ယခုတစ်လော ရေပန်းစားနေတဲ့ Genshin Impact ဂိမ်းအကြောင်း တစ်စေ့တစ်စောင်း

 

ဂိမ်းချစ်သူပရိသတ်များ ​မျှော်လင့်စောင့်စားနေခဲ့ကြတဲ့ နာမည်ကြီး Genshin Impact ဂိမ်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တရားဝင်ထွက်ပေါ်လာခဲ့ပါတယ်။ Anime အသွင်အပြင် action role-playing ဂိမ်းတစ်ခုဖြစ်တဲ့ Genshin Impact ကို တရုတ်ဂိမ်းကုမ္ပဏီ miHoYo က ထုတ်လုပ်ဖြန့်ချိခဲ့တာဖြစ်ပြီး PC, PS4, iOS နဲ့ Android ပလက်ဖောင်းအစုံအလင်အတွက် ထွက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

MMO ဂိမ်းအမျိုးအစားအတွင်းမှာလည်း ပါဝင်တဲ့ Genshin Impact ဟာ နာမည်ကျော် Nintendo Zelda ဂိမ်းရဲ့ open-world သဘောတရားများနဲ့ လှုပ်ရှားမှုအသားပေး JRPG (Japanese role-playing game) တို့ကို ပေါင်းစပ်ပြုလုပ်ထားတာပါ။ လက်ရှိမှာ Genshin Impact ဟာ အကြီးမားဆုံး gacha RPG ဂိမ်းတစ်ခုအဖြစ်ရပ်တည်နေသလို ဒီလိုဂိမ်းမျိုးကို မိုဘိုင်းလ်နဲ့ PC ပလက်ဖောင်း ၂ ခုလုံးပေါ်မှာ cross-play ကစားနိုင်အောင် ပြုလုပ်ထားပေးခြင်းကလည်း ထူးခြားလှပါတယ်။

ဂိမ်းအတွင်းမှာ ကစားသူများဟာ မိမိတို့ရဲ့ဂိမ်းဇာတ်ကောင်များကို ထိန်းချုပ်ပြီး ကျယ်ပြန့်လှတဲ့ မြေပုံကြီး တစ်လျှောက် သွားလာလှုပ်ရှားကစားကြရမှာပါ။ Single-player ရော multiplayer ပါ ကစားနိုင်တဲ့ Genshin Impact ဂိမ်းရဲ့ မြေပုံတစ်လျှောက်မှာ စိတ်ဝင်စားစရာကောင်းတဲ့အရာဝတ္ထုများ၊ ဇာတ်ကောင်များနဲ့ နေရာများကို ​မြင်တွေ့ရမှာဖြစ်သလို story အတွင်းက quest များကို ပြုလုပ်ရင်း ကိုင်တွယ်ကစားနိုင်တဲ့ ဂိမ်းဇာတ်ကောင်များကိုလည်း ၂၄ ကောင်အထိ unlock လုပ်နိုင်ကြမှာဖြစ်ပါတယ်။

ဂိမ်းဇာတ်ကောင်တစ်ကောင်ချင်းစီမှာတော့ ယင်းတို့ရဲ့ ကိုယ်ပိုင် normal နဲ့ special skill ၂ ခုစီပါဝင်ပါတယ်။ ဂိမ်းဇာတ်ကောင်များဟာ တိုက်ခိုက်ခြင်းအပြင် မြေပုံတစ်လျှောက် လမ်းလျှောက်ခြင်း၊ ပြေးလွှားခြင်း၊ တွယ်တက်ခြင်း၊ ရေကူးခြင်းနဲ့ လေဟုန်စီးခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဂိမ်းဇာတ်ကောင် တစ်ကောင်ချင်း စီဟာ Cryo, Dendro, Pyro, Hydro, Anemo, Electro နဲ့ Geo လို့အမည်ပေးထားတဲ့ natural element ၇ ခုထဲကတစ်ခုကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။

ဂိမ်းကစားသူများဟာ ဂိမ်းဇာတ်ကောင်များဝယ်ယူဖို့အတွက် ဂိမ်းတွင်းငွေကြေးကို အသုံးပြုနိုင်သလို gacha RPG ဂိမ်းများရဲ့ထုံးစံအတိုင်း အဆင့်မြင့်လက်နက်နဲ့ ပစ္စည်းကိရိယာများကို ကျပန်း drop များကနေ ရရှိဖို့အတွက်လည်း ဝယ်ယူနိုင်ကြမှာပါ။ ဂိမ်းတွင်းမှာ ချက်ပြုတ်ခြင်းများ၊ item ရှာဖွေခြင်းများ၊ ပဟေဠိဖြေရှင်းခြင်းများ၊ daily challenge များ၊ rank များ စတာတွေလည်း စုံလင်စွာ ပါဝင်ပါတယ်။

ဂိမ်းတွင်းမှာ level အထိုက်အလျှောက်မြင့်သွားပြီဆိုရင်တော့ အခြားတွဲဖက်ကစားသူ ၄ ယောက်အထိ ဖိတ်ခေါ်ပြီး co-op ကစားနိုင်မှာပါ။ အခြားသူများနဲ့ ပူးပေါင်းပြုလုပ်တဲ့ spell နဲ့ attack များဟာ ထူးခြားတဲ့ effect အသစ်များထွက်ပေါ်လာစေမှာဖြစ်ပါတယ်။ Genshin Impact ဟာ MMO နဲ့ gacha RPG အမျိုးအစား ၂ ခုတို့ပေါင်းစပ်ထားတာဖြစ်တဲ့​အတွက် ဂိမ်းကစားချိန်ကြာမြင့်လာတာနဲ့အမျှ ဂိမ်းတွင်း ငွေကြေးပမာဏ၊ item များ၊ ပစ္စည်းကိရိယာများ စ တာတွေ ရှုပ်ထွေးများပြားလာတာကို မြင်တွေ့ကြရမှာလည်းဖြစ်ပါတယ်။

ဂိမ်းရဲ့ ဇာတ်လမ်းကိုတော့ Teyvat လို့ ခေါ်တဲ့ ကမ္ဘာကြီးအတွင်းမှာ နတ်ဘုရားများက အချို့သောသူများကို ရွေးချယ်ပြီး element များကို ထိန်းချုပ်စေနိုင်မယ့် magical gemstone များပေးအပ်ခြင်းနဲ့ စတင်ထားပါတယ်။ ကစားသူများဟာ ပျောက်ဆုံးသွားတဲ့ မွေးချင်းဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ အမျိုးသား သို့မဟုတ် အမျိုးသမီး Traveler တစ်ဦးအဖြစ် စတင်ကြရမှာပါ။ ခရီးလမ်းတစ်လျှောက်မှာ ဇာတ်ကောင်ပေါင်း များစွာကို တွေ့ကြရမှာဖြစ်သလို ဂိမ်းတွင်းကမ္ဘာကြီးရဲ့ နတ်ဘုရားများအကြောင်း နားလည်သိရှိလာစေမယ့် quest များကို လုပ်ဆောင်ကြရမှာလည်းဖြစ်ပါတယ်။

Genshin Impact ကို ကစားနိုင်ဖို့အတွက် Android 7.0 နဲ့ အထက် လိုအပ်မှာဖြစ်သလို အနည်းဆုံး RAM 3 GB နဲ့ storage အလွတ် 8 GB ခန့် ရှိဖို့လည်း လိုအပ်မှာပါ။ Apple device များအတွက်တော့ iOS 9.0 နဲ့ အထက်ရှိဖို့ လိုအပ်ပြီး storage အလွတ် 8GB ခန့် လိုအပ်မှာလည်းဖြစ်ပါတယ်။ PC အတွက် (https://genshin.mihoyo.com/m/en) ကနေ Download ရယူနိုင်ပါတယ်။ လက်ရှိမှာ ရေပန်းစားနေတဲ့ Genshin Impact ဟာ အခမဲ့ ရယူနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်တာမို့ စမ်းသပ်ကစားလိုသူများအတွက် ဖော်ပြ လိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: pcgamer, Genshin Impact wikipedia