Covid-19 ကာလတွင်း စီးပွားရေးခက်ခဲမှုဒဏ်ကြောင့် အသင်းအားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ CR4ZY

 

Dota 2, CS:GO, League of Legends, VALORANT နဲ့ Rainbow Six တို့မှာ အသင်းများ ပိုင်ဆိုင်ထားခဲ့တဲ့ ခရိုအေးရှား Esports အဖွဲ့အစည်းကြီး CR4ZY ဟာ ယခုအချိန်မှာတော့ ယင်းအသင်းများအားလုံးကို ဖျက်သိမ်းပြီး စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားများအားလုံးကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာသွားခဲ့ပါတယ်။

CR4ZY ရဲ့ ကြေညာချက်အရတော့ လက်ရှိ ​Covid-19 ကာလတွင်းက Esports ပြိုင်ပွဲလောကမှာ စီးပွားရေးနဲ့ငွေကြေးဆိုင်ရာကိစ္စများ ခက်ခဲနေပြီး အနာဂတ်မှာလည်း အဆင်ပြေလာဖို့ မသေချာတဲ့အတွက် ယခုလိုဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ CR4ZY အနေနဲ့ ယခုအချိန်က စလို့ Esports ပရောဂျက်ငယ်လေးများနဲ့ ထုတ်ကုန်များအပေါ်ကိုသာ အာရုံစိုက်ပြီး အဖွဲ့အစည်း ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ရေး အတွက် ကြိုးပမ်းသွားရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

CR4ZY LoL Team

Covid-19 ရဲ့ ရိုက်ခတ်မှုကို တစ်ကမ္ဘာလုံးက ခံစားနေကြရတဲ့ ယခုလိုအချိန်မှာ Esports လောကဟာလည်း ထိခိုက်မှုများကို ကြုံတွေ့ရလျက်ရှိပါတယ်။ လက်ရှိအချိန် ကမ္ဘာတစ်ဝှမ်းလုံးမှာ LAN ပြိုင်ပွဲများကို ပိတ်ပင်ထားတဲ့အတွက် Dota 2 အပါအဝင် Esports ဂိမ်းပေါင်းစုံဟာ ရာသီ အကူးအပြောင်း အဆုံးအဖြတ် ပြိုင်ပွဲကြီးများကို မပြုလုပ်နိုင်တော့လို့ ကစားသမားအများစုရဲ့ အနာဂတ်ဟာလည်း မသေချာ မရေရာ ဖြစ်လာရပါတယ်။

CR4ZY ရဲ့ ဥက္ကဌဖြစ်သူ Antonio Mei က “ကျွန်တော်တို့ရဲ့ ရှိသမျှလုပ်နိုင်စွမ်းအားလုံးထုတ်သုံးပြီး ဒီအခြေအနေကြီးကို ဖြေရှင်းနေရတဲ့ ယခုလိုအချိန်မှာ ကစားသမားများကို ဒုက္ ခရောက်သွားစေမယ့် အနေအထားဆီ မတွန်းပို့လိုပါဘူး။ နိုင်ငံရပ်ခြားကို စေလွှတ်ပြီး ပြိုင်ပွဲဝင်ကစားရမယ့်အချိန်မှာ ယင်းဒေသများမှာ ကြုံတွေ့ရမယ့် တိကျသေချာမှုမရှိတဲ့ lockdown များအတွင်း ကျွန်တော်တို့ရဲ့ ကစားသမားများ ပိတ်မိနေမှာကိုလည်း မလိုလားပါဘူး။”

“ယခင်ပြိုင်ပွဲကြီးများအားလုံး အွန်လိုင်းကနေ ကျင်းပလာစေဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြပေမယ့် အများစုက​တော့ regional ပွဲများအဖြစ်သာ ပြောင်းလဲသွားခဲ့ကြပါတယ်။ ဒီပွဲများအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ကစားသမားများဟာ ping အားနည်းချက်များနဲ့ အချိန်ကွာဟမှု ပြဿနာအမြောက်အများကို ရင်ဆိုင်ခဲ့ကြရပါတယ်။”

“ဒီအခက်အခဲများကို အကောင်းဆုံးကျော်လွှားခဲ့ပြီး ကျွန်တော်တို့ရဲ့ အသင်းများဟာ သိသိသာသာ တိုးတက် လာခဲ့ပါသေးတယ်။ ဒါပေမယ့် The International 10 အတွက် မတိကျ မသေချာတဲ့ ကြေညာချက်များ အပါအဝင် အခက်အခဲပေါင်းစုံကို ထပ်မံကြုံတွေ့ခဲ့ရတဲ့ ယခုအချိန်မှာတော့ အသင်းများအားလုံးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါပြီ” လို့ တရားဝင်ကြေညာချက်အတွင်းမှာ ပြောသွားခဲ့ပါတယ်။

CR4ZY Dota2 Team

Aui_2000, MoonMeander, KheZu, Bryle နဲ့ skiter တို့ ပါဝင်ဖွဲ့စည်းထားခဲ့တဲ့ CR4ZY ရဲ့ Dota 2 အသင်းဟာ မြောက်အမေရိကဆာဗာပေါ်က အွန်လိုင်းပြိုင်ပွဲများမှာ ကြိုးပမ်းယှဉ်ပြိုင်နေခဲ့ကြတာပါ။ အခက်အခဲပေါင်းစုံကြားက ယင်းတို့ဟာ ESL One Birmingham 2020 – Online: North & South America, The Great American Rivalry Season 1 Division 1 နဲ့ BTS Pro Series Season 3: Americas တို့လို ပြိုင်ပွဲများမှာ ဂရင်းဖိုင်နယ်အထိ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ယခုနှစ် မတ်လတည်းက LAN ပြိုင်ပွဲကြီးများအားလုံးကို ပိတ်သိမ်းထားခဲ့ရတဲ့ Esports လောကဟာ လက်ရှိမှာ မတည်မငြိမ်ဖြစ်ပြီး ပြဿနာပေါင်းစုံပေါ်ပေါက်လျက်ရှိပါတယ်။ CR4ZY ရဲ့ အသင်းများ ဖျက်သိမ်းသွားမှုကို Dota 2 ပရိသတ်များအတွက်ရော Esports ပရိသတ်များအတွက်ပါ ဝမ်းနည်းစရာ ကိစ္စတစ်ခုအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: vpesports