ဂိမ်မာတွေကြားထဲမှာ လက်တလောရေပန်းစားနေတဲ့ Among Us

 

Among Us ဟာထွက်ရှိခဲ့တာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်ရောက်မှ ဆန်းထပွင့်ပြီး ဂိမ်မာတွေအကြားမှာ တော်တော်လေးကိုရေပန်းစားလာတဲ့ဂိမ်းပါ။ အမေရိကန် Indie Developer ဖြစ်တဲ့ Innersloth ရဲ့လက်ရာ Among Us ကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ iOS နဲ့ Android ပေါ်မှာဖြန့်ချိခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့မှာ Steam ကတစ်ဆင့် PC ပလက်ဖောင်းပေါ်ကိုဖြန့်ချိခဲ့ပါတယ်။

တကယ်တော့ Innersloth ဟာ လူ ၃ ယောက်တည်းနဲ့ ဖွဲ့စည်းထားတဲ့ဂိမ်းကုမ္ပဏီဖြစ်ပြီး သူတို့ကိုအောင်မြင်မှုလမ်းကြောင်းပေါ် တင်ပေးလိုက်တဲ့ Among Us မတိုင်ခင်မှာလည်း Dig2China လို့ခေါ်တဲ့ Mobile ဂိမ်းတစ်ခုကိုသာ ထုတ်လုပ်ဖြန့်ချိထားခဲ့နိုင်တာပါ။ လူအင်အားနည်းတဲ့ ဂိမ်းကုမ္ပဏီလေး ဖြစ်ပေမယ့် သူတို့ရဲ့ဆန်းသစ်တဲ့အကြံဉာဏ်တွေကြောင့်ပဲ Among Us ဟာ လက်ရှိအချိန်မှာ သန်းနဲ့ချီတဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားပြီး Twitch ရဲ့ ကြည့်ရှုသူအများဆုံးဂိမ်းစာရင်း ထိပ်ဆုံးမှာလည်းရောက်ရှိနေတာဖြစ်ပါတယ်။

Among Us ကို Steam မှာ $4.99 နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး Mobile မှာတော့ အခမဲ့ ဒေါင်းလုတ်ရယူ ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ PC နဲ့ Mobile ပလက်ဖောင်း ၂ ခုကွဲနေပေမယ့် Crossplay function ကိုထည့်သွင်းပေးထားတာကြောင့် ပလက်ဖောင်းမတူလည်း အတူတူတွဲဆော့နိုင်ဦးမှာပါ။ ဂိမ်းရဲ့ဇာတ်မြစ်ကို သိသင့်သလောက်သိသွားပြီဆိုတော့ ဘယ်လိုကစားရမလဲဆိုတာမသိသေးတဲ့သူတွေအတွက် Gameplay ပိုင်းကိုလည်း နည်းနည်းလောက်ပြောပြချင်ပါတယ်။

Gameplay

ဒီဂိမ်းမှာ ကစားသမားအနည်းဆုံး ၄ ယောက်နဲ့ အများဆုံး ၁၀ ယောက်အထိပါဝင်နိုင်မှာဖြစ်ပြီး ပါဝင်တဲ့ကစားသမားတွေအနေနဲ့ Crewmate နဲ့ Impostor ဆိုတဲ့ Identity တွေရဲ့အောက်ကနေ ဆော့ကစားရမှာပါ။ အလွယ်ပြောရမယ်ဆိုရင်တော့ Impostor ဆိုတာ လူဆိုးတွေဖြစ်ပြီးတော့ Crewmate တွေကိုလိုက်လံနှောင့်ယှက်သတ်ဖြတ်ရမှာဖြစ်ကာ လူကောင်းတွေလိုဆိုရမယ့် Crewmate တွေကတော့ ပေးထားတဲ့ Task တွေကို ပြီးမြောက်အောင်လုပ်ပြီး Impostor တွေကို ဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။

ဒီဂိမ်းထဲမှာThe Skeld, Mira HQ နဲ့ Polus ဆိုတဲ့ Map ၃ ခုရှိပြီး အဲဒီ Map တွေထဲကနေ‌ ကြိုက်ရာ Map ကိုရွေးချယ်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။ ပွဲထောင်တဲ့သူအပေါ်မူတည်ပြီး ပွဲတစ်ပွဲမှာ Impostor ၁ ဦးကနေ ၃ ဦးအထိပါဝင်လာမှာဖြစ်ပေမယ့် အများစုကတော့ ကစားသမား ၁၀ ဦးမှာ Impostor ၂ ယောက်သာ ထည့်ပြီးကစားကြလေ့ရှိပါတယ်။ Among Us ဟာ Online Multiplayer ဂိမ်းဖြစ်ပေမယ့် ဂိမ်းရဲ့အရသာကိုအပြည့်အဝခံစားချင်တယ်ဆိုရင်တော့ Online Matchmaking တွေလိုက်မဆော့ဘဲ သူငယ်ချင်းတွေအများကြီးနဲ့ Private Lobby လုပ်ဆော့တာကပိုကောင်းပါလိမ့်မယ်။

တကယ်လို့ ကိုယ်က Crewmate ကျခဲ့မယ်ဆိုရင် Impostor အားလုံးကို အာကာသယာဉ်ပေါ်ကနေကန်ချပြီး ဒါမှမဟုတ် ပေးထားတဲ့တာဝန်တွေကို Task Bar ပြည့်အောင်လုပ်ပြီး ကစားပွဲကို အနိုင်ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ Crewmate တွေအနေနဲ့ ပြုလုပ်ရမယ့်အထဲမှာ Task တစ်ခုတည်းတင်မကဘဲ Impostor တွေ Sabotage သမျှကိုလည်းလိုက်လံဖြေရှင်းရဦးမှာပါ။

Impostor ဖမ်းတဲ့နေရာမှာ အသတ်ခံထားရတဲ့အလောင်းတွေ့ရင် Report ပြုလုပ်ပြီး သတ်တဲ့ Impostor ကိုဝိုင်းဝန်းဆွေးနွေးကာ ဖော်ထုတ်နိုင်မှာဖြစ်သလို မင်္သကာတဲ့သူကိုတွေ့ရင်လည်း Emergency Meeting ခေါ်ပြီး တိုင်ပင်ဖော်ထုတ်ရမှာဖြစ်ပါတယ်။ Meeting ပြီးလို့ အများဆုံး Vote ခံရတဲ့ကစားသမားဟာ အာကာသယာဉ်ပေါ်ကနေပစ်ချခံရမှာပါ။

Impostor သာဖြစ်ခဲ့မယ်ဆိုရင်တော့ Crewmate တွေကို Impostor အရေအတွက်နဲ့ညီမျှတဲ့အထိ သတ်ဖြတ်နိုင်ခဲ့မယ်ဆိုရင် အနိုင်ရရှိမှာပါ။သတ်ဖြတ်တဲ့နေရာမှာ လွယ်ကူစေဖို့အတွက် Sabotage နဲ့ Vent ဆိုတဲ့ Ability ၂ ခုကိုလည်းထည့်ပေးထားပါသေးတယ်။ Crewmate တွေအများကြီးစုနေတယ်ဆိုရင် Sabotage နဲ့ မီးဖြတ်လိုက်တာပဲဖြစ်ဖြစ်၊ အင်ဂျင်တွေကိုဖျက်စီးလိုက်တာပဲဖြစ်ဖြစ်၊ တံခါးတွေ ပိတ်ပစ်လိုက်တာပဲဖြစ်ဖြစ် ပြလုပ်ပြီး လုစုခွဲနိုင်မှာပါ။

Impostor က O2 ဒါမှမဟုတ် Reactor တွေကို Sabotage လုပ်တာကို Crewmate တွေအချိန်မီမတုန့်ပြန်ရင် Impostor အနိုင်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနည်းနဲ့နိုင်ဖို့ကတော့ သိပ်ပြီး လွယ်ကူမှာ မဟုတ်ပါဘူး။ တကယ်လို့ Crewmate တစ်ယောက်ယောက်ကိုသတ်ပြီး အမြန်ပြေးချင်တယ်ဆိုရင်တော့ Vent ဆိုတဲ့ Ability နဲ့ နီးစပ်ရာ လေဝင်ပေါက်ထဲကနေ Map ရဲ့တခြားနေရာကို ထွက်ပြေးနိုင်ဦးမှာဖြစ်ပါတယ်။ Impostor တွေအနေနဲ့ ပိပိရိရိလုပ်ကြံနိုင်ပြီး အငြင်းလည်းသန်မယ်ဆိုရင်တော့ ကစားပွဲကိုအလွယ်တကူအနိုင်ရမှာပါ။

Among Us ဟာ ရိုးရှင်းပေမယ့်ဆွဲဆောင်မှုအားကောင်းတဲ့ Gameplay အပြင် ကစားပွဲတစ်ပွဲရဲ့ ကြာချိန်ဟာလည်း ၁၀ မိနစ်အောက်သာရှိတာမို့ ဂိမ်းကြီးတွေကိုငြီးငွေ့လာတဲ့ ဂိမ်မာတွေအကြားမှာ နာမည်ရလာတာဖြစ်ပါတယ်။ Among Us ကတော့ ယခုအချိန်မှာ တစ်ချိန်တည်းအွန်လိုင်းကစားသမား ၁.၅ သန်းကျော်ရရှိတဲ့အထိ အောင်မြင်တဲ့ဂိမ်းတစ်ခုဖြစ်လာခဲ့ပါပြီ။ အဆိုပါကစားသမားတွေထဲမှာ Steam ကနေကစားတဲ့ ကစားသမားအရေအတွက်က ၂ သိန်းဝန်းကျင်ခန့်သာပါဝင်ပြီး အခမဲ့ပေးထားတဲ့ Mobile ပလက်ဖောင်းပေါ်က ကစားသမားအရေအတွက်က ၁.၃ သန်းကျော်ပါဝင်နေပါတယ်။
Ref: pcgamer