Twitch ပေါ်ကနေ ban ခံလိုက်ရတဲ့ EternalEnvy

 

Dota 2 လောကရဲ့ နာမည်ကြီးကစားသမားတစ်ဦးဖြစ်တဲ့ EternalEnvy ဟာ အသင်းဟောင်းဖြစ်တဲ့ 4Fun ကနေ ထွက်ခွာလာခဲ့ပြီးနောက် အသင်းသစ်တစ်သင်းကို မဝင်ရောက်သေးပဲ Twitch ပေါ်မှာ ပုံမှန် stream များ လွှင့်နေခဲ့ပါတယ်။ ဒါပေမယ့် ယင်း Twitch ချန်နယ်ဟာ မကြာသေးမီကပဲ ban ခံလိုက်ရပြီဖြစ်ကြောင်း EternalEnvy က သူ့ရဲ့ တရားဝင် Twitter စာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Ban ခံခဲ့ရတဲ့အကြောင်းအရင်းကတော့ EternalEnvy ဟာ stream တစ်ခုအတွင်း လူမျိုးရေးခွဲခြားတဲ့ စကားလုံးတစ်လုံးကို ပြောဆိုခဲ့မိတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း စကားလုံးကို အတိအကျဖော်ပြထားခြင်းမရှိပေမယ့် “g word” လို့တော့ ဆိုထားပါတယ်။

Ban ခံရတဲ့ အချိန်ကာလကိုလည်း အတိအကျ မသိရပေမယ့် ယာယီ ban ခံရတာသာဖြစ်နိုင်ကြောင်း အများက သုံးသပ်ကြပါတယ်။ Dota 2 လောကအတွင်းက အခြားနာမည်ကျော်များဖြစ်ကြတဲ့ N0tail, Ceb နဲ့ Black^ တို့ဟာလည်း EternalEnvy နဲ့ အလားတူစွာ Twitch ပေါ်ကနေ ယာယီ ban ခံခဲ့ရတဲ့ သာဓကများ ယခင်ကရှိခဲ့ဖူးပါတယ်။

ပရိသတ်များက EE လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ EternalEnvy ဟာ ယခုမှ Twitch ပေါ်မှာ ban ခံရဖူးတာဖြစ်ပေမယ့် Dota 2 လောကမှာတော့ အလွဲအမှားနဲ့ ပြဿနာလေးများပြုလုပ်လေ့ရှိသူအဖြစ် လူသိများပြီးသားပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာအတွင်းမှာ EternalEnvy ရဲ့ Dota 2 smurf အကောင့်ဟာ rank ပွဲများအတွင်း ရွေးချယ်ထားတဲ့ role ကို မကစားပဲ စည်းကမ်း ဖောက်ဖျက်တဲ့ အကြိမ်ရေ များပြားတာကြောင့် behavior score 1 အထိ ကျဆင်းသွားခဲ့ပြီး ၆ လကြာအောင် ban ခံခဲ့ရဖူးပါတယ်။

ဒါ့အပြင် MDL Disneyland Paris Major ကို ဝင်ရောက်ခွင့်ရရှိအပြီး mid lane ကစားသမားဖြစ်သူ Gunnar ကို အသင်းတွင်းက ထုတ်ပယ်ခဲ့စဉ်မှာလည်း ဝေဖန်မှုများကိုခံခဲ့ဖူးပါတယ်။ မည်သို့ပင်ဖြစ်စေ Dota 2 လောကအတွင်း ရပ်တည်လာတာကြာမြင့်ခဲ့ပြီဖြစ်တဲ့ EternalEnvy တစ်ယောက် Twitch ပေါ်မှာ ပြန်လည် stream လွှင့်နိုင်မယ့်အချိန်ကို သူ့ရဲ့ ပရိသတ်များက စောင့်မျှော်နေကြဦးမှာပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming