Spectator bug ကို အခွင့်ကောင်းယူခဲ့လို့ ပြိုင်ပွဲများကနေ ယာယီ ban ခံလိုက်ရတဲ့ CS:GO နည်းပြ (၃၇) ဦး

 

ESL, DreamHack, BLAST, WePlay အစရှိတဲ့ Esports ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်တဲ့ Esports Integrity Commission (ESIC) အဖွဲ့ကြီးဟာ ကြေညာချက်တစ်ခုကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။ ယင်းကြေညာချက် အတွင်းမှာတော့ CS:GO မှာဖြစ်ပေါ်နေခဲ့တဲ့ spectator bug ကို အသုံးပြုပြီး ပြိုင်ပွဲများမှာ အခွင့်ကောင်းယူခဲ့တဲ့ အသင်းနည်းပြ ၃၇ ဦးကို သတ်မှတ်အချိန် အတိုင်းအတာ များအထိ ban လိုက်ပြီဖြစ်ကြောင်း အဓိကပါဝင်ခဲ့ပါတယ်။

Spectator bug ဆိုတာကတော့ ယှဉ်ပြိုင်ကစားနေဆဲ CS:GO ပွဲတစ်ပွဲအတွင်း spectator အနေနဲ့ ဝင်ရောက် ကြည့်ရှုနေတဲ့ နည်းပြကို မြေပုံရဲ့တစ်စိတ်တစ်ပိုင်းလုံး အပေါ်စီးကနေ ရှင်းလင်းစွာမြင်တွေ့နေစေခဲ့တဲ့ ဂိမ်းရဲ့ အားနည်းချက်ကြီး တစ်ခုပါ။ ဒါကြောင့်လည်း နည်းပြအမြောက်အများဟာ ဒီ bug ကို အသုံးချပြီး ရန်သူရဲ့ လှုပ်ရှားမှုများ၊ အစီအစဉ်များ၊ တည်နေရာများကို ပွဲချိန်အတွင်းမှာတင် မိမိတို့ရဲ့ အသင်းသားများကို တိုက်ရိုက်သတင်းပို့ပြီး မမျှမတ ကစားစေခဲ့ကြတာဖြစ်ပါတယ်။

ယင်းနည်းပြများ စာရင်းမှာတော့ NAVI ရဲ့ CS:GO အသင်းနည်းပြ Sergey “starix” Ischuk, OG နည်းပြ Casper “ruggah” Due, BOOM နည်းပြ Alessandro “Apoka” နဲ့ FaZe နည်းပြဟောင်း Robert “⁠RobbaN⁠” Dahlström တို့လို နာမည်ကျော်များလည်း ပါဝင်ခဲ့ပါတယ်။ ESIC က သတ်မှတ်လိုက်တဲ့ နည်းပြတစ်ဦးချင်းစီအတွက် ban ခံရမယ့်ကာလများကတော့ ပြစ်ဒဏ်အလိုက် အနည်းဆုံး အချိန် ၃လခွဲကျော်ကနေ အများဆုံး ၃၆ လအထိ ကွာခြားပါတယ်။

NaVi CSGO Coach “Starix”

ဥပမာအားဖြင့် FURIA ရဲ့ နည်းပြ Nicholas “guerri” Nogueira ဟာ ECS Season 7 ရဲ့ Week 2 အတွင်း Luminosity နဲ့ တွေ့ဆုံကစားရစဉ်မှာတစ်ကြိမ်၊ Complexity နဲ့ တွေ့ဆုံကစားရစဉ်မှာတစ်ကြိမ်၊ ၂ ကြိမ်တိတိ spectator bug ကို အသုံးပြုခဲ့ကြောင်းတွေ့ရှိခဲ့ရလို့ ကြာမြင့်ချိန် ၄ လ ban ခံခဲ့ရပါတယ်။ ဒါပေမယ့် mousesports’ ရဲ့ နည်းပြ Allan “Rejin” Petersen ကတော့ ဒီ bug ကို ၇ ကြိမ်တိုင်အောင် အသုံးပြုခဲ့လို့ လပေါင်း ၂၀ အထိ ban ခံခဲ့ရပါတယ်။

မူလကတော့ MIBR အသင်းနည်းပြ Ricardo “dead” Sinigaglia, Heroic နည်းပြ Nicolai “HUNDEN” Petersen နဲ့ Hard Legion နည်းပြ Aleksandr “MechanoGun” Bogatiryev တို့ ၃ ဦးကိုသာ ban ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ spectator bug ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလာပြီး ESIC က ယခုလို ထုတ်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။

Heroic Coach “HUNDEN” and mibr Coach “dead”

ESIC ရဲ့ အဆိုအရ ယင်းတို့ဟာ HLTV.org နဲ့ ESEA တို့ရဲ့ database များထဲက ရရှိတဲ့ နမူနာပေါင်း ၉၉,၆၅၀ ရဲ့ ၂၀ ရာခိုင်နှုန်းခန့်ကို ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ ဒါပေမယ့် ယင်းတို့ စစ်ဆေးခဲ့တဲ့အပိုင်းဟာ spectator bug အသုံးပြုမှုများကို ဖော်ထုတ်ဖို့ အရေးပါဆုံးအပိုင်းဖြစ်ပြီး နမူနာအားလုံးရဲ့ ဝ.၁ ရာခိုင်နှုန်းမှာ ဒီ bug အသုံးပြုခဲ့ကြတာကို တွေ့မြင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

ESIC ဟာ နည်းပြများရဲ့ ban ကာလများကို အမျိုးအစား ၄ ခုခွဲပြီး လျော့ချထားပေးခဲ့ပါတယ်။ ယင်းတို့ကတော့

  • ESIC ရဲ့ စုံစမ်းစစ်ဆေးမှုကြေညာချက်မတိုင်မီ spectator bug အသုံးပြုကြောင်း ဝန်ခံခဲ့တဲ့နည်းပြများအတွက် ၄၀ ရာခိုင်နှုန်း ban ကာလပြစ်ဒဏ်လျော့ချမှု
  • ဝန်ခံမှုကို ESIC က အပြည့်အဝ လက်ခံခဲ့ရင် ၂၅ ရာခိုင်နှုန်း ban ကာလပြစ်ဒဏ်လျော့ချမှု
  • ဝန်ခံမှုကို ESIC က တစ်စိတ်တစ်ပိုင်းသာ လက်ခံခဲ့ရင် ၁၂.၅ ရာခိုင်နှုန်း ban ကာလပြစ်ဒဏ်လျော့ချမှု
  • စုံစမ်းစစ်ဆေးရာမှာ ပါဝင်ကူညီတဲ့ နည်းပြများအတွက် ၂၀ ရာခိုင်နှုန်း ban ကာလပြစ်ဒဏ်လျော့ချမှု တို့ပဲဖြစ်ကြပါတယ်။

Ban စာရင်းမှာ ပါဝင်လာခဲ့တဲ့ နည်းပြ ၃၇ ဦးရဲ့ အမည်များကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။


ယင်းနည်းပြများဟာ ban ကာလအတွင်းမှာ မိမိတို့ကိုင်တွယ်ထားတဲ့အသင်း ပြိုင်ပွဲမကစားမီ ၁၅ မိနစ်က စ လို့ ပွဲပြီးဆုံးချိန်အထိ အသင်းနဲ့ ဆက်သွယ်မှုဖြတ်တောက်ထားရမှာပါ။ ဒါကြောင့် ယင်းတို့အနေနဲ့ ပွဲချိန်အတွင်း အသင်းဘေးနားမှာ လူကိုယ်တိုင်ရှိနေလို့ မရသလို ဂိမ်းဆာဗာထဲကိုလည်း ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရတော့မှာဖြစ်ပါတယ်။

ဒီ ban ဟာ ESIC အသင်းဝင်များဖြစ်ကြတဲ့ ESL, DreamHack, BLAST နဲ့ WePlay တို့က ကျင်းပပြုလုပ်တဲ့ပြိုင်ပွဲအားလုံးအတွက် အကြုံးဝင်ပါတယ်။ ဒါ့အပြင် ESIC ဟာ အသင်းဝင်မဟုတ်တဲ့ အခြားပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများကိုလည်း ဒီ ban ကို လိုက်နာကြပြီး CS:GO esports လောကကို ထိန်းသိမ်းကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ spectator bug အကြောင်းကို ၂၀၁၇ အစောပိုင်းတည်းက ESIC အသင်းဝင်မဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ ကြီးကြပ်သူများက စတင်ထောက်ပြခဲ့ဖူးတယ်လို့ဆိုပါတယ်။ ESIC ကတော့ အသင်းဝင်မဟုတ်တဲ့အဖွဲ့အစည်းများအနေနဲ့ spectator bug အသုံးပြုမှုအပေါ် အရေးယူတာမျိုး ယခင်က မတွေ့ဖူးကြောင်းနဲ့ ယခုအချိန်မှာတော့ ထိုစဉ်က ထောက်ပြမှုများအပေါ် တစ်စုံတစ်ရာဝေဖန်တော့မှာ မဟုတ်ကြောင်းတို့ကိုသာ ပြောသွားခဲ့ပါတယ်။

ဒီ ban အပေါ် ကျေနပ်မှုမရှိတဲ့နည်းပြများအနေနဲ့ ESIC ရဲ့ ဥက္ကဌဖြစ်သူ Kevin Carpenter ([email protected]) ကို အကြောင်းကြားနိုင်ကြောင်း ကိုလည်း ပြောကြားခဲ့ပါသေးတယ်။ CS:GO လောကအတွင်းဖြစ်ပေါ်ခဲ့တဲ့ spectator bug ပြဿနာအကြောင်းကို သိရှိနိုင်ကြစေဖို့အတွက် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: hltv