သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ်

 

အင်္ဂလန်နိုင်ငံ Launton ရွာမှာ နေထိုင်တဲ့ Jenni Walker လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူအတွက် PS5 တစ်လုံး မွေးနေ့လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ရာမှာ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒါကတော့ Amazon ကနေ ငွေပေးချေပြီး မှာယူထားတဲ့ PS5 ဟာ လုံးဝမရောက်လာတော့ပဲ အတူမှာယူထားတဲ့ အခြားပစ္စည်းများသာ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ Amazon ကုမ္ပဏီကို ဆက်သွယ်ပြီး ဒီအကြောင်းကို မေးမြန်းခဲ့ပါတယ်။

စုံစမ်းမှုများပြုလုပ်ရာမှာတော့ စီစီတီဗွီတစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း Amazon ရဲ့ အမည်မသိ ပစ္စည်းပို့ဆောင်သူတစ်ဦးဟာ PS5 ထည့်ထားတဲ့ပါဆယ်ဘူးကို ကားပေါ်ပြန်တင်ပြီး ခိုးယူသွားတာကို တွေ့ခဲ့ရပါတယ်။

Amazon ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ယင်းတို့အနေနဲ့ ပစ္စည်းများကို ပို့ဆောင်ရာမှာ အဆင့်အတန်းမြင့်မားစွာ ဆောင်ရွက်နေတာဖြစ်သလို ဝန်ဆောင်မှုအသုံးပြုနေသူများကိုလည်း အလွန်အလေးထားပါကြောင်း၊ ဒါကြောင့် ဒီကိစ္စမှာ အပြစ်ရှိတဲ့ ပစ္စည်းပို့ဆောင်သူကို အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

Amazon ဟာ ဒီကိစ္စအတွက် Jenni Walker ကို စတာလင်ပေါင် ၅ ပေါင် တန် ဘောက်ချာတစ်ခု လျော်ကြေးပေးဖို့ စတင်ကမ်းလှမ်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပေါင် ၅၀ တန် ဘောက်ချာနဲ့ PS5 မှာယူမှုအတွက် ငွေပြန်အမ်းပေးမှာဖြစ်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Jenni Walker ကတော့ PS5 တစ်လုံးသာ ပြန်လိုချင်ကြောင်းပြောပြီး ငြင်းပယ်ခဲ့သလို ဒီအဖြစ်အပျက်ဟာ သူ့သားရဲ့ မွေးနေ့အတွက် ဆိုးရွားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

 

ယင်းမတိုင်မီ အစောပိုင်းတုန်းကလည်း Amazon ကနေ မှာယူခဲ့တဲ့ PS5 ဘူးများအတွင်းမှာ ဂိမ်းစက်အစား အခြားပစ္စည်းများသာ ထည့်သွင်းထားတာကို တွေ့ခဲ့ရလို့ လက်ခံသူအမြောက်အများ ဒေါသဖြစ်ခဲ့ရတယ်လို့ လည်းဆိုပါတယ်။ နာမည်ကြီးနေတဲ့ PS5 ဂိမ်းစက်ကို စောစီးစွာ မှာယူရာမှာ လွဲချော်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဗဟုသုတအဖြစ်ဖော်ပြလိုက်ရပါတယ်။

Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: unilad.co.uk