PC ဂိမ်းသမိုင်းတစ်လျှောက် စတင်ထွက်ရှိတဲ့နေ့မှာ အရောင်းရဆုံးဗီဒီယိုဂိမ်းအဖြစ် စံချိန်တင်သွားခဲ့တဲ့ Cyberpunk 2077

 

CD Projekt Red ကနေ မကြာသေးမီက ထွက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာ အလွန်ရေပန်းစားနေဆဲ Cyberpunk 2077 ဟာ ထူးခြားတဲ့စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ PC ဂိမ်းများရဲ့ သမိုင်းကြောင်းတစ်လျှောက် စတင်ထွက်ရှိတဲ့ တစ်နေ့တည်းအတွင်းမှာ အရေအတွက်အများဆုံးရောင်းနိုင်ခဲ့တဲ့ဗီဒီယိုဂိမ်းအဖြစ် စံချိန်တင်သွားခဲ့တာပဲဖြစ်ပါတယ်။

CD Projekt Red ရဲ့ ထုတ်ဖော်ကြေညာချက်အရ Cyberpunk 2077 ဟာ ကြိုတင်မှာယူမှုပေါင်း ၈ သန်းကျော်ရရှိခဲ့ပြီး ယင်းရဲ့ ၅၉ ရာခိုင်နှုန်းကတော့ PC အတွက် မှာယူမှုများပါ။ ဒါကြောင့် စတင်ထွက်ရှိချိန်မှာ အရေအတွက်ပေါင်း ၄.၇၂ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဒီပမာဏဟာ ယခင်က စံချိန်တင်ထားခဲ့တဲ့ World of Warcraft: Shadowlands ရဲ့ ၃.၇ သန်းကျော် အရေအတွက်ကို ကျော်လွန်နိုင်ခဲ့ပါတယ်။

Single player ဂိမ်းတစ်ခုအနေနဲ့လည်း ဒီအရေအတွက်ဟာ အလွန်များပြားလှတယ်လို့ ဆိုရမှာပါ။ Cyberpunk 2077 ဟာ စတင်ထွက်ရှိတဲ့နေ့မှာ Steam ပေါ်ကနေ ကစားသူပေါင်း တစ်သန်းကျော်အထိရှိခဲ့သလို Twitch ပေါ်မှာလည်း ကြည့်ရှုသူပေါင်း တစ်သန်းကျော် ရှိနေခဲ့ပါတယ်။

ဒါ့အပြင် CD Projekt Red ရဲ့ အခြားကြေညာချက်တစ်ခုအရ Cyberpunk 2077 ကို ဖန်တီးမှုနဲ့ ပတ်သက်တဲ့ ၈ နှစ်တာ ကုန်ကျစရိတ်အားလုံးဟာ ကြိုတင်မှာယူမှုများကနေရရှိတဲ့ရောင်းရငွေနဲ့တင် ကာမိသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ Cyberpunk 2077 မထွက်ရှိခင် ၂ ပတ်အလိုတည်းက Steam ပေါ်က ကြိုတင်မှာယူမှုများကနေ ဒေါ်လာသန်း ၅၀ ကျော် ရရှိနေပြီဖြစ်ကြောင်းကိုလည်း CD Projekt Red က ကြေညာသွားခဲ့ပါတယ်။

လက်ရှိဂိမ်မာအသိုင်းအဝိုင်းအတွင်းမှာတော့ Cyberpunk 2077 ကို ကြိုက်နှစ်သက်သူအလွန်များပြားသလို ဂိမ်းရဲ့မြင့်မားတဲ့ spec လိုအပ်ချက်နဲ့ ဂိမ်းကစားရင်းကြုံတွေ့ရလေ့ရှိတဲ့ bug အချို့ကို သဘောမကျသူများ လည်းရှိနေပါတယ်။ လတ်တလောရေပန်းစားနေတဲ့ Cyberpunk 2077 ရဲ့ ရောင်းအားသတင်းကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: pcgamer