Team Secret ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းလို့ ဝန်ခံလိုက်တဲ့ Ceb

 

လက်ရှိ TI ၂ နှစ်ဆက်ချန်ပီယံ OG အသင်းရဲ့ offlane ကစားသမားဖြစ်သူ Ceb ဟာ အင်တာဗျူးများ အတွင်းမှာရော အွန်လိုင်းပေါ်မှာပါ သူ့ရဲ့အတွေးအမြင်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားလေ့ ရှိသူတစ်ဦးပါ။ Ceb ဟာ ပြိုင်ဘက်များနဲ့ ပတ်သက်လို့ အထင်ကြီးစကားပြောလေ့ရှိသူ မဟုတ်ပေမယ့် ယခုအချိန်မှာတော့ Team Secret ဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းဖြစ်နေပြီး Puppey နဲ့ သူ့ရဲ့အသင်းသားများကို အနိုင်ယူဖို့ လွန်စွာခက်ခဲကြောင်း မကြာသေးမီက ပြောသွားခဲ့ပါတယ်။

Ceb Interview with QO at ESL One Germany

Ceb ဟာ ဒီအကြောင်းကို ESL One Germany ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အင်တာဗျူး တစ်ခုအတွင်းမှာ ပြောသွားခဲ့တာပါ။ ယင်းအင်တာဗျူးအတွင်းမှာ QO က “OG အသင်းအနေနဲ့ Team Secret ကို အနိုင်ယူပြီး သင်ခန်းစာ ပေးနိုင်တော့မှာလား” လို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး Ceb က ယခုလို ပြန်လည်ဖြေကြား သွားခဲ့ပါတယ်။

“ယခုပြိုင်ပွဲအတွက် ကျွန်တော်တို့ ခါတိုင်းထက်ပိုပြီး အားစိုက်ထုတ်ထားပါတယ်။ ဒါပေမယ့် Topias (Topson) ဟာ ဖခင်တစ်ယောက်အနေနဲ့ ဘဝမှာ သာယာပျော်ရွှင်မှု အသစ်တွေ ရနေပြီ ဖြစ်လို့ သူ့ကို အနားယူချိန်လည်း ပေးရပါတယ်။ ကျွန်တော်တို့အတွက် လေ့ကျင့်ချိန် အများကြီးမရခဲ့ပါဘူး။ ဒါပေမယ့် အဆင်ပြေအောင် ကြိုးစားသွားမှာပါ။”

Topson and his daughter

“Team Secret ကို အနိုင်ယူဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် အသင်းအနေနဲ့ အခုထက် ပိုကောင်းတဲ့ အနေအထားမှာ ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး သူ့တို့အတွက် အရင်ထက် ပိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာစေမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့်လည်း Team Secret ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး Dota 2 အသင်း ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် သူတို့ကို အနိုင်ယူဖို့ လိုအပ်တာပါ။”

ယခုနှစ်အတွင်း ပြိုင်ပွဲကြီး ၈ ခုမှာ ဆက်တိုက်ဗိုလ်စွဲထားနိုင်ခဲ့တဲ့ Team Secret ဟာ ဥရောပ တစ်ခွင် မှာသာမက Dota 2 လောကတစ်ခုလုံးကိုပါ စိုးမိုးထားနိုင်ဆဲပါ။ ဧပြီလ ၂၄ ရက်နေ့က စ လို့ ယခုအချိန်ထိ Team Secret ဟာ ပွဲပေါင်း ၁၃၅ ပွဲမှာ ၁၁၇ ပွဲ အနိုင်ရရှိပြီး win rate ၈၆.၆၇ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

OGA Dota Pit Champion Team Secret

ဒါ့အပြင် Team Secret ဟာ အနိုင်ရခဲ့တဲ့ပြိုင်ပွဲ ၈ ခုလုံးရဲ့ ဂရင်းဖိုင်နယ်များမှာ ရှုံးပွဲ လုံံးဝမရှိခဲ့ပါဘူး။ Ceb ပြောသွားခဲ့တဲ့အတိုင်း လက်ရှိကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းဖြစ်နေတဲ့ Team Secret ကို အနာဂတ်မှာ OG အသင်း အပါအဝင် အခြားအသင်းတွေက ကျော်လွန်သွားနိုင်မလားဆိုတာ စိတ်ဝင်တစား ဆက်လက် စောင့်ကြည့်ကြရဦးမှာပဲဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming