Esports ကစားသမားနဲ့ ဂိမ်မာတွေရဲ့ လွဲမှားနေတဲ့ နေထိုင်စားသောက်မှုစနစ်

 

Esports ကစားသမားများဟာ သမားရိုးကျအားကစားသမားများနဲ့ အလားသဏ္ဍာန်တူစွာ လေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်နေကြရသူများပါ။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအတွင်းမှာ​​တော့ လက်ရှိအချိန် Esports ကစားသမားများရဲ့ နေ့စဉ်ဘဝနေထိုင်ပုံစနစ်ဟာ သမားရိုးကျအားကစားသမားများလောက် ကျန်းမာရေးနဲ့ ညီညွှတ်မှု မရှိကြောင်း ဖော်ပြလာကြပါတယ်။

အထူးသဖြင့် Esports ကစားသမားများ နေ့စဉ်စားသုံးနေတဲ့ အစားအစာများအတွင်းမှာ လိုအပ်တဲ့ အာဟာရများ မျှတစွာပါဝင်ခြင်း မရှိပါဘူး။ ဒါဟာ Esports ကစားသမားများရဲ့ လေ့ကျင့်ချိန်များပြားခြင်း၊ ယင်းတို့ကို စပွန်ဆာပေးထားပြီး နေ့စဥ်စားသုံးဖို့ မသင့်တော်တဲ့ စားစရာနဲ့ အချိုရည်အမှတ်တံဆိပ်များကို အလွန်အကျွံ စား​သောက်နေကြခြင်း၊ အာဟာရမျှတအောင်စားသုံးဖို့ ငွေအလုံအလောက် မသုံးစွဲလိုကြခြင်း စ တာတွေကြောင့်ပဲ ဖြစ်ကြပါတယ်။

OG Dota2 at Their Portugal Camp

ယခုအချိန်မှာ အချို့ Esports အဖွဲ့အစည်းကြီးများကတော့ ကစားသမားများအတွက် အာဟာရဗေဒ ပညာရှင်များနဲ့ စားဖိုမှူးများ ငှားရမ်းခေါ်ယူပေးလာကြပါပြီ။ ဒါပေမယ့် ဒီလိုပြုလုပ်ပေးနိုင်တဲ့အဖွဲ့အစည်းဟာ အနည်းငယ်မျှသာရှိသေးလို့ အခြား Esports ကစားသမားများကတော့ အာဟာရ မမျှတမှုကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။

Esports နယ်ပယ်အတွင်းကျင်လည်နေတဲ့ အာဟာရဗေဒပညာရှင်တစ်ဦးဖြစ်သူ Dr. Lindsey Migliore က Esports ကစားသမားများအတွက် ကျန်းမာပျော်ရွှင်ရေးဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ GamerDoc လို့လည်း လူသိများကြတဲ့ Dr. Lindsey Migliore ဟာ ကမ္ဘာ့ထိပ်တန်း Esports အသင်းပေါင်းများစွာမှာ ကျန်းမာရေးအကြံပေးအဖြစ်လုပ်ကိုင်ခဲ့ဖူးသူပါ။ သူ့ရဲ့အဆိုအရ Esports ကစားသမားများဟာ ကျန်းမာဖို့တစ်ခုတည်းကိုသာမက စိတ်ရောကိုယ်ပါ ပျော်ရွှင်ကောင်းမွန်နေစေဖို့အတွက် ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာရေးနဲ့ ပြည်သူ့ကျန်းမာရေးဂျာနယ်ဟာ ဂျာမဏီနိုင်ငံအတွင်း ဗီဒီယိုဂိမ်းနဲ့ Esports ကစားသမားများရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အပြုအမှုများကို သုတေသန ပြုလေ့လာခဲ့ဖူးပါတယ်။ ယင်းလေ့လာမှုအရ ဂိမ်းကစားသူအများစုဟာ screen time လွန်စွာကြာမြင့်လေ့ ရှိကြကြောင်း၊ ဒါဟာ နာတာရှည်ရောဂါများဖြစ်ပွားဖို့နဲ့ သေဆုံးနှုန်းမြင့်တက်လာဖို့အတွက် ဦးတည်နေကြောင်း၊ screen time ကြာမြင့်စေတဲ့ ဂိမ်းနဲ့ Esports ရဲ့ သဘောသဘာဝကြောင့် ကစားသူ အများအပြားဟာ ကျန်းမာရေး အန္တရာယ်ဖြစ်ပွားဖို့ အလွန်များတဲ့ အုပ်စုထဲမှာရှိနေကြောင်း၊ ဒါကြောင့် ယင်းတို့ဟာ ​ကျန်းမာရေးကောင်းမွန်အောင် ပြုပြင်ဖို့ ထိပ်ဆုံးကလိုအပ်သူများဖြစ်ကြကြောင်း စ တာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ အားကစားနဲ့ ကာယပညာ မဟာသိပ္ပံဘွဲ့ရရှိခဲ့ပြီး လက်ရှိမှာ Statespace ရဲ့ စွမ်းဆောင်လည်ပတ်ရေးအင်ဂျင်နီယာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ Taylor Johnson ကလည်း Esports နယ်ပယ်အတွင်းက ကျန်းမာရေးပြဿနာများအကြောင်းကို ထောက်ပြခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ Esports ကစားသမားများအတွက် အာဟာရမျှတအောင် စားသောက်ဖို့တစ်ခုတည်းသာမက ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝနေထိုင်ပုံစနစ်ရရှိအောင် ဂရုစိုက်သင့်တယ်လို့လည်း ဆိုပါတယ်။ ယခုအချိန်မှာ ပရော်ဖက်ရှင်နယ်အသင်းအမြောက်အများဟာ ကစားသမားများအတွက် ကျန်းမာပျော်ရွှင်အောင် နေထိုင်နည်းစနစ်ပုံစံများကို ချမှတ်ပေးလာကြသလို ကျန်းမာရေး အသိပညာ ဗဟုသုတများလည်း ဖြန့်ဖြူးပေးလာကြတယ်လို့လည်း ဆိုပါတယ်။

Esports ကစားသမားများ ကျန်းမာပျော်ရွှင်ဖို့ကိစ္စကို ယင်းတို့ရဲ့အသင်းအဖွဲ့အစည်းများက အလွန်လိုလားလာကြပြီး မကြာခဏဆွေးနွေးလေ့ရှိကြောင်း၊ ငွေကြေးတတ်နိုင်တဲ့ အသင်းအဖွဲ့များအနေနဲ့ အာဟာရဗေဒပညာရှင်များနဲ့ စားဖိုမှူးများ ငှားရမ်းနိုင်ပေမယ့် အခြားအဖွဲ့အစည်းများကတော့ ဒီလို မပြုလုပ်နိုင်ကြကြောင်း၊ ဒါပေမယ့် ကျန်းမာရေးဗဟုသုတလိုလားတဲ့ အသင်းအဖွဲ့တိုင်းအတွက် အသိပညာရင်းမြစ်များကတော့ ရှိနေကြောင်း၊ Esports အဖွဲ့အစည်းတစ်ခုအနေနဲ့ ပရော်ဖက်ရှင်နယ် ကျန်းမာရေးအကြံပေးတစ်ယောက်ကို မငှားရမ်းနိုင်ရင် ကစားသမားများရဲ့ ကျန်းမာရေးအတွက် နည်းပြဖြစ်သူက ဂရုစိုက်ပေးသင့်ကြောင်းတို့ကို Dr. Lindsey Migliore က ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး Dr. Lindsey Migliore က သမားရိုးကျအားကစားလောကမှာဆိုရင် နည်းပြဖြစ်သူက ကစားသမားရဲ့ ကျန်းမာရေးအတွက် ဂရုစိုက်ရမြဲဖြစ်ကြောင်း၊ Esports နယ်ပယ်အတွင်းက နည်းပြများဟာ များသောအားဖြင့် အသက် ၂၃ ကျော်လွန်သွားလို့ ကစားသမားဘဝကနေ အနားယူသွားသူများ ဖြစ်တတ်ကြကြောင်း၊ ဒါကြောင့် ယင်း Esports နည်းပြများမှာလည်း လုံလောက်တဲ့ ကျန်းမာရေးဗဟုသုတ မရှိတတ်ကြကြောင်း၊ ဒါကြောင့် အဖွဲ့အစည်းရဲ့ တာဝန်ရှိသူများအနေနဲ့ ယင်းနည်းပြများကို အာဟာရ ပြည့်ဝတဲ့ အစားအစာများအကြောင်း၊ ပြိုင်ပွဲနေ့များမှာ ကစားသမားများ စားသင့်တဲ့ အစားအစာများ အကြောင်း၊ လေ့ကျင့်ရက်များမှာ စားသင့်တဲ့အစားအစာများအကြောင်း အစရှိသဖြင့် သင်ပြ ပေးထားသင့်ကြောင်း တို့ကို ပြောသွားခဲ့ပါတယ်။ အသင်းအဖွဲ့တစ်ခုမှာ အာဟာရဗေဒပညာရှင်မဖြစ်မနေ ရှိစရာမလိုအပ်ပေမယ့် ကစားသမားများရဲ့ နည်းပြနဲ့ တာဝန်ရှိသူတို့ကြား တိုင်ပင်ဆွေးနွေးမှုများကို နာရီအတန်ကြာ ပြုလုပ်ထားသင့်တယ်လို့လည်း ဆိုပါတယ်။

Esports အသင်းအဖွဲ့တစ်ခုမှာ ကစားသမားများနဲ့ အနီးကပ်ဆုံးရှိနေနိုင်တာဟာ နည်းပြများပါ။ ဒါကြောင့် ယင်းတို့ဟာ ကစားသမားများရဲ့ အပြုအမှုများနဲ့ နေ့စဉ်ဘဝများအကြောင်းကို ကောင်းစွာ လေ့လာ နိုင်ကြပါတယ်။ Taylor Johnson ကလည်း ကစားသမားများအတွက် ကျန်းမာပျော်ရွှင်တဲ့နေထိုင်ပုံပုံစံ ရရှိလာအောင် နည်းပြများကနေတစ်ဆင့် သင်ကြားပေးသင့်တယ်ဆိုတဲ့အချက်ကို လက်ခံထားပါတယ်။

Esports နည်းပြများဟာ ပညာရေးပိုင်းမှာ အခြေအနေတစ်ခုအထိ မြင့်မားနေသင့်ကြောင်း၊ သူ့အနေနဲ့ နည်းပြအမြောက်အများနဲ့ စကားပြောဖူးပြီး ယင်းတို့ဟာ ကစားသမားနဲ့ ပတ်သက်တဲ့ကိစ္စများကို ဆွေးနွေးလေ့ရှိကြကြောင်း၊ နည်းပြများအနေနဲ့ ကစားသမားများရဲ့ နေ့စဉ်ဘဝ၊ အာဟာရနဲ့ စားဝတ်နေရေးကို အမြဲဂရုစိုက်နေတာဟာ အဖြစ်သင့်ဆုံးကိစ္စတစ်ခုပင်ဖြစ်ကြောင်း စ တာတွေကိုလည်း Taylor Johnson က ပြောသွားခဲ့ပါတယ်။

Dr. Lindsey Migliore နဲ့ Taylor Johnson တို့ ထပ်မံပြောကြားခဲ့တဲ့ကိစ္စတစ်ခုကတော့ စွမ်းဆောင်ရည် မြင့်မားစေကြောင်းလို့ ကြော်ငြာထားပြီး ကစားသမားများကို စပွန်ဆာပေးလေ့ရှိတဲ့ Energy drink အချိုရည်များ အကြောင်းပါ။ Esports ကစားသမားများဟာ ဒီအချိုရည်များကို သောက်သုံးမှု များပြားလာရင် ရေသန့်သောက်တာနည်းပါးသွားတတ်ကြပြီး ရေရှည်မှာ ကျန်မာရေး ထိခိုက် လာနိုင်ကြောင်းကို အဓိကပြောသွားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Dr. Lindsey Migliore နဲ့ Taylor Johnson တို့က energy drink အချိုရည်ကို ရေအစားထိုးသောက်သုံးခြင်းဟာ လုံးဝ မဖြစ်သင့်ကြောင်း၊ ကစားသမားဟာ အချိန်ကြာမြင့်စွာ ဂိမ်းကစားလေ့ရှိကြတဲ့အတွက် ဒီအချိုရည်များကိုသာ သောက်သုံးပြီး ရေသန့် မသောက်ဖြစ်တာ များလာတတ်ကြကြောင်း၊ energy drink များမှာ သကြားဓာတ်၊ ကဖင်းဓာတ်နဲ့ စွဲလမ်းစေတဲ့ဓာတ်များ ကြွယ်ဝစွာ ပါဝင်ကြောင်း၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကော်ဖီတစ်ခွက်ထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်ထက် ပိုပြီး မလိုအပ်ကြောင်း၊ ဒါကြောင့် မိမိဘာသာ ကဖင်းဓာတ်လိုအပ်နေပြီလို့ ယူဆရင် ကော်ဖီသောက်ပေးရုံနဲ့ လုံလောက်ကြောင်း၊ အခြားကဖင်းဓာတ်မြင့်မားတဲ့ သောက်စရာများကို ရှောင်ရှားကြစေလိုကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Energy drink အမြောက်အများသောက်သုံးခြင်းဟာ ရေဓာတ်ရရှိဖို့ထက် ရေဓာတ်ဆုံးရှုံးဖို့ ဦးတည်နေကြောင်း၊ ဒါဟာ ကျောက်ကပ်ကို အလွန်အလုပ်များအောင် ဖိအားပေးသလိုဖြစ်နေကြောင်း၊ တစ်ပတ်ကို နာရီ ၈၀၊ ၉၀ နဲ့ ၁၀၀ နီးပါးလောက် ပုံမှန်ဂိမ်းကစားကြသူများဟာ ကျောက်ကပ်ပျက်စီးဖို့ အလားအလာ ပိုများလာကြောင်း တွေ့ရှိခဲ့ရပြီး ဒါဟာ ရေသန့် မသောက်ခြင်းရဲ့ အကျိုးဆက် တစ်ခုဖြစ်ကြောင်း စ တာတွေကိုလည်း Dr. Lindsey Migliore က ပြောသွားခဲ့ပါတယ်။

Taylor Johnson ကလည်း သူ့အနေနဲ့ Infinite Esports and Entertainment ရဲ့ စွမ်းဆောင်လည်ပတ်ရေး ဒုဥက္ကဌအနေနဲ့ ရှိနေခဲ့စဉ်က energy drink အမြောက်အများသောက်သုံးပြီး အာဟာရမျှတစွာ မစားသုံးတဲ့ ကစားသမားများကို တွေ့ရှိခဲ့ရကြောင်း၊ ကစားသမားအချို့ဟာ energy drink များကို သောက်သုံးနေရင်း ready-made စားစရာများကိုဖြစ်စေ၊ cereal တစ်ခွက်လောက်ကိုသာဖြစ်စေ စားကြပြီး အာဟာရချို့တဲ့မှု အမြောက်အများဖြစ်ပေါ်လာတတ်ကြကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

ပြည့်စုံလုံလောက်တဲ့ အာဟာရဆိုင်ရာဗဟုသုတများ ရနိုင်ဖို့ကိစ္စဟာ အလွန်အချိန်ယူပြီး ခက်ခဲကြောင်းကို Dr. Lindsey Migliore နဲ့ Taylor Johnson တို့ ၂ ဦးလုံးက လက်ခံခဲ့ကြပါတယ်။ ယင်းတို့ရဲ့အဆိုအရ လူတစ်ဦးဟာ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝနေထိုင်မှုစနစ်ကို ရလိုရင် မကောင်းတဲ့ အကျင့်ဆိုးများနဲ့ စား​သောက်ပုံစနစ် မှန်သမျှကို စွန့်လွှတ်ပြီး ကာယလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးရင်း နောက်ပိုင်း ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာဗဟုသုတများ ပိုမိုရရှိလာချိန်မှာ အလေ့အကျင့်ကောင်းများကို ပိုမိုထိရောက်စွာ လုပ်ဆောင်လာနိုင်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်အလေးချိန်လျော့ချဖို့နဲ့ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝနေထိုင်ပုံစနစ်ရရှိဖို့အတွက် အစာအာဟာရဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်လို့ Dr. Lindsey Migliore က ဆိုပါတယ်။ သူမရဲ့ အယူအဆအရ ကျန်းမာရေးအတွက် အစာအာဟာရဟာ ကာယလေ့ကျင့်ခန်းထက်တောင် အရေးပါ ပါတယ်။ ဂိမ်မာအမြောက်အများရဲ့ မှားယွင်းတဲ့ နေ့စဉ်ဘဝဖြတ်သန်းပုံကြောင့် ယင်းတို့ရဲ့ lean body mass နည်းပါးလာကာ အဆီပို များပြားလာပြီး Esports ကနေ မြန်မြန်အနားယူသွားကြရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် နေ့စဉ်ဘဝနေထိုင်ပုံစနစ် မှန်ကန်ဖို့နဲ့ အာဟာရမျှတအောင် စားသုံးဖို့တို့ဟာ ဂိမ်မာများရဲ့ ကျန်းမာရေးအတွက် အရေးကြီးဆုံးကိစ္စများဖြစ်ကြကြောင်း၊ ယင်းတို့ ၂ ခုအနက် အာဟာရမျှတအောင် စားသုံးဖို့က ပိုအရေးကြီးကြောင်းတို့ကိုလည်း Dr. Lindsey Migliore က ရှင်းလင်း ပြောကြားသွားခဲ့ ပါသေးတယ်။ Covid-19 ရဲ့ ရိုက်ခတ်မှုကို ခံစားရချိန်များမှာ ဂိမ်မာများအနေနဲ့ အာဟာရမျှတအောင် စားသုံးသင့်သလို ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝနေထိုင်ပုံစနစ်ရရှိအောင်လည်း ဂရုစိုက်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: esportsobserver