ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်
ပါကစ္စတန်ရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဖြစ်သူ Fawad Chaudhry ဟာ နိုင်ငံတွင်းမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာသွားခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန် ဂိမ်မာများအားလုံးအတွက် ဝမ်းမြောက်ဖွယ်ကိစ္စတစ်ခုဖြစ်ပြီး ဒီလို သတ်မှတ်နိုင်အောင် ပါကစ္စတန် အားကစားအဖွဲ့ချုပ်နဲ့ ပါကစ္စတန် သိပ္ပံဖက်ဒရေးရှင်းတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြရကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

Fawad Chaudhry ရဲ့ အဆိုအရ ယင်းအဖွဲ့ နှစ်ဖွဲ့ဟာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်ဖို့ စာချွန်လွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုဂိမ်းကစားခြင်းကို စိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းတွေ အများကြီး ရောက်လာတော့မှာဖြစ်ကြောင်းကိုလည်း Fawad Chaudhry က ပြောသွားခဲ့ပါတယ်။
ယခုကြေညာချက်ဟာ ပါကစ္စတန်ရဲ့ ပထမဆုံးသော အမျိုးသား Esports ပြိုင်ပွဲကြီးကို မတ်လအတွင်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာချက်အပြီး တစ်ပတ်အကျော်မှာ ထွက်ပေါ်လာခဲ့တာပါ။ ဒီပွဲကို ပါကစ္စတန်အစိုးရက ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး စပွန်ဆာများလည်း လက်ခံထားပြီးဖြစ်တယ်လို့ Fawad Chaudhry က ထိုစဥ်က ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ နှစ်လယ်ပိုင်းလောက်မှာ ပါကစ္စတန်ရဲ့ ဆက်သွယ်ရေး အာဏာပိုင်များဟာ ကလေးသူငယ်များရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ PUBG ကို နိုင်ငံအတွင်း ပိတ်ပင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီပိတ်ပင်မှုကို ပြန်လည်ဖြေလျော့ပေးခဲ့တဲ့အပြင် နိုင်ငံတွင်း Esports လောကကို တိုးတက် လာစေမယ့် ယခုလို မူဝါဒများပါ ပြောင်းလဲသတ်မှတ်လာခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်ဟာ The International 2015 ကို အနိုင်ရရှိခဲ့တဲ့ နာမည်ကျော် Dota 2 ကစားသမားဖြစ်သူ SumaiL ရဲ့ မွေးရပ်ဇာတိမြေပါ။ SumaiL ရဲ့ အစ်ကိုဖြစ်သူ ပါကစ္စတန်နိုင်ငံသား YawaR ဟာလည်း Dota 2 ကစားသမားတစ်ဦးပင်ဖြစ်ပြီး ပြိုင်ပွဲအမြောက်အများကို အနိုင်ရရှိခဲ့ဖူးပါတယ်။ EVOS 2019 ကို အနိုင်ရရှိခဲ့တဲ့ Tekken ကစားသမားကြီး Arslan Ash ဟာလည်း ပါကစ္စတန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် ပါကစ္စတန်ကနေ Portal Esports လို နာမည်ကျော် Esports အဖွဲ့အစည်းများလည်း ထွက်ပေါ်လေ့ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ်သတ်မှတ်နိုင်ခဲ့တဲ့ ပါကစ္စတန်ရဲ့ အနာဂတ်ဂိမ်းလောက ကတော့ ဆက်လက်တိုးတက်နေဦးမှာပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: folkspaper