ငွေရေးကြေးရေး အရှုပ်အထွေးကြားက VG, Elephant.4AM နဲ့ Eurus အပြောင်းအရွှေ့

 

တရုတ် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Four Angry Men (4AM) ဟာ Dota 2 လောကအတွင်းကို ဝင်ရောက်လာနိုင်ဖို့ အတွက် နာမည်ကျော်ကစားသမားများကိုခေါ်ယူပြီး Elephant.4AM အသင်းဖွဲ့စည်းခဲ့တာကို ပရိသတ်အများ သတိထားမိကြမှာပါ။ ဒီ Dota 2 အသင်းဟာ စတင်စဉ်တည်းက ထိပ်တန်း Dota 2 ကစားသမား Zhang “Eurus” Chengjuns ကို ခေါ်ယူမှုနဲ့ ပတ်သက်လို့ ပြဿနာအမြောက်အများပေါ်ပေါက်ထားခဲ့တာဖြစ်ပြီး ယခုအချိန်မှာ ထိုပြဿနာဟာ မပြီးစီးသေးပဲ ထင်ထားတာထက် ပိုမိုရှုပ်ထွေးတဲ့ အခြေအနေကို ရောက်ရှိလို့ နေပါတယ်။

VG.Eurus

Eurus ရဲ့ အသင်းဟောင်းဖြစ်တဲ့ Vici Gaming ဟာ Eurus ကို ခေါ်ယူမှုအတွက် Elephant နဲ့ 4AM တို့ဆီက ကစားသမားပြောင်းရွှေ့ကြေးကို ယခုအချိန်အထိ မရရှိသေးကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ Vici Gaming ရဲ့ကြေညာချက်အပြီးမှာတော့ 4AM ဟာ ယင်းနဲ့အတူ Dota 2 ကိစ္စရပ်များကိုပူးပေါင်းလုပ်ဆောင်နေတဲ့ Elephant နဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လာခဲ့ပါတယ်။

ယင်းကြေညာချက်အတွင်းမှာတော့ 4AM Esports အဖွဲ့အစည်းဟာ ၂၀၁၉ မတ်လက စလို့ Elephant နဲ့ စတင်ပူးပေါင်းခဲ့ကြောင်း၊ Elephant အနေနဲ့ 4AM ရဲ့ We-media, om.qq.com, TikiTok စတဲ့ ဆိုရှယ်မီဒီယာ အကောင့်များကို ကိုင်တွယ်ပြီး စီမံခန့်ခွဲဖို့ သဘောတူထားခဲ့ကြောင်း၊ ဒါပေမယ့် Dota 2 ကိစ္စရပ်များနဲ့ ပတ်သက်လို့ ညှိနှိုင်းရာမှာတော့ အဆင်မပြေမှုများပေါ်ပေါက်ခဲ့ကြောင်း၊ ညှိနှိုင်းမှုများ မပြီးစီးသေးခင်မှာတင် စတင်ခဲ့တဲ့ ယခု Dota 2 ပရောဂျက်ကို Elephant ကုမ္ပဏီကသာ ငွေကြေးများစိုက်ထုတ်ပြီး အစအဆုံး ကိုင်တွယ်နေတာ ဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်လာခဲ့ပါတယ်။

Elephant ကလည်း 4AM နဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခုကို ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းကြေညာချက် အတွင်းမှာတော့ Elephant.Bgoose ဟာ 4AM နဲ့အတူ Dota 2 ပရောဂျက်အတွက် ကုန်ကျစရိတ်များကို တစ်ဝက်စီကျခံဖို့ သဘောတူထားကြတာဖြစ်ပြီး 4AM အမှတ်တံဆိပ်ကို အရှေ့ကထားဖို့ လက်ခံထားခဲ့ ကြကြောင်း၊ ဒါပေမယ့် ယခုအချိန်ထိ 4AM ဆီက ငွေကြေးတစ်စုံတစ်ရာမရှိသေးပဲ ဖွဲ့စည်းထားတဲ့ Dota 2 အသင်းအတွက် Elephant.Bgoose ကသာ အကုန်အကျခံနေရကြောင်း၊ ကောလဟလလွှင့်ပြီး လိမ်လည်နေသူများ သိရှိနိုင်ဖို့အတွက် ယခုလိုထုတ်ပြန်ရတာဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။

ဒီကြေညာချက်များအရ Eurus ရဲ့ ပြောင်းရွှေ့ကြေးကို ဘယ်အဖွဲ့အစည်းပေးမှာဆိုလဲဆိုတဲ့ကိစ္စဟာ မသေချာ မရေရာတဲ့ အနေအထားကို ရောက်ရှိလို့နေပါတယ်။ Vici Gaming ကတော့ ယင်းတို့အနေနဲ့ ကစားသမားပြောင်းရွှေ့ကြေး မရမချင်း Eurus အနေနဲ့ Elephant.4AM အသင်းသားအဖြစ် ပြိုင်ပွဲဝင်မှာ မဟုတ်ကြောင်း ကြေညာချက်အတွင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ယင်းနောက်မှာတော့ Elephant ဟာ ​Eurus အတွက် ကစားသမားပြောင်းရွှေ့ကြေး ယွမ်တစ်သန်းခွဲကို Vici Gaming ဆီ ပေးချေခဲ့ပါတယ်။ ဒီအကြောင်းကို Vici Gaming က ယင်းတို့ရဲ့ Weibo စာမျက်နှာပေါ်မှာ ပို့စ်တင်ရေးသားခဲ့တာဖြစ်ပြီး Eurus ကို ၃ နှစ်တာ ကာလအတွင်း Vici Gaming မှာရှိနေခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Eurus ကလည်း (၁၆) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ 4AM ရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပြီး Vici Gaming ကို ရှုံးနိမ့်ကာ Team Aster ကိုအနိုင်ရရှိခဲ့ပါတယ်။

Elephant.4AM ဟာ စတင်စဉ်က Sylar ကို Eurus အစား ခေါ်ယူလိုက်တာနဲ့ ပတ်သက်လို့ ပြဿနာများ ပေါ်ပေါက်ခဲ့ဖူး သလို Dota 2 နည်းပြတစ်ဦးဖြစ်သူ rOtK ကလည်း အဖွဲ့အစည်းနဲ့ ညှိနှိုင်းမှုများ အဆင်မပြေခဲ့ကြောင်း ပြောခဲ့ဖူးပါတယ်။ ရှုပ်ထွေးတဲ့ပြဿနာများနဲ့အတူ တရုတ် Dota 2 လောကရဲ့ အင်အားကြီးအသင်း ဖြစ်လာနိုင်ကြောင်း အများကသတ်မှတ်ထားခဲ့ကြတဲ့ Elephant.4AM ရဲ့ အနာဂတ်ကတော့ ဆက်လက်စောင့်ကြည့်ဖွယ်ပဲ​ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: vpesports