Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ

 

 

နာမည်ကျော်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Times ရဲ့ မကြာသေးမီက ဖော်ပြချက်တစ်ခုအရ ယခုလပိုင်းများအတွင်း နိုင်ငံတကာမှာ PS5 ဂိမ်းစက်များ၊ ရုပ်မြင်သံကြားစက်များ၊ မိုဘိုင်းလ်ဖုန်းများ စတာတွေကို သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားများပေါ်ကနေ ပစ္စည်းခိုးယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် The Times က ဒီဖြစ်စဉ်များအတွင်း ခိုးယူသူများဟာ စတန့်ဆန်စွာ ပြစ်မှုကျူးလွန်ခဲ့ကြတာဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။

​The Times က ဖော်ပြခဲ့တဲ့ ထိုဖြစ်စဥ်များအရ ခိုးယူသူများဟာ တစ်နာရီမိုင် ၅၀ နှုန်းနဲ့ အမြန်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကုန်တင်ကားကို အခြားကားတစ်စီးနဲ့ အနောက်က အမီလိုက်ပြီး ယင်းကားခေါင်မိုးပေါ်ကနေ ကုန်တင်ကားတံခါးကိုဖွင့်ဖို့ အရင်ဆုံးကြိုးပမ်းကြပါတယ်။ ယင်းနောက်မှာတော့ ကုန်တင်ကားအတွင်းက PS5 ဂိမ်းစက်လို တန်ဖိုးကြီးပစ္စည်းများကို မိမိတို့ကားအတွင်း ပြောင်းရွှေ့သယ်ဆောင်ခိုးယူကာ ဟန်မပျက် ဆက်လက်မောင်းနှင်သွားကြတာပဲဖြစ်ပါတယ်။

The Times ရဲ့ ဖော်ပြချက်အရ စက်တင်ဘာလအတွင်း အလားတူခိုးယူမှုပေါင်း ၂၇ ခုခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ခရစ်စမတ်ပွဲတော်ကလည်း ပိုမိုနီးကပ်လာနေပြီဖြစ်လို့ တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်း သယ်ယူပို့ဆောင်မှုများ ပိုမိုများပြားလာနေပြီး ခိုးယူတဲ့အကြိမ်အရေအတွက်လည်း တိုးပွားလာနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ခိုးယူသူများဟာ သယ်ယူပို့ဆောင်တဲ့ကုန်တင်ကားများနဲ့ပတ်သက်တဲ့ အတွင်းသတင်း အချက်အလက်များကို ခိုင်လုံစွာရရှိအောင် အရင်ဆုံးကြိုးပမ်းလေ့ရှိကြတယ်လို့လည်း The Times က ဆိုပါတယ်။ ဒီပြစ်မှုများဟာ အချိန်ကိုက်ကျူးလွန်ခံခဲ့ရတာဖြစ်ပြီး ခိုးယူသူများဟာ ကြုံရာကျပန်း ကုန်တင်ကားများကို ပစ်မှတ်ထားခဲ့ကြတာမဟုတ်ဘူးလို့လည်း ဆိုထားပါသေးတယ်။

2012 Romania Robbery

၂၀၁၂ ခုနှစ်တုန်းက ရိုမေးနီးယားရဲဌာနဟာ ယခုဖြစ်စဥ်များနဲ့အလားတူ ခိုးယူမှုကျူးလွန်နေပုံ ဗီဒီယိုဖိုင်တစ်ခုကို အများသိအောင် ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ အန္တရာယ်များပြီး ထူးခြားတဲ့ PS5 ခိုးယူပုံတစ်မျိုးကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: eurogamer.net