၂၀၂၁ Dota2 ရာသီသစ် (2021 DPC) အကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တဲ့ Valve

 

Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ၂၀၂၀ အတွင်း ကျင်းပဖို့ ရည်ရွယ်ထားခဲ့တဲ့ TI10 အပါအဝင် LAN ပြိုင်ပွဲအမြောက်အများ အချိန်နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ရတာကို ပရိသတ်များ သတိထားမိခဲ့ကြပြီးဖြစ်မှာပါ။ ယခင် DPC season ဟောင်းအတွင်းက အသင်းများကို TI10 မကျင်းပပေးနိုင်ခဲ့သလို DPC season သစ်လည်း မ စတင်နိုင်ပဲ နှုတ်ဆိတ်နေခဲ့တဲ့ Valve ဟာ ယခုအချိန်မှာတော့ ဒီအကြောင်းများနဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါပြီ။

ယင်းကြေညာချက်အတွင်း Valve ဟာ ၂၀၂၁ ခုနှစ်အတွက် DPC season သစ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စတင်တော့မှာဖြစ်ကြောင်း ပါဝင်လာခဲ့ပါတယ်။ ၂၀၂၁ DPC season သစ် မှာ season အပိုင်းငယ် ၂ ခုနဲ့ major ပွဲ ၂ ခု ပါဝင်လာမှာဖြစ်ပြီး season အပိုင်းငယ် တစ်ခုချင်းဟာ ရက်သတ္တပါတ် ၆ ပတ်စီ ကြာမြင့်မှာဖြစ်ပါတယ်။

ယင်းတို့အပြီးမှာတော့ TI ဝင်ရောက်ခွင့်ရရှိမယ့်အသင်းများ ထွက်ပေါ်လာမှာဖြစ်ပြီး ကျန်အသင်းများကိုတော့ qualifier ပွဲများ ပြုလုပ်ကျင်းပကာ ဆက်လက်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ၂၀၂၀ မှာ စီစဉ်ထားခဲ့ တုန်းကအတိုင်း TI10 ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ၂၀၂၁ သြဂုတ်လအတွင်း ပြန်လည် ကျင်းပသွားမှာ ဖြစ်ကြောင်းကိုလည်း Valve က ကြေညာသွားခဲ့ပါတယ်။

Original TI10 Schedule

၂၀၂၁ DPC season အတွင်း season အပိုင်းငယ်များနဲ့ major ပွဲများအတွက် အချိန်သတ်မှတ် ထားပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Season 1 – ဇန်နဝါရီလ ၁၈ ရက်နေ့ – ဖေဖော်ဝါရီလ ၂၈ ရက်နေ့ (တရုတ်ဒေသအတွက် season 1 အလယ်မှာ ခေတ္တအနားပေးမှာဖြစ်လို့ မတ်လ ၁၄ ရက်နေ့မှ ပြီးဆုံးမည်)

Major 1 – မတ်လ ၂၅ ရက်နေ့ – ဧပြီလ ၄ ရက်နေ့

Season 2 – ဧပြီလ ၁၃ ရက်နေ့ – မေလ ၂၃ ရက်နေ့

Major 2 – ဇွန်လ ၂ ရက်နေ့ – ဇွန်လ ၁၃ ရက်နေ့

ပြီးခဲ့တဲ့ DPC season ဟောင်းအတွင်းက အသင်းများဟာ ယခုအချိန်မှာ ကစားသမားအပြောင်းအလဲများ ပြုလုပ်ခဲ့ကြပြီးဖြစ်သလို စွမ်းဆောင်ရည်များလည်း ယခင်နဲ့ ကွာခြားနေကြပြီဖြစ်လို့ DPC point ဟောင်းများကို season သစ်ဆီ သယ်ဆောင်သွားတော့မှာ မဟုတ်ကြောင်း Valve က ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် season ဟောင်းအတွင်း ဒေသတစ်ခုချင်းစီမှာ ထိပ်ဆုံး ၄ နေရာရရှိခဲ့တဲ့အသင်းများကတော့ လာမယ့် season 1 လိဂ်ပြိုင်ပွဲရဲ့ upper division ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိကြမှာဖြစ်ပြီး ကျန်အသင်းများကတော့ qualifier ပွဲများကနေ စတင်ကစားကြရမှာဖြစ်ပါတယ်။

Season 1 လိဂ်ပြိုင်ပွဲများအပြီးမှာ upper division များအတွင်းက ထိပ်ဆုံးအသင်းများဟာ major 1 ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကြမှာပါ။ Major 1 ပြိုင်ပွဲကို ဒေသအသီးသီးကနေ ဝင်ရောက်ခွင့်ရရှိမယ့် အသင်းအရေအတွက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဥရောပ – ထိပ်ဆုံး ၄ သင်း

တရုတ် – ထိပ်ဆုံး ၄ သင်း

အရှေ့တောင်အာရှ – ထိပ်ဆုံး ၃ သင်း

CIS – ထိပ်ဆုံး ၃ သင်း

မြောက်အမေရိက – ထိပ်ဆုံး ၂ သင်း

တောင်အမေရိက – ထိပ်ဆုံး ၂ သင်း

လိဂ်ပြိုင်ပွဲရဲ့ upper division က အောက်ဆုံးအသင်း ၂ သင်းဟာ lower division ကို ဆင်းကြရမှာဖြစ်ပြီး lower division က ထိပ်ဆုံး ၂ သင်းကတော့ upper division ကို တက်ရောက်ခွင့်ရရှိကြမှာပါ။ Lower division ရဲ့ အောက်ဆုံး ၂ သင်းဟာ လိဂ်ကနေ ထွက်ခွာသွားကြရမှာဖြစ်ပြီး လာမယ့် season အတွက် လစ်လပ်သွားတဲ့နေရာများကို open qualifier များနဲ့ ပြန်လည်ရွေးချယ်သွားမှာဖြစ်ပါတယ်။ လိဂ်ပြိုင်ပွဲများအတွက် အချိန်စာရင်းများကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

ယခု ၂၀၂၁ DPC season မှာ Valve ဟာ လိဂ်နဲ့ major ပွဲများကို တိုက်ရိုက်ကိုင်တွယ်တော့မှာ မဟုတ်ပဲ အခြားပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများထံ လုပ်ပိုင်ခွင့်များ ပေးအပ်ထားကြောင်းကိုလည်း ကြေညာသွားခဲ့ပါတယ်။ ဒေသအသီးသီးအတွက် ပြိုင်ပွဲများကို ဦးဆောင်ကျင်းပသွားမယ့် ယင်းအဖွဲ့အစည်း များကတော့

ဥရောပ – Dreamhack

CIS – ESL

တရုတ် – Perfect World

အရှေ့တောင်အာရှ – PGL

မြောက်အမေရိက – BTS

တောင်အမေရိက – Dotapit တို့ပဲ ဖြစ်ကြပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ ထွက်ပေါ်လာမယ့် Dota 2 update အတွင်း DPC အသင်းများရဲ့ ယှဉ်ပြိုင်နေမှုများ၊ အချိန်ဇယားများ၊ ပြိုင်ပွဲဆိုင်ရာအချက်အလက်များ စ တာတွေ ပါဝင်လာတော့မှာဖြစ်သလို ပရိသတ်များအနေနဲ့ မိမိတို့ နှစ်သက်ရာအသင်းရဲ့ Fan Support bundle များကို ဝယ်ယူ အားပေးနိုင်ကြတော့မှာဖြစ်ကြောင်းလည်း Valve က ကြေညာသွားခဲ့ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dota 2 blog