မြန်မာနိုင်ငံမှာ လူသိနည်းပေမယ့် ဆော့ပျော်တဲ့ Esports ဂိမ်းတစ်ခုအကြောင်း

 

“ယောင်္ကျားရေ ထမင်းစားတော့မယ်။ ဟင်းတွေကျက်ပြီ။”

အိမ်နောက်ဖေးကနေ အသံဟိန်းပြီးထွက်လာတယ်။ ခွတော့ကျတာပဲ။ အခုမှပွဲစတာက ၆ မိနစ်ခွဲရယ်။ အရှေ့ရက်ကလည်း EPC ဒုက္ခပေးမှုနဲ့ Abandon ထိထားတာ နှစ်ပွဲရှိပြီ။ ဒီနေ့ထပ်ထိရင်တော့သွားပြီပဲ။ ဒါတေ မိန်းမကိုပြောပြနေလဲနားလည်မှာကမဟုတ်တော့ ၁၀ မိနစ်လောက်ရလဲ ရကွာဆိုပြီး မကြားချင်ယောင်ဆောင်နေလိုက်တော့တယ်။

အသံကတဖြည်းဖြည်းမာလာပြီ။ ဟုတ်တော့ဟုတ်တယ်လေ။ ထမင်းစားဖို့စောင့်ရင်း ဟင်းတွေကအေးကုန်ပြီကိုး။
“ရှင်မစားရင်လဲနေတော့ လုံခြုံရေးပဲကျွေးလိုက်တော့မယ်”
“လာပါပြီကွာမိန်းမကလဲ…ခဏလေးပါဟ”

ပြောပြီးကာမှ ဖြစ်ချင်တော့ ပွဲက မိနစ်ခုနစ်ဆယ်ကြာသွားတယ်။ သိလိုက်ပါပြီ၊ တစ်ပွဲတော့သတ်ရပြီဆိုတာ။ ဒါဖြစ်လေ့ဖြစ်ထရှိတဲ့ အဖုအထစ်လေးတခုပါ။ ဘာမှတော့ အရေးမကြီးပေမယ့် ဖြစ်ပါများလာတော့၊ တစ်ယောက်ထဲထမင်းခဏခဏစားလိုက်ရတဲ့ တဖက်လူကိုအားနာလာတဲ့ခါ ငါ ဒီ Dota2 ဆော့တဲ့ကိစ္စကို တခုခုလုပ်မှရတော့မယ်ဆိုတဲ့ အတွေးဝင်လာတော့တာပဲ။

ဂိမ်းကလည်းဆော့ချင်တယ်။ competitive လည်းဖြစ်ရမယ်။ တကယ်လည်း fun ဖြစ်ရမယ်။ button meshing များများလုပ်ရင်နိုင်တာမျိုးမဟုတ်တဲ့ နက်နဲတဲ့ In game mechanics ရှိရမယ်။ အဓိက ကတော့ဗျာ match time ၄၅မိနစ် တစ်နာရီကြာတာမျိုးမဖြစ်ရဘူးပေါ့။

ရှာရင်းရှာရင်းနဲ့ လွန်ခဲ့တဲ့ လေးနှစ်လောက်က (အရှက်မရှိ) crack ဝယ်ပြီး offline ဆော့ခဲ့ဖူးတဲ့ ဂိမ်းလေးတခုကို သွားသတိရတယ်။ ပြောရရင်ဗျာ အပေါ်က criteria တွေအကုန်မိတယ်။ အဲ့တုန်းက uninstall လိုက်မိတာက အမြင်မကျယ်ခဲ့တော့ နက်နဲရှုပ်ထွေးတဲ့ gameplay ကို offline bot တွေနဲ့ပဲဆော့တဲ့ အတွေ့အကြုံနဲ့ judge လိုက်မိတာကြောင့်ပဲ။ ဒါနဲ့ပဲ အဲ့နေ့ကစပြီး ဘဝထဲကို ဒေါ်လာ ၂၀ တန် “Rocket League” ဆိုတဲ့ဂိမ်းလေးတခု ဝင်လာခဲ့တော့တာပဲ။ (အခုတော့ Epic Game Store မှာ Free Download လုပ်လို့ရသွားတဲ့အပြင် 10$ Coupon ပါ ပြန်ပေးနေပါတယ်)

ဒီ ဂိမ်းလေးကို Psyonix ကရေးတာပါ။ ဒီ developer ကိုကျနော်သိတာ မှတ်မိသလောက်ဆိုရင် ipod touch လေးပေါ်မှာ Arc Squadron ဆိုတဲ့ဂိမ်းလေးဆော့တုန်းကပဲ။ ကိုယ်ကလည်းအဲ့လိုခပ်မြန်မြန်သွားတဲ့ ခပ်သွက်သွက် game play ကိုကြိုက်တဲ့သူဆိုတော့ အဲ့ iOS ဂိမ်းလေးကို ကျောင်းသွားကျောင်းပြန် ဖယ်ရီပေါ်မှာတော်တော်ဆော့ဖြစ်တယ်။ သူ့ in game control တွေက အဲ့အချိန်ကတည်းက တော်တော်လေးမိုက်တယ်ဗျ။ responsive ဖြစ်တယ်။ စိတ်သွားတိုင်းကိုယ်ပါတယ်ပေါ့ဗျာ။ (Gradius တို့ဘာတို့ကြိုက်တတ်ရင် ပြန်ရှာဆော့ကြည့်ကြချေ) တခြားထွေထွေထူးထူး နာမည်ကြီးဂိမ်းတွေတော့ ကျနော်သိသလောက်သူတို့ဆီကမထွက်ဖူးဗျ။ အခု Google ခေါက်ကြည့်လိုက်တော့မှ ဒီဘဲတေ Rocket League မတိုင်ခင် SARP Battle Cars ဆိုပြီးအရင်ရေးခဲ့ဖူးတာသွားတွေ့တယ်။ လေ့လာမိသလောက်တော့ review တွေသိပ်မကောင်းခဲ့ပေမယ့် အခိုင်အမာရခဲ့တဲ့ loyal player base ကို support ပေးရင်း contribute လုပ်ရင်း အခုလိုသောက်သောက်လဲအောင်မြင်တဲ့ title တခုဖြစ်လာတာပဲ။

SARP Battle-Cars

ဂိမ်းရဲ့ concept ကတော့ သိပ်မဆန်းလှပါဘူး။ လူတွေဘောလုံးကန်တဲ့နေရာမှာ rocket တွေတပ်ထားတဲ့ကားတွေနဲ့ကန်ရမယ်။ ဘောလုံးကို ဂိုးထဲများများဝင်အောင် သွင်းနိုင်တဲ့အဖွဲ့ကနိုင်မယ်။ အဝါကတ်မရှိဘူး။ အနီကတ်မရှိဘူး။ ဘေးထွက်ဘောမရှိဘူး။ ဆန်းတာက ဂိမ်း control ပဲ။ ဒီဂိမ်းက ကျွမ်းကျွမ်းကျင်ကျင်ဆော့နိုင်ဖို့ဆိုရင် muscle memory လိုကိုလိုတယ်။ ပြောချင်တာကဗျာ နာရီ တစ်ရာ playtime ရှိတဲ့သူနဲ့။ နာရီတစ်ထောင်နဲ့ တူကိုမတူနိုင်ဘူး။ ဒီလိုပြောလို့ တခြားဂိမ်းတွေလည်း ဒီလိုပဲလေလို့ ပြန်ပြောစရာဖြစ်မယ်ထင်တယ်။ မဟုတ်ဘူးသယ်ရင်း။ ဒီမှာက “ပို” ကိုလိုတာ။

Rank အားလုံးပေါင်း ၇ ခုရှိတယ်။ Bronze, Silver, Gold, Platinum, Diamond, Champion နဲ့ Grand Champion။ နောက်ဆုံး တစ်ခုက pro level စစ်စစ်။ Rank တခုချင်းဆီမှာလဲ sub tier 1,2,3 ဆိုပြီးရှိတယ်။ Gold 1, Gold 2, Gold 3 ပေါ့ဗျာ။ ဥပမာ အလေ့အကျင့်မရှိတဲ့ Bronze 3 က သူတစ်ယောက် ဆော့နေကျ Platinum/Diamond လူတွေထဲသွားဆော့ရင် ဘောလုံးတောင်ထိလိုက်ရမှာမဟုတ်တဲ့ထိကို လိုတာ။ beginner luck ဆိုတာမရှိဘူး။ ပြီးတော့ rank တက်ဖို့အတွက်လဲ shortcut မရှိဘူး။ Practice, practice and practice ပဲ။ အဲ့တာကြောင့် Squishy, GarrettG, Fruity တို့လို pro player တွေကြည့်လိုက်ရင် ပက်ပက်စက်စက် ထောင်ချီတဲ့ playtime တွေကိုတွေ့လိမ့်မယ်။ ဒါပေမယ့်စိတ်မပူပါနဲ့။ Training Pack တွေအများကြီးရှိတယ်။ offensive, defensive, aerial, ball control, car control အကုန်လုံးအတွက် Online Training pack တွေရှာပြီးလေ့ကျင့်လို့ရတယ်။ အချိန်ပေးနိုင်တယ်ဆိုရင်ပေါ့။

ဂိမ်းရဲ့ကောင်းတာလေးတစ်ခုက သူ့ rank နဲ့သူပျော်ဖို့ကောင်းခြင်းပဲ။ rank နိမ့်တဲ့သူတွေဆော့ရင် ဘောလုံးကို မြေပြင်မှာ လိမ့်လိုက် ခုန်ဆွခုန်ဆွလုပ်လိုက်နဲ့ ဂိုးသွင်းကြရော။ နည်းနည်းတက်လာပြီ။ Diamond လောက်ရောက်လာပြီဆိုရင် Aerial control တွေရလာကြပြီ။ တော်တော်မြင့်တဲ့နေရာထိ rocket boost နဲ့တက်နိုင်လာပြီ။ ball pass တွေ နေရာယူတာတွေရလာကြပြီ။ Champion/Grand Champion ဆိုရင်တော့ဖြင့် ဘောလုံးမြေကြီးကိုမထိတော့တာ။ အဲ့ rank တွေမှာတော်တော်များများ player တွေဟာ air dribbling လုပ်နိုင်လောက်အောင် လက်ရဲ့ muscle memory တွေက တိကျကြတယ်။ rank တခုနဲ့တခုမှာ ဆော့တဲ့ပုံစံတွေ ဘောလုံးထိန်းတာတွေ special moves တွေကွာသွားပေမယ့် သူ့ပုံစံနဲ့သူတော့ပျော်ဖို့ကောင်းတယ်။

Dota2 နဲ့ကွာခြားတာတခုကတော့ Rocket League မှာ ပိုပြီး solo သွားလို့ရတယ်။ ဒီလိုဗျာ Standard 3vs3 Mode မှာ teammate ၂ ယောက်ကရေလည် noob ဦး။ ကိုယ်ကသောက်သောက်လဲကျွမ်းရင် individual ball control/car control နဲ့ carry သွားလို့ရတယ်။ Dota2 လောက် team work မလိုဘူးပေါ့ဗျာ။ ဒါကတော့ ကောင်းတာလားမကောင်းတာလားဆိုတာ စာဖတ်သူနဲ့ပဲပိုဆိုင်လိမ့်မယ်ထင်တယ်။

နောက်တစ်ခုကောင်းတာက toxic player နည်းတယ်။ ကျနော် rocket league ပြန်ဆော့တာ နှစ်နှစ်ကျော်ပြီ။ rank match တစ်ခုမှာ တစ်ဖက်နဲ့တစ်ဖက် sarcastic ဖြစ်ပြီး own goal ဝင်သွားရင် “ဟာ မင်းသွင်းတာလန်းလှချည်လား” ဆိုတာလောက်ပဲ လေတိုက်ကြတာဖြစ်ဖူးတယ်။ Rage quit တာ၊ ခလုတ်ကြီး လွင့်ပစ်လိုက်ရလောက်အောင် အသည်းပေါက်တာ တွေမကြုံဖူးဘူး။ မပြောတတ်ဖူး။ Rank နိမ့်လို့အားလုံးက အပျော်ဆော့ကြတာမို့လို့်လည်းနေမှာပေါ့ (လက်ရှိစာရေးသူက Diamond 1)။ နောက်ဖြစ်နိုင်တာကလဲ စာရိုက်ဖို့တော်ရုံမဖြစ်နိုင်တဲ့ gameplay ကြောင့်လည်းပါမှာပေါ့။

စကားတွေလဲရှည်နေပြီ။ ထွေထွေထူးထူးပြောမနေတော့ဘူး။ ဂိမ်းကောင်းကောင်းဆော့ချင်တယ်။ အချိန်လည်းသိပ်မပေးနိုင်ဘူး။ toxic ကင်းစင်ပြုံးပျော်ရွှင်ချင်တယ်ဆိုရင်တော့ တစ်ပွဲမှ ၅ မိနစ်ပဲကြာတဲ့ Rocket League လေးကို စမ်းကြည့်ကြပါ။ မေ့လို့ Rocket League က cross platform လဲ support ပေးတယ်နော်။ Windows, Mac OS, Linux, PS4, Xbox, Nintendo Switch ကြိုက်တာလာ အကုန်လုံးနဲ့ချိတ်ဆော့လို့ရတယ်။ ဒီမှာက သိပ်ခေတ်မစားတော့ Player နည်းနေသေးတယ်။ Community လေးတစ်ခုဖြစ်လာရင်တော့ အကောင်းဆုံးပေါ့ဗျာ။

ကဲ ကျနော်တော့ မိန်းမထမင်းမကျက်ခင်လေး ၁ ပွဲ ၂ ပွဲလောက်ပြေးဆော့လိုက်ဦးမယ်ဗျာ။ အားလုံးပဲ Happy Gaming ပါ။

-AycedBR