Arteezy ပြောပြတဲ့ PPD, Puppey နဲ့ Fly တို့ရဲ့ ဦးဆောင်မှုအောက်က အတွေ့အကြုံများအကြောင်း

 

Dota 2 လောကရဲ့ နာမည်အကျော်ကြားဆုံးကစားသမားများထဲကတစ်ဦးဖြစ်သူ Artour “Arteezy” Babaev ဟာ မကြာသေးမီက Daniel Offen ရဲ့ position 6 podcast စကားဝိုင်းအတွင်းမှာ ပါဝင်လာခဲ့ပါတယ်။ ယင်း podcast အတွင်းမှာတော့ Arteezy က ကစားသမားဘဝသက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အသင်းခေါင်းဆောင်များရဲ့ ဦးဆောင်မှုအောက်က အတွေ့အကြုံများအကြောင်းကို ပြောသွားခဲ့ပါတယ်။

Arteezy ဟာ Dota 2 သမိုင်းကြောင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းခေါင်းဆောင်များစာရင်းမှာ ပါဝင်တဲ့ PPD, Puppey နဲ့ Fly တို့နဲ့အတူ ကစားလာခဲ့သူတစ်ဦးပါ။ PPD ရဲ့ ဦးဆောင်မှုအောက်မှာ အောင်မြင်တဲ့ Dota 2 pro ကစားသမားဘဝကို စတင်လာနိုင်ခဲ့သူ Arteezy ရဲ့ အဆိုအရ ခေါင်းဆောင် တစ်ဦးချင်းဆီကနေ ရရှိခဲ့တဲ့အတွေ့အကြုံများဟာ မတူညီပဲ ကွဲပြားခြားနားတယ်လို့ ဆိုပါတယ်။

ပထမဦးဆုံး PPD ရဲ့ ဦးဆောင်မှုအကြောင်း ပြောကြားခဲ့ရာမှာ Arteezy က သူဟာ PPD နဲ့ အဆင်ပြေ ကိုက်ညီမှု သိပ်မရှိခဲ့သလို PPD နဲ့ အတူရှိနေချိန်များမှာ လေ့လာသင်ယူစရာ ကြီးကြီးမားမားလည်း မတွေ့ခဲ့ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ကလေးတစ်ယောက်လို လိုက်လံညွှန်ကြား အမိန့်ပေး ခံနေခဲ့ရတာကတော့ ပထမဆုံးအတွေ့အကြုံဖြစ်ကြောင်း၊ pub ပွဲတွေမှာ ပုံမှန်ကစားနေကျ ပုံစံကနေ ကွဲထွက်ပြီး ကစားစေဖို့ သင်ကြားပေးခဲ့တာတွေတော့ရှိကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

ယင်းနောက်မှာတော့ Puppey ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်လို့ ပြောသွားခဲ့ပါတယ်။ Arteezy ရဲ့ အဆိုအရ သူဟာ Puppey ဆီကနေ Dota 2 အကြောင်းအရာများသာမက လက်တွေ့ဘဝ သင်ခန်းစာ အမြောက်အများ ကိုပါ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် TI6 မှာ ယင်းတို့ရဲ့ အသင်း အခြေအနေမလှဖြစ်ခဲ့ရပြီးနောက် Puppey က သူ့ကို စကားတွေ အများကြီး ပြောခဲ့ဖူးကြောင်း၊ အစပိုင်းမှာ ယင်းစကားများကို နားမလည် ခဲ့ပေမယ့် နှစ်တွေကြာလာပြီးနောက်မှာတော့ ကိုယ်တွေ့အဖြစ်အပျက်များရှိလာပြီး နားလည်လာခဲ့ကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Fly အကြောင်းပြောကြားခဲ့ရာမှာတော့ Arteezy က Tal (fly) ဟာ သူကြုံတွေ့ခဲ့ဖူးတဲ့ အခြား ခေါင်းဆောင်များနဲ့ မတူပဲ အလွန်အေးဆေး တည်ငြိမ်ကြောင်း၊ အခြားသူများရဲ့ ပြောစကားများကိုလည်း နားထောင်ပေးလေ့ရှိကြောင်း၊ အောင်မြင်မှု လိုချင်ကြတာချင်းတူပေမယ့် Fly ရဲ့ ကြိုးပမ်းပုံနည်းလမ်းဟာ အခြားသူများနဲ့ ကွဲပြားပြီး ကောင်းမွန်တယ်လို့ ယူဆမိကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် Arteezy က Covid-19 ကာလတွင်း အတွေ့အကြုံများအကြောင်း ပြောသွားခဲ့သလို Evil Geniuses အသင်းကို အသစ်ရောက်ရှိလာတဲ့ iceiceice နဲ့အတူ ကစားဖို့ ၂၀၁၄ လောက်တည်းက မျှော်လင့်နေခဲ့တာဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Arteezy ပြောသွားခဲ့တဲ့ နာမည်ကျော် Dota 2 အသင်းခေါင်းဆောင်ကြီးများရဲ့ ဦးဆောင်မှုများ အကြောင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
Source: afkgaming