ဆင်းရဲတဲ့ဘဝကနေ အောင်မြင်တဲ့ ဂိမ်း Streamer ဖြစ်လာသူ ဘရာဇီးလူငယ်တစ်ဦး

 

လက်ရှိအချိန် ဂိမ်း streaming ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ ပလက်ဖောင်းကတော့ လူအများ သိထားကြတဲ့အတိုင်း Twitch ဖြစ်ပြီး ယင်းကို အမီလိုက်ဖို့ ကြိုးပမ်းနေတာကတော့ YouTube Gaming ပါ။ ယနေ့​အချိန်မှာ ​YouTube ဟာ ကမ္ဘာ့အကြီးဆုံးဗီဒီယိုဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်နေပေမယ့် YouTube Gaming ကို အသုံးပြုသူကတော့ ထင်ထားသလောက် မများပြားသေးပါဘူး။ ဒါကြောင့် YouTube Gaming ဟာ ယင်းတို့ဆီမှာရှိနေတဲ့ streamer များအတွက် ပရိသတ် အမြောက်အများ ရရှိလာအောင် ပြုလုပ်ပေးနေပြီး streamer သစ်များ ထပ်မံရောက်ရှိလာအောင် ဆွဲဆောင်လျက်ရှိပါတယ်။

ဒီအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချသွားခဲ့သူကတော့ အသက် ၁၉ နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဂိမ်း streamer တစ်ဦးဖြစ်သူ Burno “Nobru” Goes ပါ။ Garena Free Fire ဂိမ်းကို stream လွှင့်ကစားပြလေ့ရှိတဲ့ Nobru ရဲ့ YouTube ချန်နယ်ဟာ ၂၀၁၈ – ၂၀၁၉ အကူးအပြောင်းပိုင်းမှာမှ စတင်ခဲ့တာ ဖြစ်ပေမယ့် ယခုအချိန်မှာ subscriber ပေါင်း ၁၀.၅ သန်းကျော်အထိ ရရှိလို့နေပါပြီ

Nobru Youtube Channel

Nobru ဟာ Twitch ပေါ်မှာတော့ follower ၁.၈ သန်းကျော်သာ ရရှိထားပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ Nobru ရဲ့ YouTube နဲ့ Twitch ချန်နယ်များဟာ ကြည့်ရှုချိန်နာရီပေါင်း ၁၄.၈ သန်းကျော် ရရှိခဲ့ပြီး ဒီပမာဏဟာ Twitch ရဲ့ ထိပ်တန်း streamer တစ်ဦးဖြစ်သူ xQc ရရှိခဲ့တာထက်တောင် များပြားပါ​သေးတယ်။

ဒါကြောင့် Twitch ဟာ Nobru ကို ခေါ်ယူဖို့ စာချုပ်တစ်ခုကို မကြာသေးမီက ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ Nobru ဟာ YouTube ကို စွန့်လွှတ်ခြင်းမရှိပဲ ပလက်ဖောင်း ၂ ခုလုံးပေါ်မှာ Free Fire ကို stream လွှင့်ကစားပြနေဆဲပဲဖြစ်ပါတယ်။

Nobru ကို ပိုမိုလူသိများသွားစေခဲ့တာကတော့ ပြီးခဲ့တဲ့လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ Free Fire ပြိုင်ပွဲ Nobru Cup ပါ။ ယင်းပြိုင်ပွဲရဲ့ ဆုကြေးငွေစုစုပေါင်းဟာ ဒေါ်လာ ၉,၃၀၀ ခန့်သာရှိခဲ့တာဖြစ်ပေမယ့် final ပွဲစဉ်များကိုများကို ကြည့်ရှုသူပေါင်း ၃၈၁,၀၀၀ ကျော်အထိရှိခဲ့သလို ယင်းပွဲအတွက် Next ဘဏ်, Rappi နဲ့ Razer Gold တို့က စပွန်ဆာပေးခဲ့တာလည်း ဖြစ်ပါတယ်။

Free Fire ဟာ ဘရာဇီးနိုင်ငံအတွင်းမှာ လွန်စွာခေတ်စားနေတဲ့အတွက် Nobru ရဲ့ အောင်မြင်မှု မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ Garena ရဲ့ ဘရာဇီးနိုင်ငံအတွက် YouTube ဂိမ်းချန်နယ်များမှာ subscriber ၇ သန်းကျော်ရရှိထားပေမယ့် Riot Games ရဲ့ ဘရာဇီး League of Legends ချန်နယ်ကတော့ ၁.၀၅ သန်းကျော်ရှိပါတယ်။ Twitch က Nobru ကို ခေါ်ယူခဲ့ခြင်းဟာ များပြားလှတဲ့ Free Fire ပရိသတ်များကို ဆွဲဆောင်ဖို့ ကြံရွယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီကိစ္စတွေအားလုံးထက် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ Campo Limpo အသိုင်းအဝိုင်းမှာရှိတဲ့ São Paulo မြို့ရဲ့ ဆင်းရဲတွင်းထဲကနေ လူငယ်တစ်ယောက်ရုန်းထွက်နိုင်ခဲ့တယ်ဆိုတာပါပဲ။ ဈေးကြီးတဲ့ ပစ္စည်းတွေ အများကြီးဝယ်ယူအသုံးပြုကြိုးပမ်းစရာမလိုတဲ့ ဖုန်းဂိမ်းလေးတစ်ခုကို တစ်စိုက်စိုက်မတ်မတ်ကစားသွားရင်း ဘဝတစ်ခုလုံးတိုးတက်ပြောင်းလဲအောင် ကြိုးပမ်းနိုင်ခဲ့တဲ့ Nobru ရဲ့ အဖြစ်ဟာ ပြောစမှတ်တွင်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Esports Observer နဲ့ အင်တာဗျူးတစ်ခုအတွင်းမှာတော့ Nobru က “ဘရာဇီးလူငယ်တိုင်းရဲ့ အိပ်မက် တစ်ခုကတော့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ချင်ကြတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်လေးတည်းက အဲဒီအတွက်လေ့ကျင့်လာခဲ့ပြီး စမ်းသပ်မှုမျိုးစုံကြုံတွေ့ခဲ့ရသလို ကလပ်အသင်း တွေလည်း ပြောင်းပြီးကစားခဲ့ဖူးပါတယ်။ ဒါပေမယ့်အသက် ၁၇ – ၁၈ လောက် ရောက်တဲ့အချိန်မှာတော့ တခြားအရာတွေကိုလည်း မြင်တွေ့လာရပြီး ကျွန်တော်ဘဝအတွက်လိုအပ်တဲ့အရာကို ရှာဖွေဖို့ စဉ်းစားလာခဲ့မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

Nobru ဟာ ကျောင်းသားဘဝမှာလည်း ပညာထူးချွန်ခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးကစားရာကနေ ကျောင်းဆက်တက်ဖို့ ပြန်လည်ပြင်ဆင်ခဲ့ပြီး အိမ်ရဲ့ဝင်ငွေနည်းပါးမှုကြောင့် ပြဿနာများကို ရင်ဆိုင်ခဲ့ရပါတယ်။ Nobru ရဲ့ အဖေဟာ ဘောလုံးမှာပါရမီရှိတဲ့ သားဖြစ်သူကို ဘောလုံးသမားပဲ ဆက်လုပ်စေချင်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

ဒါပေမယ့် Nobru ကတော့ ၅၀% ကျောင်းစရိတ်ကင်းလွတ်ခွင့်ပညာသင်ဆုလျှောက်ထားပြီး System Analysis and Development ဘာသာရပ်ကို ကောလိပ်တစ်ခုမှာ ဝင်ရောက်သင်ယူခဲ့ပါတယ်။ ထိုအချိန်အတွင်းမှာ Nobru ဟာ အိမ်ပြဿနာများကို စိတ်ထဲကထုတ်ထားနိုင်ဖို့အတွက် Free Fire ကို စတင်ကစားခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမှာဖြစ်ကြောင်း နောက်မှသိလာခဲ့တာလည်းဖြစ်ပါတယ်။

“ကျောင်းမှာ လူတိုင်းက Free Fire အကြောင်းပြောနေကြပြီး အဲဒါက ဘာမှန်းတောင် ကျွန်တော်မသိခဲ့ပါဘူး။ နောက်ပိုင်းကျတော့ ကျွန်တော့်အဖေဖုန်းကို ခဏငှားလိုက်တယ်။ ပြီးတာနဲ့ အဘွားအိမ်ကိုပြေးပြီး Free Fire စ ကစားတော့တာပါပဲ” လို့ Nobru က ပြောပါတယ်။

Nobru ဟာ ငယ်ဘဝမှာ အချိန်ကာလအတော်ကြာမြင့်သည်အထိ ကိုယ်ပိုင်ဖုန်းမရှိခဲ့ပါဘူး။ Nobru အသက် ၁၀ နှစ်အရွယ်မှာ အမေဖြစ်သူနဲ့ မြို့တွင်းသွားစဉ် ပစ္စည်းလုယက်ခံခဲ့ရဖူးပြီး Nobru ရဲ့ ဖုန်း၊ ဖိနပ်များနဲ့ အဝတ်အစားများပါသွားခဲ့ဖူးပါတယ်။ ဒီကိစ္စကြောင့် Nobru ဟာ စိတ်ထိခိုက်သွားပြီး သူ့အတွက် အဖိုးတန်ပစ္စည်းတွေ ထပ်မဝယ်ပေးဖို့ အိမ်ကိုပြောခဲ့သလို လိုအပ်တာရှိရင် ကိုယ်ငွေဝင်ငွေရှာပြီး ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Free Fire World Series 2019 Champion Team Corinthians

နောက်ပိုင်းမှာတော့ Nobru ဟာ Free Fire ရဲ့ World Series 2019 ကို အနိုင်ရသည်အထိ အောင်မြင်ခဲ့သလို ယင်းပွဲရဲ့ MVP တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Nobru က “ကျွန်တော့်ခေါင်းထဲမှာ အမြဲရှိတဲ့အရာတစ်ခုက ဘာကိုပဲလုပ်လုပ် ကျွန်တော့်မှာရှိသမျှအရာအားလုံးကိုသုံးပြီး အစွမ်းကုန် လုပ်ရမယ်ဆိုတာပါပဲ။ ကျောင်းမှာပဲဖြစ်ဖြစ်၊ ဘောလုံးကန်ရာမှာပဲဖြစ်ဖြစ်၊ လက်ရှိ ဂိမ်းကစားတဲ့ နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်အကောင်းဆုံးကြိုးပမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူအများရဲ့ အသိအမှတ်ပြုမှုများကို ရရှိလာခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Nobru ဟာ ကိုယ်ပိုင်ချန်နယ် မစတင်စဉ်တည်းက နာမည်ကျော်ဘရာဇီး streamer တစ်ဦးဖြစ်သူ Lucio “Cerol” dos Santos Lima ရဲ့ ချန်နယ်ပေါ်က stream များထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ အဲဒီမှာလည်း Nobru ဟာ ပရိသတ်များရဲ့အားပေးမှုကိုရခဲ့လို့ ကိုယ်ပိုင်ချန်နယ်ထောင်ဖို့အတွက် အကြံစိတ်ကူး ရခဲ့တာလည်းဖြစ်ပါတယ်။

Nobru ဟာ ဘရာဇီးဂိမ်းအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုများကို ရရှိခဲ့ရုံသာမက သူ့အဖေကိုလည်း Esports အကြောင်း စိတ်ဝင်စားလာစေခဲ့သူတစ်ဦးပါ။ Nobru ရဲ့ အဖေဟာ Nobru အတွက် streaming နဲ့ ပတ်သက်လို့ လိုအပ်တဲ့ပစ္စည်းအမြောက်အများ ဝယ်ယူကူညီပေးခဲ့ရုံသာမက သူကိုယ်တိုင်ပါ Jefão ဆိုတဲ့နာမည်နဲ့ Free Fire streamer တစ်ဦးဖြစ်လာခဲ့ပြီး YouTube ပေါ်မှာ subscriber ၁.၈၇ သန်းကျော်အထိရရှိလို့နေပါပြီ။

Nobru with his dad Jefao

ယခုအချိန်မှာတော့ Nobru ဟာ streaming ကနေ ရရှိတဲ့ဝင်ငွေနဲ့ သူ့ရဲ့ မိဘများအတွက်ရော ညီမငယ်ဖြစ်သူရဲ့ ပညာရေးအတွက်ပါ ငွေကြေးအလုံအလောက်ထောက်ပံ့နိုင်နေပါပြီ။ “ဘောလုံး ကစားသမား တစ်ဦးဖြစ်ခဲ့စဉ်တည်းက ငွေကြေးနဲ့ အောင်မြင်မှုရဲ့ ဖျားယောင်းသွေးဆောင်မှုကို မခံရစေဖို့ ကျွန်တော့်အဖေက လေ့ကျင့်ပေးခဲ့ပါတယ်။ လက်ရှိကျွန်တော်ရဲ့ အစီအစဉ်ကတော့ တခြားသူတွေကို တတ်စွမ်းသမျှကူညီဖို့ပါ။ ဒီလိုလုပ်ဖို့ လိုအပ်နေတယ်လို့လည်း ကျွန်တော်ထင်ပါတယ်” လို့ Nobru က ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ Nobru ရဲ့ အောင်မြင်မှုဟာ အရှိန်အဟုန်နဲ့ဆက်လက်တိုးပွားနေသလို Free Fire အသိုင်းအဝိုင်း ဟာလည်း ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာနေပါတယ်။ ဆင်းရဲတဲ့ ဘောလုံးသမားဘဝကနေ အောင်မြင်တဲ့ ဂိမ်း streamer တစ်ဦးဖြစ်လာခဲ့တဲ့ ဘရာဇီးလူငယ် Nobru အကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: esportsobserver