Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ်

 

အမေရိကန်အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးဖြစ်သူ Alexandria Ocasio-Cortez ဟာ မကြာသေးမီက Twitch ပေါ်မှာ ချန်နယ်တစ်ခုကို ပြုလုပ်ကာ Among Us ဂိမ်းကို ကစားပြခဲ့ပါတယ်။ Ocasio-Cortez ဟာ အမေရိကန်နိုင်ငံရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများမဲပေးရေးလှုံ့ဆော်ဖို့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး ယင်း stream အတွင်းမှာ နာမည်ကြီး streamer များဖြစ်ကြတဲ့ Pokimane, HasanAbi, DisguisedToast, အခြားအမေရိကန်အမျိုးသမီးလွှတ်တော်အမတ် Ilhan Omar စ သူတို့ ပါဝင်လာခဲ့ပါတယ်။

Ilhan Omar, Pokimane & Alexandria Ocasio-Cortez

Ocasio-Cortez ရဲ့ ချန်နယ်ဟာ stream လွှင့်တာ ၂ နာရီခွဲခန့်သာ ကြာမြင့်သေးတဲ့အချိန်မှာတင် follower ပေါင်း လေးသိန်းခွဲကျော်အထိ ရရှိလာခဲ့သလို ကြည့်ရှုသူပေါင်း တစ်သန်းကျော်အထိလည်း ရရှိ လာခဲ့ပါတယ်။ သူမရဲ့ ချန်နယ်ဟာ stream မလွှင့်ရသေးခင်တည်းက follower များ လျှင်မြန်စွာ တိုးပွားနေခဲ့တာလည်း ဖြစ်ပါတယ်။

၃ နာရီခွဲခန့်ကြာမြင့်ခဲ့တဲ့ သူမရဲ့ ယင်း Among Us stream ဟာ တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံး အရေအတွက် ၄၃၉,၀၀၀ ကျော်အထိ ရရှိသွားခဲ့ပါတယ်။ ဒါဟာ Twitch ရဲ့ သက်တမ်းတစ်လျှောက် streamer များအားလုံးအနက် တတိယအများဆုံး အရေအတွက် အဖြစ်ပါ စံချိန်တင်သွားခဲ့တာ ဖြစ်ပြီး ယင်းကိုကျော်လွန်တာဆိုလို့ ပထမအများဆုံးဖြစ်တဲ့ Ninja နဲ့ Drake တို့ရဲ့ ပူးပေါင်း stream နဲ့ ဒုတိယအများဆုံးဖြစ်တဲ့ Shroud ပြန်လည်ရောက်ရှိလာချိန် လွှင့်ခဲ့တဲ့ stream တို့သာ ကျန်ပါတယ်။

Ocasio-Cortez ဟာ stream မစတင်မီ တစ်ရက်အလိုတည်းက တွစ်တာပေါ်မှာ Among Us ကစားပြမယ့်အစီအစဉ်ရှိကြောင်း ကြေညာခဲ့တာဖြစ်ပြီး သူမနဲ့အတူ ဂိမ်းအတွင်းမှာ ဘယ်သူတွေကို မြင်တွေ့ချင်လဲ ဆိုတာကိုလည်း မေးမြန်းထားခဲ့ပါတယ်။ နာမည်ကျော် streamer တစ်ဦးဖြစ်သူ Pokimane က သူမနဲ့အတူ ကစားလိုကြောင်းဖြေကြားထားခဲ့ပြီးနောက် Ocasio-Cortez က အကောင့်သစ်ပြုလုပ်ကာ stream လွှင့်ဖို့ ပစ္စည်းများပြင်ဆင်တော့မှာဖြစ်ကြောင်း ပြန်လည်ရေးသားထားခဲ့ပါတယ်။

Alexandria Ocasio-Cortez

လက်ရှိအချိန်မှာ အသက် ၃၁ နှစ်ရှိနေပြီဖြစ်ပြီး ၂၉ နှစ်အရွယ်မှာတည်းက အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး အမျိုးသမီး လွှတ်တော်အမတ် ဖြစ်လာခဲ့သူ Ocasio-Cortez ဟာ ဆိုရှယ်မီဒီယာများ ပေါ်မှာ လူအများရဲ့အာရုံစိုက်မှုကို ယခင်တည်းကရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီမိုကရက် ပါတီဝင် တစ်ဦးဖြစ်တဲ့ သူမဟာ လွှတ်တော်အမတ်မဖြစ်သေးခင်ကတော့ စားသောက်ဆိုင်များနဲ့ ဘားများမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့ရပါတယ်။

Ocasio-Cortez ရဲ့ stream ကိုတော့ www.twitch.com/aoc မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Streaming နဲ့ ဗီဒီယိုဂိမ်းတို့ရဲ့ လူကြိုက်များမှုကို အသုံးချကာ လှုံ့ဆော်မှုများပြုလုပ်လာခဲ့တဲ့ ခေတ်မီသူ အမေရိကန်အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးအကြောင်းဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: pcgamer