Diretide ထွက်ရှိပြီးနောက် ကစားသူအရေအတွက် ပြန်လည်မြင့်တက်လာနေတဲ့ Dota 2

 

မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ Dota 2 ရဲ့ Diretide event ဟာ ဂိမ်းရဲ့ ကစားသူဟောင်းများ ပြန်လည်ရောက်ရှိ လာစေဖို့ ရည်ရွယ်ထားတဲ့ Valve ရဲ့ အစီအစဉ်တစ်ခုပါ။ ယခုနှစ် မေလက စလို့ Dota 2 ကစားသူအရေအတွက် ဆက်တိုက်ကျဆင်းနေခဲ့ရာကနေ Diretide ထွက်ပေါ်လာပြီးနောက်မှာတော့ Valve ရဲ့ အကြံအစည်အတိုင်း ကစားသူ အရေအတွက် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

Steam Charts ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ စက်တင်ဘာလအတွင်း Dota 2 ရဲ့ တစ်ချိန်တည်း ဝင်ရောက်ကစားသူ အများဆုံးပမာဏဟာ ၆၇၀,၅၄၇ သာရှိခဲ့ရာကနေ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော့ ၇၂၃,၂၈၀ အထိရှိလာခဲ့ပါတယ်။ ဒီပမာဏဟာ Diretide ကို ထုတ်ပေးပြီးနောက် အနည်းငယ်သာကြာမြင့်သေးတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရရှိလာခဲ့တာဖြစ်ပြီး ပျမ်းမျှကစားသူအရေအတွက်လည်း ပြန်လည်မြင့်တက် လာလျက်ရှိပါတယ်။

ယခုတစ်ကြိမ်ကလွဲရင် ၂၀၁၃ ခုနှစ်တုန်းက နောက်ဆုံးပြုလုပ်ပေးခဲ့ဖူးတဲ့ Diretide ဟာ Dota 2 အသိုင်းအဝိုင်းအတွင်း အလွန်လူကြိုက်များခဲ့တဲ့ event တစ်ခုပါ။ လက်ရှိ Diretide ဟာလည်း cosmetic item အမြောက်အများပါဝင်ခြင်း၊ game mode နဲ့ reward များကို pay-to-win ဆန်ဆန် မပြုလုပ်ထားခြင်း၊ Dota 2 ပရိသတ်များရဲ့စကားကို အလေးထားပြီး event ထုတ်ပေးခဲ့ခြင်း စ တာတွေကြောင့် ကစားသူများ နှစ်သက်သဘောကျလျက်ရှိပါတယ်။

Diretide ကြောင့် ကစားသူအရေအတွက် မြင့်တက်လာနိုင်ခြင်းဟာ အနာဂတ်မှာ Dota 2 အနေနဲ့ တစ်ဖန်ပြန်လည် လူကြိုက်များလာနိုင်သေးကြောင်း ညွှန်ပြလိုက်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၆ တုန်းက ရရှိခဲ့ဖူးတဲ့ တစ်ချိန်တည်း ဝင်ရောက်ကစားသူ အများဆုံးအရေအတွက် ၁,၂၉၁,၃၂၈ ကို ကျော်လွန်ဖို့ဆိုရင်တော့ အများကြီးလိုနေပါသေးတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြီးဆုံးမယ့် Diretide ဟာ Dota 2 ကစားသူအရေအတွက် ဆက်လက် များပြားနေအောင် ထိန်းထားနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပါ။ Dota 2 ပြန်လည်ဦးမော့ လာစေရေးအတွက် Valve က အစီအစဉ်များဆက်လက်ပြုလုပ်ပေးနေဖို့ကိုလည်း ပရိသတ်များက မျှော်လင့်လျက်ရှိကြပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming