အနိုင်ရသူကို ဆုကြေးငွေ ဒေါ်လာ ၁၂,၀၀၀ ချီးမြှင့်ခဲ့တဲ့ Among Us Esports ပြိုင်ပွဲ

 

PC ပေါ်မှာရော မိုဘိုင်းလ်ပေါ်မှာပါ ကစားလို့ရတဲ့ Among Us ဂိမ်းဟာ ယင်းရဲ့ရိုးရှင်းလွယ်ကူမှုကြောင့် Esports ဆန်ဆန်ပြိုင်ပွဲ များပြုလုပ်လာလိမ့်မယ်လို့ ယခင်က မည်သူမှထင်မထားခဲ့ကြပါဘူး။ ဒါပေမယ့် မကြာသေးမီကတော့ Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ FaZe Clan ဟာ နာမည်ကျော် streamer များကို ခေါ်ယူကာ Among Us In-Vent-Ational ပြိုင်ပွဲကို ပြုလုပ်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၂၅,၀၀၀ အထိ ချီးမြှင့်ခဲ့လို့ လူအများအံ့အားသင့်ခဲ့ကြရပါတယ်။

ယင်းပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသွားသူကတော့ Twitch streamer တစ်ဦးဖြစ်တဲ့ Yetiapocalypse ပါ။ FaZe Clan ဟာ ယင်းပြိုင်ပွဲကို GFuel အားဖြည့်အချိုရည်ကုမ္ပဏီရဲ့ ပံ့ပိုးထောက်ပံ့မှုနဲ့အတူပြုလုပ်ခဲ့တာဖြစ်ပြီး အနိုင်ရသွားခဲ့တဲ့ Yetiapocalypse ကို ဆုကြေးငွေ ဒေါ်လာ ၁၂,၀၀၀ ပေးအပ်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်းမှာ စုစုပေါင်းကစားသမားအယောက် ၂၀ ပါဝင်ခဲ့ပြီး ၁၀ ယောက်တစ်အုပ်စုစီ စတင်ယှဉ်ပြိုင်ခဲ့ကြရတာပါ။ ယင်း ၂ အုပ်စုအနက် ထိပ်ဆုံးငါးဦးစာရင်းဝင်သူ စုစုပေါင်း ၁၀ ဦးဟာ ဖိုင်နယ်ပွဲစဉ်ကို တက်ရောက်ခွင့်ရရှိခဲ့ကြပါတယ်။

ဖိုင်နယ်ပွဲစဥ်ကို ပထမအုပ်စုကနေ ထိပ်ဆုံးငါးဦးအဖြစ် Yetiapocalypse, EasyRod, Ludwig, 5Up နဲ့ Yassuo တို့ တက်ရောက်လာနိုင်ခဲ့ကြပြီး ဒုတိယအုပ်စုကနေ Jakenbakelive, Punz, 100T Classify, Trainwreckstv နဲ့ Deansocool တို့ တက်ရောက်လာခဲ့ကြပါတယ်။ Yetiapocalypse ဟာ ဖိုင်နယ်ပွဲစဉ်မှာ imposter အဖြစ်ရော crewmate အဖြစ်ပါအနိုင်ရခဲ့တဲ့အတွက် ပြိုင်ပွဲရဲ့အမှတ်ပေးစည်းကမ်းအရ crewmate အဖြစ်သာ အနိုင်ရခဲ့တဲ့အခြားသူများအားလုံးကိုကျော်လွန်ကာ ပထမ ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

Esports ပြိုင်ပွဲတစ်ခုအဖြစ် ဆုကြေးငွေပမာဏများစွာချီးမြှင့်ခဲ့တာမို့ ပါဝင်ကစားကြသူများဟာ ဖိုင်နယ်ပွဲစဉ်အတွင်း အကြိတ်အနယ်ဆွေးနွေးပြီး ကြိုးပမ်းခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ ပထမရရှိသွားခဲ့တဲ့ Yetiapocalypse သာမက ဒုတိယရရှိခဲ့တဲ့ 5Up ဟာလည်း ဆုကြေးငွေအဖြစ် ဒေါ်လာ ၈,၀၀၀၊ တတိယနဲ့ စတုတ္ထရရှိခဲ့တဲ့ Punz နဲ့ Classify တို့ဟာလည်း ဒေါ်လာ ၂,၅၀၀ စီ အသီးသီးဆွတ်ခူးသွားခဲ့ကြပါတယ်။

ပြိုင်ပွဲကျင်းပခဲ့တဲ့ stream ဗီဒီယိုကိုတော့ FaZe Clan ရဲ့ တရားဝင် Twitch ချန်နယ်ပေါ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ ဂိမ်းလောကအတွင်း ထူးခြားစွာပြုလုပ်ခဲ့တဲ့ Among Us ပြိုင်ပွဲတစ်ခုအကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports, pcgamer