CS:GO သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲအတွင်း လူစားထိုးမှု ပြုလုပ်ခဲ့တဲ့ Vitality အသင်း

 

မကြာသေးမီက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ Vitality အသင်းနဲ့ Complexity အသင်းတို့ရဲ့ BLAST Premier Fall 2020 ပွဲစဉ်များအတွင်းမှာ Vitality ဟာ ပွဲအတွင်း လူစားထိုးမှုတစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ Vitality ဟာ ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားနေဆဲ အသင်းသားဖြစ်သူ Kévin “misutaaa” Rabier ကို အခြားအသင်းသား တစ်ဦးဖြစ်တဲ့ Nabil “Nivera” Benrlitom နဲ့ အစားထိုးခဲ့တာဖြစ်ပြီး CS:GO သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ် ပွဲအတွင်း လူစားထိုးမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

BLAST Premier Fall 2020 ဟာ စတင်ချိန်တည်းက တင်ဆက်ပြသပုံကောင်းမွန်မှု၊ ပြိုင်ပွဲကျင်းပချိန်များကို ကြည့်ရှုရအဆင်ပြေအောင် သတ်မှတ်ပေးထားမှု စ တာတွေကြောင့် ပရိသတ်အမြောက်အများရဲ့ အားပေးမှုကို ရရှိနေခဲ့တာပါ။ ယခုဆိုရင် ယင်းပြိုင်ပွဲဟာ CS:GO လောကမှာ ပထမဆုံးအကြိမ် ပွဲအတွင်း တရားဝင် လူစားထိုး ကစားခွင့်ပေးခဲ့တဲ့ ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။

Vitality ဟာ ပထမဆုံး map မှာ Complexity ကို ၁၆ – ၁၄ နဲ့ အနိုင်ရရှိပြီးနောက် ဒုတိယမြောက် map ဖြစ်တဲ့ Dust 2 မှာ ယခုလို လူစားထိုးမှုကို ပြုလုပ်ပြီး အသင်းသားသစ်ဖြစ်သူ Nivera ကို ကစားခွင့်ပေးခဲ့တာပါ။ Nivera ပါဝင်လာတဲ့ ဒုတိယမြောက် map မှာ Vitality အနေနဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် Nivera ကတော့ အသင်းသားများ အားလုံးအနက် kill ရော rating ပါ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းကစားသွားခဲ့ပါတယ်။

တတိယမြောက် map မှာတော့ Vitality ဟာ Nivera အစား misutaaa ကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် ပွဲကို ၂-၁ နဲ့ အနိုင်ရရှိအောင် ကစားသွားခဲ့ပါတယ်။ ကစားသမား ၆ ယောက်ပါဝင်တဲ့အသင်းသားစာရင်းကို ပိုင်ဆိုင်ထားတဲ့ Vitality ဟာ ယခုလို ပွဲအတွင်း လူစားထိုးမှုပြုလုပ်ခဲ့တာမို့ Astralis နဲ့ G2 Esports တို့လို ကစားသမား ၆ ယောက်ရှိတဲ့အသင်းများလည်း လာမယ့်ပွဲများမှာ ယခုလို ပြုလုပ်လာနိုင်တဲ့ အလားအလာများရှိနေပါတယ်။

အနာဂတ်မှာ Dota 2, League of Legends, PUBG စတဲ့ Esports ဂိမ်းပြိုင်ပွဲများအတွင်း ဒီလိုလူစားထိုးမှုများ ပေါ်ပေါက်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။ Esports လောကအတွင်းက ထူးခြားတဲ့ CS:GO ပွဲအတွင်း လူစားထိုးမှုအကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming