၂၀၂၂ အာရှအားကစားပေါင်းစုံပြိုင်ပွဲ (2022 Asian Games) အတွင်း Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းမည်
အာရှ အီလက်ထရောနစ်အားကစား ဖက်ဒရေးရှင်းအဖွဲ့ကြီး (AESF) ဟာ ၂၀၂၂ ခုနှစ်မှာ ကျင်းပမယ့် အာရှအားကစားပေါင်းစုံပြိုင်ပွဲ (2022 Asian Games) အတွင်း Esports ကို ရွှေတံဆိပ်ဆု ချီးမြှင့်မယ့် အားကစားအဖြစ် ထည့်သွင်းသွားမှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ ဒါကြောင့် အာရှနိုင်ငံအသီးသီးက ထူးချွန်တဲ့ Esports ကစားသမားများဟာ တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ကျင်းပမယ့် ဒီပြိုင်ပွဲကြီးအတွင်း ကြိုးပမ်းကစားရင်း အမိနိုင်ငံအတွက် ဂုဏ်ယူဖွယ် ရွှေတံဆိပ်များ ဆွတ်ခူးပေးနိုင်ကြတော့မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးမှာ Esports ကို ထည့်သွင်းနိုင်ဖို့အတွက် AESF သာမက အာရှအိုလံပစ်အားကစားကောင်စီ (OCA) အပါအဝင် အခြားကော်မတီပေါင်းများစွာ ကြိုးပမ်းခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ အာရှအားကစား ပေါင်းစုံပြိုင်ပွဲအတွင်းမှာလည်း Esports ပါဝင်ခဲ့ဖူးပေမယ့် သရုပ်ပြအားကစားအဖြစ်သာ ထည့်သွင်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (2019 SEA Games) မှာတော့ Esports ဟာ ရွှေတံဆိပ် ဆုချီးမြှင့်တဲ့ အားကစားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခွင ရှိခဲ့ပါတယ်။ လာမယ့်နှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပမယ့် ၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း ယခင်အတိုင်း Esports ကို ဆက်လက်ထည့်သွင်းသွားမှာဖြစ်သလို ထိုင်းနိုင်ငံ ချွန်ဘူရီမှာ ကျင်းပမယ့် ၂၀၂၁ အာရှ ရုံတွင်းအားကစားနှင့် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ (2021 AIMAG) မှာလည်း Esports ပါဝင်လာတော့မှာဖြစ်ပါတယ်။
ပြောင်းလဲတိုးတက်လာတဲ့ ယနေ့ခေတ်မှာ Esports ကစားသမားများဟာ သမားရိုးကျအားကစားသမားသဖွယ် ဝင်ငွေကောင်းလာကြပါတယ်။ ဒါ့အပြင် ယခုလို ပြိုင်ပွဲများအတွင်း ဆုတံဆိပ်ဆွတ်ခူးနိုင်တဲ့ Esports ကစားသမားများဟာ ဂိမ်မာအသိုင်းအဝိုင်းတစ်ခုတည်းအတွင်းမှာသာမက အမိနိုင်ငံတစ်ဝှမ်းမှာပါ ဂုဏ်ယူဖွယ် နာမည်သတင်းကောင်းနဲ့ ကျော်ကြားသူများဖြစ်လာကြပါတယ်။
ကြေညာချက်အတွင်း AESF ဟာ ယခုကိစ္စအတွက် OCA ကို အထူးကျေးဇူးတင်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။ Esports ထွန်းကားတဲ့ အာရှနိုင်ငံများကတော့ ယခုလိုပြိုင်ပွဲများ ပေါ်ပေါက်လာတိုင်း ဆွတ်ခူးရရှိတဲ့ ရွှေတံဆိပ်ဆုများနဲ့အတူ ဂုဏ်ယူဝင့်ကြွားနေကြဦးမှာပဲ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: aesf