၂၀၂၀ ခုနှစ်ရဲ့ အအောင်မြင်ဆုံး Twitch steam (၅) ခု

 

ယခုနှစ်ပိုင်းများအတွင်း ဂိမ်းနဲ့ streaming လောကဟာ တစ်ဟုန်ထိုး တိုးတက်အောင်မြင်လာနေသလို stream ကြည့်ရှုသူအရေအတွက်ဟာလည်း တစ်နေ့တစ်ခြား မြင့်တက်လာလျက်ရှိပါတယ်။ အထူးသဖြင့် ၂၀၂၀ ခုနှစ်ရဲ့ Covid-19 ကာလများအတွင်း တစ်ကမ္ဘာလုံးမှာ အပြင်မထွက်ပဲ အိမ်တွင်းအောင်းသူ အလွန်များပြားခဲ့တဲ့အတွက် နာမည်ကျော် streamer များ အား​ပေးခံရဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အထူးသဖြင့် ဂိမ်း streaming ပလက်ဖောင်းများအားလုံးရဲ့ ထိပ်ဆုံးနေရာကို ရယူထားဆဲဖြစ်တဲ့ Twitch ပေါ်မှာလည်း နာမည်ကြီး streamer များကို အားပေးမှုများနဲ့ စည်ကားနေခဲ့ပါတယ်။ ယင်းတို့ထဲမှာတော့ ထုံးစံအတိုင်း ဂိမ်မာအများစု ပါဝင်သလို အခြားနယ်ပယ်များက နာမည်ကျော်များလည်း ပါဝင်တာကို တွေ့ရပါတယ်။ ၂၀၂၀ အတွင်း အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Twitch stream ၅ ခုကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

Twitch ပေါ်ကို Shroud ပြန်လည်ရောက်ရှိလာခြင်း (သြဂုတ်လ ၁၂ ရက်နေ့)

ယခုနှစ် ဇွန်လအတွင်း Mixer ပိတ်သိမ်းသွားခဲ့ပြီးနောက် ယင်းပလက်ဖောင်းက ခေါ်ယူသွားခဲ့တဲ့ နာမည်ကျော် streamer အမြောက်အများ လွတ်လပ်သွားခဲ့ပါတယ်။ ယင်းတို့ထဲမှာ Shroud ဟာ Twitch ပေါ်ကို ယခင်အတိုင်းပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အောက်တိုဘာလအတွင်းမှာတော့ သီးသန့်စာချုပ်တစ်ခုကိုပါ ချုပ်ဆိုခဲ့ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့တည်းက Shroud ဟာ Twitch ပေါ်ကို ပြန်လာတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပြီး နောက်တစ်ရက် stream အတွင်း ကြည့်ရှုသူပေါင်း ၅ သိန်းကျော် ရရှိအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယင်းအချိန်မှာ Shroud ရဲ့ ချန်နယ်ဟာ follower ၇ သန်းအထိလည်း တိုးပွားလာခဲ့ပါတယ်။

Cr1tikal နဲ့ xQc တို့ရဲ့ Chess ယှဉ်ပြိုင်မှု (ဇွန်လ ၉ ရက်နေ့)

၂၀၂၀ ခုနှစ်အတွင်း Valorant, Fall Guys, Among Us စ တဲ့ဂိမ်းများ Twitch ပေါ်မှာ အလွန်ခေတ်စားနေပေမယ့် Chess (စစ်တုရင်) ခေတ်အစားဆုံးဖြစ်ခဲ့တဲ့အချိန်များလည်းရှိခဲ့ပါတယ်။ ယင်းတို့ထဲမှာမှ ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ PogChamps Chess ပြိုင်ပွဲအတွင်း Cr1tikal နဲ့ xQc တို့ရဲ့ ယှဉ်ပြိုင်မှုဟာ ကြည့်ရှုသူများကို အဆွဲဆောင်နိုင်ဆုံးအချိန်တစ်ချိန်ဖြစ်ခဲ့ပါတယ်။

Cr1tical နဲ့ xQc တို့ရဲ့ ယှဉ်ပြိုင်မှုကြောင့် ယင်းတစ်ရက်တည်းအတွင်း Chess ဝင်ရောက်ကြည့်ရှုသူပေါင်း သန်းနဲ့ချီပြီးရရှိခဲ့သလို ယင်းတို့ရဲ့ stream ဟာလည်း Twitch ရဲ့ ကြည့်ရှုသူအများဆုံးထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ယင်းယှဉ်ပြိုင်မှုအပြီးမှာတော့ Cr1tikal က xQc ကို အနိုင်ရရှိသွားခဲ့ပါတယ်။

Alexandria Ocasio-Cortez ရဲ့ Among Us stream (အောက်တိုဘာလ ၂၀ ရက်နေ့)

အမေရိကန်အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးဖြစ်သူ Alexandria Ocasio-Cortez ဟာ ရွေးကောက်ပွဲမတိုင်မီမှာ မဲပေးရေးလှုံ့ဆော်မှုပြုလုပ်ဖို့အတွက် Twitch ပေါ်မှာ Among Us ကစားပြခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ ဒီ stream ဟာ Twitch ရဲ့ သမိုင်းကြောင်းတစ်လျှောက် လူကြည့်အများဆုံး stream များထဲမှာ ပါဝင်သွားခဲ့ပြီး ထိုအချိန်က ယင်းကို ကျော်လွန်တာဆိုလို့ Ninja နဲ့ Drake တို့ရဲ့ ၂၀၁၈ Fortnite stream နဲ့ Twitch ပေါ်ကို Shroud ပြန်ရောက်တာတဲ့ stream တို့သာရှိခဲ့ပါတယ်။

Stream အတွင်း Alexandria Ocasio-Cortez အပြင် Pokimane, DisguisedToast, Hasan Piker စတဲ့ နာမည်ကျော် streamer အမြောက်အများလည်း ပါဝင်ခဲ့ပါတယ်။ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူပေါင်း ၄.၃ သိန်းကျော်အထိရှိခဲ့ပြီး ဒီ stream ဟာ Among Us ဂိမ်းကို အောက်တိုဘာလအတွင်း ဆက်လက်လူကြိုက်များနေအောင်လည်း ဆွဲဆောင်သွားခဲ့ပါတယ်။

Hafthor Bjornsson ရဲ့ deadlift ကမ္ဘာ့စံချိန်တင်မှတ်တမ်း (မေလ ၂ ရက်နေ့)

Games of Thrones သရုပ်ဆောင်တစ်ဦးဖြစ်သူ Haftthor Bjornsson ဟာ မေလအတွင်းမှာ ၅၀၁ ကီလို ကို deadlift မ ပြခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တင်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ Hafthor Bjofnsson ဟာ ဒီစံချိန်တင်ပွဲကို ESPN နဲ့ FOX Sports တို့လို အားကစားချန်နယ်မှာ ထုတ်လွှင့်မယ့်အစား Twitch ကို ရွေးချယ်ခဲ့တာဖြစ်ပြီး တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူအများဆုံးအရေအတွက် ၉ သောင်းကျော် ရရှိခဲ့ပါတယ်။

ထူးခြားတာကတော့ ဂိမ်းလောကနယ်ပယ်က မဟုတ်တဲ့ Haftthor Bjornsson ဟာ ဒီ deadlift စံချိန်တင်ပွဲအပြီးမှာ ဂိမ်း streamer တစ်ဦးအ​ဖြစ် ဆက်လက်ရပ်တည်ခဲ့တာပါ။ သူဟာ Twitch ပေါ်မှာ League of Legends, Warzone, Chess စတဲ့ဂိမ်းများကို ကစားပြလေ့ရှိပါတယ်။

TimTheTatman ရဲ့ Fall Guys ဂိမ်းတစ်ပွဲ ပထမဆုံးအ​ကြိမ် အနိုင်ရရှိခြင်း (သြဂုတ်လ ၁၉ ရက်နေ့)

နာမည်ကျော် streamer တစ်ဦးဖြစ်သူ TimTheTatman ဟာ Fall Guys ဂိမ်းထွက်ရှိပြီး တစ်ပတ်ကြာမြင့်သည်အထိ နိုင်ပွဲမရ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ၈ ရက်မြောက်နေ့မှာတော့ သူဟာ ပထမဆုံးအနေနဲ့ Fall Guys ဂိမ်းတစ်ပွဲကို စတင်အနိုင်ရရှိခဲ့ပြီး stream ကြည့်ရှုသူအမြောက်အများရရှိအောင်လည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီကြိုးပမ်းမှုတစ်လျှောက်မှာ TimTheTatman ဟာ ကြည့်ရှုသူပေါင်း ၃ သိန်းကျော် ရရှိခဲ့သလို Ninja, Nadeshot, CouRage တို့လို အခြားနာမည်ကျော် streamer များကလည်း ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ ဂိမ်းပွဲအနိုင်ရရှိသွားပြီးချိန်မှာတော့ သူ့ရဲ့ stream ကို တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူအရေအတွက် ၃ သိန်းခွဲနီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
source: dotesports