမ်းတစ်ခုကို အခုမှစဆော့တဲ့ ကစားသမားတစ်ယောက်ဟာ In-game Purchase ကို အလွယ်တကူသုံးစွဲဝယ်ယူဖို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံမှာ အခုချိန်သိပ်မသိသာသေးဘူး ဆိုတာတောင်မှ Mobile Legends မှာ ဟီးရိုးအသစ်ရပြီး Rank တက်နိုင်ဖို့ တစ်သောင်းခွဲလောက်တော့ စိန်ဝယ်လိုက်မယ် ဆိုတာမျိုးတွေ ဖြစ်နေပြီမဟုတ်လား။ နောင်မှာ App Store တွေကို မြန်မာငွေနဲ့ အလွယ်တကူအသုံးပြုနိုင်တဲ့ ဘဏ်ဝန်ဆောင်မှုနဲ့သာဆိုရင် ဂိမ်းထဲမှာအနိုင်ရအောင် အပြင်ငွေကို ပိုသုံးကြဖို့ပဲ ရှိပါတယ်။

အဲ့ဒီလို ပိုက်ဆံပေးပြီး ဆော့တာဟာ တကယ်တော့ စုစုပေါင်းကစားသူဦးရေရဲ့ ၅% ကနေ ၂၀% ဝန်းကျင်ပဲ ရှိတတ်တာပါ။ အဲဒိထဲမှာမှ “Whale” လို့ခေါ်တဲ့ ကစားသမားတွေကတော့ ဒေါ်လာထောင်ဂဏန်း သုံးရဖို့လဲ မနှမြောတဲ့သူတွေ ဖြစ်ပါတယ်။ မိုဘိုင်းဂိမ်းတွေဟာ တနည်းအားဖြင့် အွန်လိုင်းမှာ ဝေလငါး မျှားနေကြတာပါပဲ။ သင်ဟာ ဘယ်လောက်ပဲ တော်တဲ့သူတစ်ယောက်ဖြစ်ပါစေ၊ ဒေါ်လာရာဂဏန်း ထောင်ဂဏန်းသုံးထားတဲ့ Whale တစ်ယောက်ကို အခုမှစဆော့တဲ့ ဗလာအကောင့်တစ်ခုနဲ့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ MMO ဂိမ်းအများစုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေကြတာတွေက Whale တွေချည်းပဲ ဖြစ်နေပါလိမ့်မယ်။

အဲဒီလို Whale တွေကတော့ ဂိမ်းတစ်ခုလုံးမှာ ၁% လောက်သာရှိကြတာပါ။ ၁% ဆိုတာကလည်း သန်းနဲ့ချီတဲ့ ကစားသမားတွေနဲ့ဆိုတော့ လူထောင်ဂဏန်းသောင်းဂဏန်းရှိနေတာမို့ မိုဘိုင်းဂိမ်းကုမ္ပဏီတွေဟာ အမြတ်အစွန်းများစွာ ရနေတာဖြစ်ပါတယ်။

အနိုင်ရဖို့အတွက် ကစားသူရဲ့ ကျွမ်းကျင်မှုကိုသာ အားကိုးရတဲ့ MOBA ဂိမ်းနဲ့ Survival ဂိမ်းအများစုမှာတောင် အရမ်းမတရားကျွမ်းကျင်နေတဲ့သူတွေကို Skin အလှတွေရောင်းပြီး သူများထက်သာကြောင်း ပြသနိုင်ဖို့ သွေးထိုးသလို၊ Casual ကစားသမားတွေကိုလည်း ဆော့ရတာ ပိုလွယ်အောင် ဖန်တီးပေးတာက မိုဘိုင်းတင်မကတော့ဘဲ ဂိမ်းပလက်ဖောင်း တော်တော်များများမှာ ဖြစ်နေပါပြီ။ Hero အသစ်နဲ့ Attribute bonus ရမယ့် Skin / Emblems တွေရောင်းတာကတော့ ဒီခေတ်မှာ ထမင်းစားရေသောက်ပါပဲ။

ကိုယ်ဟာ In-game Purchase တွေကို မက်မက်မောမော စွဲလမ်းစွာဝယ်ယူနေသူတစ်ဦးဖြစ်နေပြီလား ဆိုတာကို အမြဲတမ်း ပြန်စစ်ဆေးသင့်ပါတယ်။ လူတစ်ယောက်ရဲ့ စားဝတ်နေရေးအခြေခံလိုအပ်ချက်တွေက အများကြီးပါ။ ဒီကြားထဲ ဂိမ်းဆော့ဖို့ ဂိမ်းစက်၊ ကွန်ပြူတာနဲ့ ဖုန်းကိုလည်း ဝယ်ရဦးမှာဖြစ်ပါတယ်။ တကယ်လို့ လိုအပ်တာထက်ပိုပြီး Virtual World ထဲမှာ သာယာဖို့ တကယ့်ပိုက်ဆံတွေနဲ့ ငွေလမ်းခင်းနေရပြီ ဆိုရင်တော့ တခြားဂိမ်းတစ်ခုကို ပြောင်းဆော့တာဖြစ်ဖြစ်၊ အဲ့ဒီဂိမ်းကို မဆော့ရလဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ စိတ်ကို သွင်းကြည့်တာတို့ လုပ်သင့်နေပါပြီ။

ဂိမ်မာတွေအနေနဲ့ ကိုယ့်ရဲ့ ဝါသနာအတွက် ငွေကုန်ကြေးကျခံတာဟာ ထူးဆန်းလှတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခမဲ့လို့ တံဆိပ်ကပ်ထားတဲ့ ဂိမ်းတစ်ခုကို ဆော့ရင်း သောင်းဂဏန်း သိန်းဂဏန်းချီ ထွက်မယ်ဆိုရင်တော့ ကိုယ်လုပ်နေတာဟာ တကယ်လိုအပ်ရဲ့လား၊ ဒီလိုလုပ်မှ ပျော်ရမှာလား ဆိုတာကို ပြန်စဉ်းစားသင့်နေပြီလို့ အကြံပေးချင်ပါတယ်။