LoL: Wild Rift မှာ Beginner များအနေနဲ့ကိုင်တွယ်ရန် ခက်ခဲမည့် ချန်ပီယံများ

 

ပရိသတ်များစောင့်မျှော်နေခဲ့ကြတဲ့ League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းဟာ လက်ရှိအချိန်မှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံများအတွင်း regional closed beta ပြုလုပ်နေပြီး ဆက်လက်စမ်းသပ်လျက်ရှိပါတယ်။ Wild Rift တရားဝင်ထွက်ရှိဖို့အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်လို့ closed beta အတွင်းဝင်ရောက်ကစားလိုသူများနဲ့ စိတ်ဝင်တစားလေ့လာနေကြသူများ တစ်နေ့ထက်တစ်နေ့များပြားလာတာကိုလည်း တွေ့မြင်နေကြရပါတယ်။ ယခု closed beta မှာလည်း မိမိရဲ့ playstore account ကို VPN ကျော်သုံးပြီး ပြည်တွင်းမှာ စမ်းသပ်ကစားကြည့်နေတဲ့ ကစားသမား အမြောက်အများလည်း ရှိနေပြီးသလို လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့ကြရင်လည်း Open Beta ကို တရားဝင် ခွင့်ပြုတော့မှာ ဖြစ်လို့ သိပ်မကြာခင် အားလုံး ညီတူမျှတူ ကစားနိုင်တော့မှာပါ။

ဒါကြောင့် Wild Rift ကို ကစားတော့မယ်ဆိုရင် ဂိမ်းအတွင်းမှာ ကိုင်တွယ်ကစားရ ခက်ခဲတဲ့ ချန်ပီယံများ ရှိတာကို သိထားသင့်ပါတယ်။ League of Legends ဟာ ဆယ်စုနှစ် တစ်ခုစာ သက်တမ်း ရှိပြီးသား ကမ္ဘာ့လူကြိုက်အများဆုံး MOBA game တစ်ခု အဖြစ် ရပ်တည်လာခဲ့ပြီး ဖြစ်လို့ League of Legends အခြေခံသဘောတရား၊ ခက်ခဲတဲ့ Champion စ သည်များကို ကြိုတင် သိထားဖို့ League of Legends အတွေ့အကြုံတွေကို မျှဝေပေးဖို့ လိုအပ်ပါတယ်။ ဒါမှာသာ စတင်စမ်းသပ် ကစားသူများ အနေနဲ့ ယင်းချန်ပီယံများကို မှားယွင်းကိုင်တွယ်မိပြီး မလိုလားအပ်တဲ့ရှုံးပွဲများ မတွေ့ကြုံကြရမှာဖြစ်သလို ကျွမ်းကျင်အောင်ကစားလိုသူများဟာလည်း လေ့ကျင့်မှုများစွာပြုလုပ်ထားဖို့ လိုအပ်ကြောင်း နားလည်သဘောပေါက်လာမှာပါ။ Wild Rift ရဲ့ ကိုင်တွယ်ကစားရခက်ခဲတဲ့ချန်ပီယံအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

Yasuo

PC ပေါ်က League of Legends မှာ လူကြိုက်အများဆုံးချန်ပီယံများထဲက တစ်ကောင်ဖြစ်တဲ့ Yasuo ဟာ ကိုင်တွယ်ကစားရခက်ခဲတဲ့ချန်ပီယံများစာရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ Mid lane ကို အဓိက သွားလေ့ရှိပေမယ့် bottom lane adc နေရာမှာရော top lane မှာပါ တွေ့မြင်ရလေ့ရှိတဲ့ Yasuo ရဲ့ ability ဖွဲ့စည်းပုံဟာ Wild Rift နဲ့ စိမ်းနေသေးတဲ့ကစားသမားသစ်များကို အခက်တွေ့စေမှာပါ။

Yasuo ရဲ့ ultimate ability ဖြစ်တဲ့ Last Breath ကို အသုံးပြုနိုင်ရေးဟာ first ability က ထွက်လာမယ့် whirlwind လေပွေပေါ်မှာ အပြည့်အဝမီခိုနေပါတယ်။ Yasuo ရဲ့ whirlwind လေပွေဟာ ရန်သူတစ်ကောင်ကောင်ကို အချိန်တိုအတွင်း first ability နဲ့ ၂ ခေါက်ထိအောင် အရင်သုံးထားပြီးမှ ထုတ်နိုင်မှာဖြစ်လို့ ultimate ကို လိုတဲ့အချိန်မှာ လိုသလို အလွယ်တကူသုံးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

Yasuo ရဲ့ second ability ဖြစ်တဲ့ Wind Wall ဟာ turret ပစ်တာကလွဲရင် ကျန်တဲ့ projectile များအားလုံးကို အချိန်ခဏကြာကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုမြန်ဆန်တဲ့ရန်သူကို ရင်ဆိုင်ချိန်မှာ Wind Wall ထိရောက်စွာကာနိုင်ဖို့ ခက်ခဲလှပြီး ဆုံးဖြတ်ချက်မှားယွင်းသွားရင် အကျိုးမဲ့ဖြစ်သွားတတ်ပါတယ်။

Wind Wall ဟာ အသုံးပြုလိုက်တဲ့တစ်နေရာထဲမှာပဲ ကျန်ခဲ့မှာဖြစ်လို့ third ability ဖြစ်တဲ့ Sweeping Blade နဲ့ နေရာစုံခုန်လွှားနေရင်း မိမိကိုယ်ကို projectile ရန်က ကာကွယ်ဖို့ဆိုရင် ပိုလို့တောင် ခက်ခဲပါသေးတယ်။ Sweeping Blade ဟာ မတူညီတဲ့ရန်သူများဆီကို ဆက်တိုက် ခုန်လွှားနေနိုင်တဲ့ ability ဖြစ်ပြီး ကျွမ်းကျင်တဲ့ Yasuo ကစားသမားများကတော့ ယင်းကို အသုံးပြုကာ ရန်သူများ ဗြောင်းဆန်နေအောင် စွမ်းဆောင်တတ်ကြပါတယ်။

Yasuo ရဲ့ passive ဖြစ်တဲ့ Way of the Wanderer ဟာ shield ပေးစွမ်းနိုင်သလို critical strike chance ကိုလည်း များပြားစေလို့ Yasuo ကို critical item အများအပြားထည့်ပြီး ကစားလေ့ရှိကြပါတယ်။ ဒီအချက်ကြောင့် melee ချန်ပီယံတစ်ကောင်ဖြစ်တဲ့ Yasuo ကို ပုံမှန်ထက် ပိုပျော့နေစေပြီး shield မရှိချိန်နဲ့ Wind Wall မကာနိုင်ချိန်များမှာ ရန်သူများက အလွယ်တကူသတ်သွားတာကို ခံရနိုင်ပါတယ်။ Yasuo ဟာ item အမြန်ရှာဖွေဖို့ လိုအပ်တဲ့ချန်ပီယံတစ်ကောင်လည်းဖြစ်ပါတယ်။

Zed

Melee assassin တစ်ကောင်ဖြစ်ပြီး mid lane မှာသာ အတွေ့ရများတဲ့ Zed ဟာ ကစားရခက်ခဲလှတဲ့ ချန်ပီယံတစ်ကောင်ပါ။ PC ပေါ်က ကမ္ဘာ့အကောင်းဆုံး League of Legends ကစားသမားအဖြစ် လူအများသတ်မှတ်တာခံခဲ့ရဖူးတဲ့ Faker ဟာ Zed ကို ကိုင်တွယ်ကစားကာ ပြိုင်ပွဲအမြောက်အများကို အနိုင်ရရှိဖူးလို့ အလွန်လူကြိုက်များလှတဲ့ ချန်ပီယံတစ်ကောင်ဆိုရင်လည်း မမှားပါဘူး။ Zed ရဲ့ ခက်ခဲမှုများကတော့ ယင်းရဲ့ second နဲ့ first/third ability တွဲလုံးများကို ကောင်းစွာအသုံးပြုနိုင်ဖို့၊ ultimate ability ကို ထိရောက်စွာအသုံးပြုနိုင်ဖို့၊ ရန်သူများထက် item အမြန်ရှာဖွေနိုင်ဖို့ စတာတွေပဲဖြစ်ပါတယ်။

Zed ရဲ့ second ability က ထွက်လာမယ့် Living Shadow အရိပ်ဟာ first ability ဖြစ်တဲ့ Razor Shuriken နဲ့ third ability ဖြစ်တဲ့ Shadow Slash များကို Zed နဲ့အတူ လိုက်အသုံးပြုပါတယ်။ ဒါကြောင့် တိုက်ခိုက် ခံရတဲ့ ရန်သူများဟာ ယင်းအရိပ်ကို သတိထားရှောင်တိမ်းနေကြမှာဖြစ်ပြီး Zed အနေနဲ့ ထိအောင် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

Zed ဟာ Living Shadow နဲ့ နေရာချင်းလဲလို့ရတဲ့အတွက် ရန်သူနဲ့ ရင်ဆိုင်နေစဉ်အတွင်း ယင်းကို တိုက်ခိုက်ဖို့ ဖြစ်စေ ထွက်ပြေးဖို့ဖြစ်စေ ချိန်ဆပြီးအသုံးပြုပေးရမှာပါ။ First ability ဟာ ပထမဆုံးထိမှန်တဲ့ရန်သူကိုသာ damage အပြည့်ထိမှာဖြစ်လို့ မိမိတိုက်ခိုက်မယ့်ရန်သူကို တိုက်ရိုက်ထိမှန်အောင် ပစ်သင့်ပါတယ်။

Zed ကစားသမားကောင်းများဟာ ultimate ကို အသုံးပြုပြီး အရေးပါတဲ့ရန်သူတစ်ကောင်ကို အမြန်သတ်ဖို့ ကြိုးပမ်းလေ့ရှိကြပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် ရန်သူထက် item သာအောင် ရရှိထားသင့်သလို ultimate နဲ့ mark ထားတဲ့ရန်သူကို ၃ စက္ကန့်အတွင်း damage လုံလောက်စွာပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

Physical damage item အမြောက်အများသာဆက်လေ့ရှိလို့ အလွန်ပျော့တဲ့ Zed ဟာ ရန်သူများကြား ဝင်ရောက်ရင်း အလွယ်တကူအသတ်ခံရနိုင်ပါတယ်။ ဒါကြောင့် Zed ကိုင်တွယ်ကစားလိုသူဟာ မိမိရဲ့ ability များအကြောင်းကို ကောင်းစွာနားလည်ထားပြီး ပါးနပ်စွာအသုံးပြုရမှာဖြစ်သလို ရန်သူ့အရိပ်အခြေကို နားလည်နေရမှာလည်း ဖြစ်ပါတယ်။

Lee Sin

Lee Sin ဟာ PC ပေါ်က League of Legends မှာ ခေတ်အဆက်ဆက် ထွန်းတောက်လာခဲ့တဲ့ jungle ချန်ပီယံတစ်ကောင်ပါ။ Lee Sin ရဲ့ first, second နဲ့ third ability ၃ ခုလုံးဟာ recast များကို ပိုင်ဆိုင်ထားလို့ ထပ်မံအသုံးပြုပေးဖို့ သတိမမေ့ရမှာဖြစ်သလို first နဲ့ ultimate ability တွဲလုံးကိုလည်း အရေးပါတဲ့ ရန်သူအပေါ် အတိအကျအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။

Lee Sin ရဲ့ first ability ဖြစ်တဲ့ Sonic Wave ဟာ တိုက်ရိုက်ထိမှန်တဲ့ရန်သူဆီကို recast လုပ်ပြီး ခုန်ပျံသွားစေ နိုင်ပါတယ်။ ဒါကြောင့် Lee Sin ကို မြင်တာနဲ့ ရန်သူဘက်က tank များဟာ သူတို့ရဲ့ damage အပေးနိုင်ဆုံး adc သို့မဟုတ် mage များကို Sonic Wave မထိအောင် ကာဆီးနေကြမှာဖြစ်ပြီး tank များမရှိချိန်မှာလည်း ယင်းတို့ကိုယ်တိုင်သတိထားရှောင်တိမ်းနေကြမှာဖြစ်လို့ မိမိအလိုရှိတဲ့ ရန်သူဆီ ခုန်ပျံသွားဖို့ ကိစ္စဟာ ခက်ခဲနိုင်ပါတယ်။

Lee Sin ကစားသမားကောင်းတစ်ယောက်ရဲ့ အဓိကတာဝန်ကတော့ ultimate ဖြစ်တဲ့ Dragon’s Rage အသုံးပြုပြီး ရန်သူ adc နဲ့ mage များကို မိမိအသင်းသားများဆီ ကန်ထည့်ဖို့ပါ။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် Lee Sin အနေနဲ့ Sonic Wave အသုံးပြုကာ ယင်းရန်သူအနားရောက်ရှိအောင် အရင်ဆုံး ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

Lee Sin ရဲ့ ကျန် ability များကတော့ အသုံးပြုဖို့ ခက်ခဲတယ်လို့ မဆိုနိုင်ပေမယ့် recast များ ထပ်မံ မပြုလုပ်ရင် ထင်ထားသလောက် မထိရောက်နိုင်တဲ့အချက်ကို သတိထားသင့်ပါတယ်။ Lee Sin ဟာ လက်ရှိ Closed Beta မှာတော့ ပါဝင်ခြင်း မရှိသေးပေမယ့် လာမယ့် Open Beta မှာ ပါဝင်နိုင်တဲ့အတွက် ဒီ စာရင်းမှာ ကြိုတင် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။

Vayne

Hyper scale adc တစ်ကောင်ဖြစ်တဲ့ Vayne ဟာ ဂိမ်းတစ်ပွဲရဲ့ အဆုံးသတ်ပိုင်းများအတွက် အကောင်းဆုံး ချန်ပီယံများထဲက တစ်ကောင်ပါ။ နေရာအရွှေ့အပြောင်းအလွန်မြန်ဆန်မှု၊ ရန်သူရဲ့ armor ကို ထည့်မတွက်ပဲ maximum health ရာခိုင်နှုန်းများနဲ့ true damage များစွာ ထိမှန်စေနိုင်မှု၊ ultimate ကို အသုံးပြုထားရင် အချိန်တိုများအတွင်း ကိုယ်ပျောက်နိုင်မှု စတာတွေကြောင့်လည်း Vayne ဟာ adc ကစားသမားအများစုရဲ့ သည်းခြေကြိုက်ချန်ပီယံတစ်ကောင်ဖြစ်နေလေ့ရှိပါတယ်။

ဒါပေမယ့် ability damage လုံးဝနီးပါး မပါဝင်တဲ့ Vayne ရဲ့ damage ပေးနိုင်ရေးဟာ auto attack အပေါ်မှာသာ မီခိုနေပါတယ်။ ဒါကြောင့် Vayne ဟာ မိမိကို ပစ်ခွင့်မပေးပဲ ထိန်းချုပ်လိုတဲ့ရန်သူများကို လိမ္မာပါးနပ်စွာ အဆက်မပြတ်ရှောင်တိမ်းနေဖို့လိုအပ်သလို item များကိုလည်း မြန်ဆန်စွာရှာဖွေဖို့ လိုအပ်လှပါတယ်။

အထူးသဖြင့် ဂိမ်းရဲ့ နောက်ပိုင်းအချိန်များမှာ အသုံးဝင်ဆုံးဖြစ်လာလေ့ရှိတဲ့ Vayne ကို အားကောင်းတဲ့ ရန်သူများဟာ laning phase မှာတည်းက လုံးဝနီးပါး farm ခွင့်ပေးလေ့မရှိပါဘူး။ Vayne ဟာ laning phase မှာ ခက်ခဲရုံသာမက ရန်သူအသင်းက ဂိမ်းပွဲကို တတ်နိုင်သမျှ စောစောအဆုံးသတ်ဖို့လည်း ကြိုးပမ်းလာတာကိုလည်း ကြုံတွေ့ရလေ့ရှိပါတယ်။

Vayne ကိုကိုင်တွယ်ကစားလိုသူများဟာ ရန်သူကို ပြေးလိုက် ပစ်လိုက် ပြုလုပ်ခြင်း (kiting) နဲ့ ရသလောက် အချိန်အတွင်းမှာ အမြန် farm ခြင်းတို့ကို ကျွမ်းကျင်အောင် လေ့ကျင့်ထားကြရမှာပါ။ Kiting queen လို့ နာမည်ကြီးတဲ့ Vayne ဟာ ကောင်းစွာကစားနိုင်သူများရဲ့လက်မှာ အလွန်အဖိုးတန်လှတဲ့ ချန်ပီယံတစ်ကောင် ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို မြေစမ်းခရမ်းပျိူး ကစားသမား အများအပြားရှိနေတဲ့ Beta ကာလမှာတော့ Vayne အား Counter လုပ်ရကောင်းမှန်း မသိတဲ့သူ များနိုင်တာကြောင့် Vayne ဟာ ကစားရလွယ်ကူတဲ့ ADC တစ်ကောင်ဖြစ်နေမှာပါ။

Ezreal

ရိုးရှင်းတဲ့ ability များနဲ့ ဖွဲ့စည်းထားတဲ့ Ezreal များဟာ ရုတ်တရတ်ကြည့်လိုက်ရင် ကစားဖို့ လွယ်ကူသလိုထင်ရပေမယ့် cooldown နည်းတဲ့ first ability နဲ့ auto attack တို့ကို ပေါင်းစပ်တိုက်ခိုက်ရမှု၊ first, second နဲ့ ultimate ability များ တိကျစွာထိမှန်ဖို့ခက်ခဲမှု၊ third ability နဲ့ blink ခုန်ရာမှာ နေရာရွေးချယ်ဖို့အရေးကြီးမှု စတာတွေကြောင့် ကစားရခက်ခဲတဲ့ချန်ပီယံစာရင်းမှာ ပါဝင်နေတာပါ။

Ezreal ရဲ့ first ability ဖြစ်တဲ့ Mystic shot ဟာ ပထမဆုံးတွေ့တဲ့ရန်သူကိုသာ ထိမှန်စေတာပါ။ Laning phase မှာ Ezreal ဟာ ယင်းကို အသုံးပြုပြီး last hit များ ရယူနေနိုင်ပေမယ့် အသင်းလိုက် တိုက်ခိုက်ရာမှာတော့ အလိုရှိတဲ့ရန်သူကို ထိအောင်အသုံးပြုနိုင်ဖို့ လွန်စွာခက်ခဲပါတယ်။

Second ability ဟာလည်း ပထမဆုံးတွေ့တဲ့ ရန်သူချန်ပီယံ/ epic monster/ turret ကို ထိမှန်ပါတယ်။ Second ability ဟာ စတင်အသုံးပြုချိန်မှာ ရန်သူကို damage ထိစေဦးမှာ မဟုတ်ပဲ first ability သို့မဟုတ် auto attack နဲ့ ထပ်မံတိုက်ခိုက်ပေးဖို့လည်း လိုအပ်ပြန်ပါတယ်။

ဒါကြောင့် Ezreal ကစားသမားကောင်းများဟာ မိမိအလိုရှိတဲ့ရန်သူဆီ blink ခုန်ပြီးဖြစ်စေ၊ ထင်မှတ်မထားတဲ့ အချိန်မှာဖြစ်စေ second နဲ့ first ability တွဲလုံးကို အသုံးပြုရလေ့ရှိပြီး ကျန်အချိန်များမှာတော့ first ability နဲ့ auto attack များ ပေါင်းစပ်တိုက်ခိုက်လေ့ရှိကြပါတယ်။ PC ပေါ်က League of Legends ပြိုင်ပွဲ အမြောက်အများမှာ မြင်တွေ့ရလေ့ရှိတဲ့ Ezreal ဟာ အလွန်ပျော့တဲ့ ချန်ပီယံတစ်ကောင်ဖြစ်လို့ damage ပေးနေရင်း ရန်သူကို သတိထားရှောင်တိမ်းနေရမှာလည်းဖြစ်ပါတယ်။

Twisted Fate

Mid lane မှာ အတွေ့ရများတဲ့ Twisted Fate ဟာ PC ပေါ်က League of Legends မှာ mage ချန်ပီယံသာ ဖြစ်နေခဲ့ပေမယ့် auto attack ကို အသုံးပြုဖို့လည်းလိုတဲ့ ချန်ပီယံတစ်ကောင်ပါ။ မြေပုံပေါ်က ရန်သူများ အားလုံးကို ultimate နဲ့ မြင်တွေ့နိုင်သလို အလိုရှိတဲ့နေရာဆီ ခုန်သွားနိုင်မှု၊ ability များရဲ့ စွယ်စုံအသုံးဝင်မှု၊ passive နဲ့ gold ရမြန်ဆန်မှု စ တာတွေကြောင့် ၂၀၀၉ ခုနှစ်တည်းက League of Legends ထဲမှာ စတင် ပါဝင်လာခဲ့တဲ့ Twisted Fate ဟာ အလွန်ရေပန်းစားခဲ့ဖူးပါတယ်။

ကောင်းစွာ မကိုင်တွယ်တတ်သူများရဲ့ လက်မှာ Twisted Fate ဟာ damage မပေးနိုင်တဲ့ ချန်ပီယံ တစ်ကောင်လို ဖြစ်နေလေ့ရှိပါတယ်။ ဒါကြောင့် Twisted Fate ကစားသူများဟာ passive ကို အမှီပြုကာ item သာလွန်နေအောင် ရှာဖွေထားရမှာဖြစ်ပြီး မြေပုံတစ်လျှောက် လိုအပ်တဲ့နေရာကို အမြန်သွားနိုင်ဖို့ ဂရုတစိုက်ကြည့်ရှုနေရမှာလည်းဖြစ်ပါတယ်။

ကစားသူဟာ Twisted Fate ရဲ့ second ability ဖြစ်တဲ့ Wild Cards အနီ၊ အပြာနဲ့ အဝါ ၃ ကဒ် ကို ဂိမ်းတစ်လျှောက် ကျွမ်းကျင်စွာနဲ့ လိုအပ်သလို တိတိကျကျအသုံးပြုရမှာပါ။ ဒီအချက်ဟာလည်း အလွန်အရေးကြီးပြီး ကဒ်များကို အချိန်ကိုက်အသုံးမပြုနိုင်ရင်ဖြစ်စေ၊ ကဒ်ရွေးရင်း အချိန်ကြာနေရင်ဖြစ်စေ Twisted Fate ဟာ အသင်းအတွက်အသုံးမဝင်တဲ့ချန်ပီယံသဖွယ်ဖြစ်သွားတတ်ပါတယ်။

ရိုးရှင်းတဲ့ first abitiy ကိုတော့ ရန်သူများကို ထိမှန်အောင် အသုံးပြုပေးဖို့သာလိုပါတယ်။ ဒါ့အပြင် ability cooldown လည်နေချိန်များမှာ adc သဖွယ် auto attack ပစ်ပေးဖို့လည်း လိုအပ်ပါတယ်။

Wild Rift အတွင်းက ချန်ပီယံများအားလုံးဟာ မတူညီတဲ့ ability များနဲ့ ကစားနည်းကစားဟန်များကို ပိုင်ဆိုင်ထားကြတာမို့ ယခုဖော်ပြခဲ့တဲ့ ချန်ပီယံများသာ ကိုင်တွယ်ကစားရခက်ခဲတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် PC ပေါ်က League of Legends မှာတည်းက ဒီချန်ပီယံများဟာ ခက်ခဲကြောင်း အများကသတ်မှတ်ထားတာကြတာမို့ ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
By Combo (Htet Wai Yan)